မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့ အရှေ့ဘက်မှာရှိတဲ့ စစ်ကောင်စီ အထိုင်စခန်းတခုကို ပြည်သူ့ကာကွယ်ရေးတပ်က စက်တင်ဘာ ၁၁ ရက် မနက် ၈ နာရီက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မြိုင်မြို့ ဒေသခံတွေက ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲဖြစ်ပွားချိန်ဟာ မနက် ၁၀ နာရီမှ နေ့လယ် ၂ နာရီအထိ ဖြစ်ပွားခဲ့တာလို့လည်း သိရပါတယ်။
မြိုင်မြို့ခံတယောက်က “တိုက်ပွဲဖြစ်တဲ့နေရာနဲ့ နီးတဲ့ ပြည်သူတွေကတော့ လုံခြုံတဲ့နေရာကို ပြောင်းကြရတယ်။ ကျည်ဆန်တွေကလည်း အိမ်တွေအပေါ်ထိ ကျတယ်။ လူထိခိုက်မှုတော့ မရှိခဲ့ဘူး” လို့ ပြောပါတယ်။
အခုတိုက်ခိုက်မှုကို ပခုက္ကူခရိုင် အမှတ် ၁၅ ကျားသစ်နက်တပ်ရင်း၊ နဂါးနီ (ပ.က.ဖ မြိုင်)၊ အညာသားလေး လက်နက်ကြီးအဖွဲ့၊ ကိုဘာဂျာဒရုန်းတပ်ဖွဲ့နဲ့ လက်နက်ငယ်အဖွဲ့၊ နယ်မြေခံ LPDF တွေနဲ့ တိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။
ပခုက္ကူခရိုင် တပ်ရင်း ၁၅ ကျားသစ်နက်အဖွဲ့ တာဝန်ရှိသူ ဗိုလ်ခလေးက “သူတို့က မြိုင်မြို့အရှေ့ဘက် နှစ်ထပ်တိုက်မှာ အထိုင်ချထားတာကို ကျနော်တို့ သွားတိုက်ခိုက်ခဲ့တာပါ။ ကျေနာ်တို့ဘက်က အင်အား ၁၀၀ ခန့်နဲ့အတူ လက်နက်ကြီး၊ လက်နက်ငယ်၊ RC plane တို့နဲ့ တိုက်ခိုက်ခဲ့တာဗျ။ စကစဘက်မှ ၄ ဦး ထိခိုက်ဒဏ်ရာရတယ်။ ကျနော်တို့ဘက်ကတော့ အထိအခိုက်မရှိဘူး” လို့ DVB ကို ပြောပါတယ်။
မကွေးတိုင်း၊ မြိုင်မြို့ကို PDF တွေက ထောက်ကင်းတွေနဲ့ ဝိုင်းဝန်းပိတ်ဆို့ထားပြီး မြို့ပေါ်ရှိ စစ်ကောင်စီအထိုင်ချစခန်းတွေကို မကြာခဏ လာရောက်တိုက်ခိုက်နေတဲ့အပြင် ကင်းစောင့်နေတဲ့ စစ်သားတွေကိုလည်း စနိုက်ပါနဲ့ ပစ်ခတ်ခံရမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။