Home
မြန်မာသတင်း
ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်တွင် နှစ်ပေါင်း ၈၀ အတွင်း အဆိုးရွားဆုံးရေဘေးကြုံ၊ ထိုင်းဝန်ကြီးချုပ် ကွင်းဆင်းကူညီပေး 
DVB
·
September 13, 2024
Photo Crd-DDPM

ထိုင်း-မြန်မာနယ်စပ်၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့နယ်မှာ နှစ်ပေါင်း ၈၀ အတွင်း ရေကြီးရေလျှံမှု အဆိုးရွားဆုံးခံနေရပြီး စက်တင်ဘာ ၁၃ ရက် ဒီကနေ့ မနက်ပိုင်းမှာတော့ ဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ်နဲ့ အစိုးရဝန်ကြီးများအဖွဲ့ လာရောက်စစ်ဆေး အကူအညီတွေ ပေးခဲ့ပါတယ်။

မယ်ဆိုင်ကို ကွင်းဆင်းစစ်ဆေးခြင်းမပြုမီ ဝန်ကြီးချုပ်နဲ့ အစိုးရဝန်ကြီးတွေ ပါဝင်တဲ့အဖွဲ့ဟာ ယမန်နေ့ညက အွန်လိုင်းကနေတဆင့် ရေကြီးမှုကြုံတွေ့နေရတဲ့ ခရိုင်အသီးသီးမှ တာဝန်ရှိသူတွေ နဲ့ အရေးပေါ် အစည်းအဝေး ကျင်းပခဲ့ပါတယ်။

ဝန်ကြီးချုပ် ဖဲထောင်းထန်းက အခုလက်ရှိကြုံတွေ့နေရတဲ့ ရေဘေးအပေါ်မှာ အစိုးရအနေနဲ့ မဆိုင်းမတွ ဖြေရှင်းနေကြောင်း၊ ဒီပြဿနာဟာ လူတိုင်းရဲ့ပြဿနာဖြစ်ပြီး ကူညီကယ်ဆယ်ရေးနဲ့ ပုံမှန်အခြေအနေ ပြန်ရောက်ရှိရေးအတွက် အဖွဲ့ပေါင်းစုံက ဝိုင်းဝန်းဆောင်ရွက်ရမှာ ဖြစ်တယ်၊ ရေဘေးသင့်ပြည်သူတွေ ထောက်ပံ့ရေး၊ ကယ်ဆယ်ရေး ရန်ပုံငွေ လုံလောက်စွာရှိတယ်လို့ ပြောပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာန အတွင်းဝန် နိုင်းဆုထိဖုန်း ဂျွန်လကျရွန်းကလည်း ရေကြီးတဲ့ နေရာတွေ ကိုယ်တိုင်ကွင်းဆင်းတွေ့ရှိခဲ့ရတာတွေနဲ့ ပတ်သက်ပြီး ပြန်လည်ရှင်းလင်းရာမှာ မယ်ဆိုင်မှာ ပြီးခဲ့တဲ့ ဩဂုတ်လကစ ခုတကြိမ်ပါဆိုရင် ရေကြီးတာ ၈ ကြိမ်ရှိသွားပြီ၊ ခုတခေါက်က အဆိုးရွားဆုံး၊ နှစ်ပေါင်း ၈၀ အတွင်းမှာ အဆိုးရွားဆုံးရေကြီးမှု ဖြစ်တယ်၊ ရေကြီးရတဲ့ အကြောင်းရင်း အဓိကအချက်ကြီး ၂ ချက်မှာ မိုးသည်းထန်စွာ ၇ ကြိမ် ရွာသွန်းခဲ့တယ်၊ ယာဂီမုန်တိုင်းရဲ့အရှိန်ကြောင့်လည်း ဖြစ်တယ်လို့ ပြောသွားပါတယ်။

ဒီကနေ့မနက် မယ်ဆိုင်ကိုရောက်တော့ ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဟာ ထိုင်း-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားက မယ်ဆိုင်ချောင်းရေ အခြေအနေကို ဦးစွာစစ်ဆေးခဲ့ပါတယ်။ မယ်ဆိုင်မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေက မယ်ဆိုင်မြို့နယ်ထဲ ရေတွေ ဝင်ရောက်လာပုံ၊ ရေလွှမ်းမိုးတဲ့နယ်မြေ၊ ကူညီကယ်ဆယ်ရေးအခြေအနေ၊ ရေကျပြီးနောက် နယ်မြေရှင်းလင်းရေး အခြေအနေတွေ တင်ပြခဲ့ပါတယ်။

ရေစကြီးတဲ့ စက်တင်ဘာ ၁၀ ရက်ကနေ ၁၂ ရက်အတွင်း တချို့နေရာမှာ ရေစီးအလွန်သန်တဲ့ အတွက် ရေထဲပိတ်မိနေသူတွေ ချက်ချင်းမကယ်ထုတ်နိုင်ခဲ့ဘူး၊ လက်ရှိမှာတော့ အသက်ကယ်လှေ၊ ဂျက်စကီးလှေနဲ့ရော ရဟတ်ယာဉ်နဲ့ပါ  ရေထဲပိတ်မိနေသူပေါင်း ၇၀၄ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ပြီ၊ နောက်ထပ် ၃၀၀ ကျော် ကျန်သေးတယ်၊ သူတို့ကိုလည်း ဒီကနေ့မှာ အားလုံးကယ်ထုတ်နိုင်မယ်လို့ မျှော်လင့်ကြောင်း မြို့နယ်မှူးက ပြောပါတယ်။

လှေနဲ့ အစာရေစာသွားမပို့နိုင်တဲ့ နယ်မြေတွေကိုတော့ ကြည်းတပ်၊ လေတပ်၊ ရဲတပ်ဖွဲ့က ရဟတ်ယာဉ် ၅ စီးနဲ့ ဝေဟင်ပေါ်ကနေ ချပေးခဲ့တယ်၊ ရေနဲ့ အစားအစာတွေကို ခြင်းထဲထည့်ပြီး ကြိုးနဲ့ချပေးတယ်၊ အောက်ကလူတွေက အနီရောင်၊ လိမ္မောရောင် ပိတ်စတွေ လွှင့်ထူပြီး အကူအညီလိုအပ်ကြောင်း အချက်ပြတယ်၊ မနေ့အထိ တစုံကို ရေ၊ အစားအစာနဲ့ ဆေးဝါးပါ ခြင်းပေါင်း ၂,၄၀၀ ကို ဝေဟင်ကနေ ချပေးခဲ့တယ်၊ ရဟတ်ယာဉ်၊ လေထီးနဲ့ ပြည်သူ ၃၈ ယောက် ကယ်ဆယ်ခဲ့တယ်လို့ ပြောသွားပါတယ်။

ဝန်ကြီးချုပ်ကလည်း ရေဘေးကယ်ဆယ်ရေးမှာ တက်ကြွစွာကူညီခဲ့ကြတဲ့ အဘက်ဘက်က တာဝန်ရှိသူတွေ၊ ဖောင်ဒေးရှင်းအသီးသီးမှ ကယ်ဆယ်ရေးအဖွဲ့တွေ၊ စေတနာ့ဝန်ထမ်း အားလုံးကို ကျေးဇူးတင်ကြောင်း ပြောဆိုပြီး ပြည်သူတွေကိုလည်း ပုံမှန်နေ့စဉ်ဘဝ ပြန်လည်နေထိုင်နိုင်ရေး အစိုးရအနေနဲ့ အလျင်အမြန် ဆောင်ရွက်နေတယ်လို့ အားပေးစကား ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၆ မှ စက်တင်ဘာ ၁၃ ရက်ထိ ချင်းရိုင်းခရိုင် မယ်ဆိုင်၊ မယ်ဖာ့လုန်၊ ကျိန်းဆဲန်၊ ကျိန်းခေါင်၊ မယ့်ကျန်း၊ ချင်းရိုင်းစတဲ့ မြို့နယ် ၆ ခုမှာ ရေကြီးရေလျှံဖြစ်ပွားပြီး ၂၄ အုပ်စု ၁၂၃   ရပ်ကွက်/ကျေးရွာက အိမ်ထောင်စုပေါင်း ၄၅၃၂၉ စု ရေဘေးသင့်ပြီး ပြည်သူ ၄ ယောက် သေဆုံး၊ ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ခရိုင်သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။

Source:   The Reporters / CH3 TV News / DDPM 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013