ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တချို့မှာ တိုင်းစစ်ဌာနချုပ်လက်အောက်ခံ စရဖအဖွဲ့တွေက လူနေအိမ်၊ စစ်ဆေးရေးဂိတ်နဲ့ အလုပ်ရုံ စက်ရုံတွေမှာ နိုင်ငံရေးနဲ့ဆက်နွှယ်တဲ့ လူငယ်တွေကို ရှာဖွေဖမ်းဆီးလာတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မင်္ဂလာဒုံမြိုနယ် အမှတ် ၃ လမ်းဆုံ စစ်ဆေးရေးဂိတ်မှာ စက်တင်ဘာ ၂ ရက် နေ့လယ် ၁၂ နာရီက မြတ်မင်္ဂလာ ခရီးသည်တင်ယာဥ်ပေါ်မှာ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတယောက်ကို စစ်တပ်နဲ့ စရဖအဖွဲ့တွေက ဖမ်းဆီးခဲ့တယ်လို့ ယာဥ်လိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“ကောင်မလေးက ဒဂုံဆိပ်ကမ်းက မန္တလေးကနေ စီးလာတဲ့ ခရီးသည်၊ ၃ လမ်းဆုံမှာ စစ်တပ်နဲ့ စရဖအဖွဲ့က ဖုန်းကိုစစ်ပြီး ခေါ်သွားတာ၊ ဘယ်ကိုခေါ်သွားလဲတော့ မသိဘူး။”
ရွှေပြည်သာမြို့နယ်၊ အုတ်ဖိုကျေးရွာအုပ်စု၊ ဘုံရှည်ကုန်းကျေးရွာမှာလည်း စက်တင်ဘာ ၁ ရက် နေ့လယ်က Ve Ve အချိုရည်စက်ရုံဝန်ထမ်း အမျိုးသားတယောက်ကို စစ်တပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့ပြီး လှော်ကားရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ ဝန်ထမ်းတယောက်က ပြောပါတယ်။
“ဖုန်းကိုယူစစ်ပြီး ဖမ်းသွားတာ၊ အခု လှော်ကားရဲစခန်းမှာ ဖမ်းထားတယ်။ ပုဒ်မ ၅၀၅(က) နဲ့ ကနဦး အမှုဖွင့်ထားတယ်။”
ရန်ကုန်တိုင်းအတွင်းရှိ စစ်တပ်နဲ့ စရဖအဖွဲ့တွေက ဖမ်းဆီးရမိသူတွေကို စစ်ကြောရေးမှာ စစ်ဆေးပြီးမှသာ ရဲစခန်းမှာ အမှုဖွင့်တာလို့ တိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“စစ်တပ်က ဖမ်းရင် ရဲစခန်းမပို့ဘူး၊ စစ်ကြောရေးကို တန်းပြီးခေါ်တာ၊ စစ်ကြောရေးမှာ ဘယ်လောက်ကြာကြာ အဲ့မှာစစ်ဆေးပြီးမှ ရဲစခန်းမှာ အမှုလာဖွင့်တာ။”
ရန်ကုန်တိုင်းမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ PDF ထောက်ပို့အဖွဲ့ဝင်တွေကို ရှာဖွေဖမ်းဆီး စစ်ဆေးဖို့ တာဝန်ယူသူတွေမှာ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်ထွန်းထွန်းဦးအဖွဲ့ ဖြစ်ပါတယ်။