စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ရေတာရှည်မြို့နယ်အတွင်းမှာ စက်တင်ဘာ ၁၃ ရက်နေ့ မနက် ၉ နာရီဝန်းကျင်က ရေဘေးသင့်ဒေသခံတွေကို ကူညီပေးနေတဲ့ နေပြည်တော်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း ၉၀၁ က ရဲဘော် ၂ ယောက် ရေစီးနဲ့မျောပါ ပျောက်ဆုံးခဲ့တယ်လို့ သိရပါတယ်။
ရေစီးနဲ့မျောပါသွားတဲ့ ရဲဘော်တွေဟာ အသက် ၂၀ ဝန်းကျင်ဖြစ်ပြီး ရဲဘော် အီးဂဲလ်နဲ့ ရဲဘော်အငယ်ကောင်တို့ဖြစ်တယ်လို့ နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း ၉၀၁၊ တပ်ရင်းမှူး ဇင်ယော်က ပြောပါတယ်။
“ကယ်ဆယ်ရေးလုပ်ရင်း အချင်းချင်း အသက်ကယ်ကြိုးနဲ့ ဖောင်နဲ့ပေါ့။ ဖောင်ကနေ ရေစီးအားကြောင့် ပြုတ်ထွက်ပြီး သူတို့နှစ်ယောက်စလုံး ရေစီးနောက်မျောသွားတာပါ။ ရဲဘော်အငယ်ကောင်က ရေစီးနဲ့မျောပြီး အောက်ဘက်က ရွာတရွာမှာ သွားတင်နေတာ။ ကျနော်တို့ရှာဖွေရေးအဖွဲ့နဲ့ သွားတွေ့လို့ စက်လှေနဲ့ပြန်ခေါ်ခဲ့တာ” လို့ ပြောပါတယ်။
ရဲဘော် အငယ်ကောင်ကို ရေစီးနဲ့မျောပါပြီး တနာရီအကြာမှာ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပေမယ့် ရဲဘော် အီးဂဲလ်ကိုတော့ အခုအချိန်ထိ ရှာမတွေ့သေးတာကြောင့် ရှာဖွေမှုတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ တာဝန်ရှိသူက ဆက်ပြောပါတယ်။
“ပျောက်ဆုံးနေတဲ့ ရဲဘော်အီးဂဲလ်ကတော့ ကျဆုံးဖို့များတယ်လို့ ကျနော်တို့ သုံးသပ်တယ်။ ဒါပေမယ့် ရှာဖွေမှုကိုတော့ အခုမနက်အထိလုပ်နေပါတယ်” လို့ပြောပါတယ်။
ပြန်လည်ရှာဖွေတွေ့ရှိလာတဲ့ ရဲဘော်အငယ်ကောင်ဟာ လက်ရှိအချိန်မှာတော့ ကျန်းမာရေး ကောင်းမွန်တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၁၁ ရက်နေ့ကလည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်မှာ လေ့ကျင့်သင်ခန်းစာ ပြုလုပ်နေတဲ့ သင်တန်းသား ၁၈ ယောက် ချောင်းကိုဖြတ်ကျော်ရင်း ရေစီးနဲ့မျောပါပြီး အသက်ဆုံးရှုံးခဲ့ရပါသေးတယ်။