ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ်ဟာ အာဆီယံခေါင်းဆောင်တွေနဲ့ နိုင်ငံတကာမှ မိတ်ဖက်ခေါင်းဆောင်တွေကို သူ့ရဲ့ ခေါင်းဆောင်မှုစွမ်းရည်နဲ့ ပတ်သက်လို့ ထုတ်ဖော်ပြသနိုင်မယ့် အထူးအခွင့်အလမ်းတရပ် ရှိနေပါတယ်။
လာမယ့် အောက်တိုဘာလ ၉ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ လာအိုနိုင်ငံ၊ ဗီယန်ကျင်းမှာ ကျင်းပသွားမယ့် ၄၄ ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲ အပါအဝင် အာဆီယံ ဆက်စပ်အစည်းအဝေး ၂၁ ခုဟာ သူ့အတွက် နိုင်ငံတကာစင်မြင့်ထက်မှာ ပထမဆုံး ပွဲဦးထွက်အနေနဲ့ လျှောက်လှမ်းနိုင်မယ့် အခွင့်အလမ်း ဖြစ်ပါတယ်။
အဲဒီအစည်းအဝေးတွေမှာ သူဘယ်လိုကိုင်တွယ် ဆောင်ရွက်သွားမလဲ ဆိုတဲ့အချက်ဟာ သူ့ရဲ့ ခေါင်းဆောင်မှုနဲ့ပတ်သက်တဲ့ လူတွေရဲ့ ထင်မြင်ယူဆချက်တွေအပေါ် သိသာထင်ရှားတဲ့ သက်ရောက်မှုတွေ ရှိလာနိုင်ပြီး ဒါဟာ တကယ့်ကို ကြီးလေးတဲ့တာဝန်တခုလည်း ဖြစ်ပါတယ်။
ဖဲထောင်းထန်းဟာ သူ့အစိုးရရဲ့ မူဝါဒရေးရာမိန့်ခွန်းကို အခုသီတင်းပတ်အတွင်း လွှတ်တော်မှာ ပြောကြားပြီးတဲ့နောက် အခု စက်တင်ဘာလကုန်မှာ အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်မှာ ကျင်းပသွားမယ့် ကုလသမဂ္ဂ ထိပ်သီးအစည်းအဝေးကို တက်ရောက်သွားဖို့ ကနဦးက စီစဉ်ထားခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ အဲဒီခရီးစဉ်ကို ဖျက်သိမ်းခဲ့ပြီး အခြား ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ သီးခြားစီ တွေ့ဆုံသွားမယ့် အစီအစဉ်တွေကိုလည်း ပယ်ဖျက်ခဲ့တာ ဖြစ်ပါတယ်။
လာအိုနိုင်ငံ၊ ဗီယန်ကျင်းမှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ အာဆီယံ ခေါင်းဆောင်တွေဟာ လက်ရှိ ရှိရင်းစွဲနဲ့ နောက်ထပ် ထွက်ပေါ်လာမယ့် စိန်ခေါ်မှုတွေနဲ့ ပတ်သက်လို့ ဆွေးနွေးစရာတွေ များစွာရှိနေနိုင်တဲ့အတွက် မစ္စ ဖဲထောင်းထန်းရဲ့ နိုင်ငံခြားရေးရာမူဝါဒ အကြံပေးပုဂ္ဂိုလ်တွေအနေနဲ့ အသေးစိတ် ပြင်ဆင်သွားရဖို့ ရှိနေပါတယ်။
အချိန်အနည်းငယ်အတွင်းမှာ အရေးကြီးတဲ့ အစည်းအဝေးတွေ များစွာရှိနေတဲ့အချက်က ဖဲထောင်းထန်းအဖို့ စိန်ခေါ်မှုတခု ဖြစ်နိုင်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဝန်ကြီးချုပ်သစ် ဖြစ်လာတဲ့ ဖဲထောင်းထန်းဟာ အောက်တိုဘာလ ၉ ရက်နေ့မှာ အာဆီယံခေါင်းဆောင်တွေနဲ့ ၃ နာရီကြာ တွေ့ဆုံသွားရမှာပါ။ ပထမပိုင်း မိနစ် ၉၀ ဟာ အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားဖြစ်ပြီး ခေါင်းဆောင်တွေဟာ ကြိုတင်ပြင်ဆင်လာတဲ့ မိန့်ခွန်းတွေ အသီးသီး ပြောကြားကြမှာ ဖြစ်တဲ့အတွက် သူ့အတွက်လည်း အခက်အခဲမရှိတဲ့အရာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဖွင့်ပွဲအပြီး ခဏတာနားနေချိန်ပြီးတဲ့နောက် ကျန်ရှိနေတဲ့ မိနစ် ၉၀ အတွင်းမှာတော့ အရေးပါဆုံး အစည်းအဝေးတွေ ဆက်လက်ကျင်းပသွားဖို့ ရှိနေပြီး မစ္စ ဖဲထောင်းထန်းဟာ ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet ကလွဲလို့ သူနဲ့ အသက်အရွယ်အားဖြင့် များစွာကွာဟ ကြီးရင့်တဲ့ စီနီယာခေါင်းဆောင်ကြီးတွေနဲ့ သီးခြားစီ တွေ့ဆုံဆွေးနွေးသွားရဖို့ ရှိနေပါတယ်။
နောက်ထပ် အရေးကြီးတဲ့ အစည်းအဝေးကတော့ နောက်ဆုံးနေ့ဖြစ်တဲ့ အောက်တိုဘာလ ၁၁ ရက်နေ့မှာ ကျင်းပသွားမယ့် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲဖြစ်ပြီး ဒီအစည်းအဝေးမှာတော့ အာဆီယံခေါင်းဆောင်တွေအပြင် တရုတ်၊ အမေရိကန်၊ ရုရှား၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျနဲ့ နယူးဇီလန်တို့လို အခြားကမ္ဘာ့အင်အားကြီး နိုင်ငံတွေက ခေါင်းဆောင်တွေပါ တက်ရောက်သွားမှာဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စရပ်များ ကိုင်တွယ်ဖြေရှင်းရေးကို ဆွေးနွေး အဖြေရှာသွားကြမှာ ဖြစ်ပါတယ်။
ဖဲထောင်းထန်းအနေနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ ထင်မြင်သုံးသပ်ချက်တွေအပေါ် တုံ့ပြန်ဆွေးနွေး ပြောကြားလိုတဲ့ အချက်တွေ ရှိတယ်ဆိုရင်တော့ အလုံးစုံ ဆွေးနွေးမှုတွေမှာ မဖြစ်မနေ ပါဝင်ဆွေးနွေးသွားရမှာပါ။
ဒီနေရာမှာ ပြည်တွင်းနိုင်ငံရေး အခင်းအကျင်းနဲ့ မတူတဲ့အချက်က မစ္စဖဲထောင်းထန်းအနေနဲ့ ပြည်တွင်းမှာတော့ ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ နောက်ဆက်တွဲ ရိုက်ခတ်မှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်စရာ သိပ်မလိုဘဲ လွတ်လပ်စွာ အားမာန်အပြည့်နဲ့ ပြောဆိုလို့ရနိုင်ပေမဲ့ ဗီယန်ကျင်းမှာတော့ အထူးသဖြင့် အင်္ဂလိပ်လို ပြောဆိုသွားရမှာဖြစ်တဲ့အတွက် စကားလုံးတိုင်းကို အသေအချာ ချိန်ဆပြီး စိစစ်ရွေးချယ် ပြောဆိုသွားရမှာ ဖြစ်ပါတယ်။
နောက်ပြီး ဝန်ကြီးချုပ်ဟောင်းတွေဖြစ်တဲ့ ဖခင်ဖြစ်သူ သက်ဆင်နဲ့ အဒေါ်ဖြစ်သူ ယင်လတ် ရှင်နာဝပ်တို့ ပြုလုပ်ခဲ့တဲ့ တူညီတဲ့အမှားမျိုးတွေ မပြုလုပ်မိအောင်လည်း အထူးသတိထားရမှာပါ။ သက်ဆင်နဲ့ ယင်လတ်တို့ဟာ အဓိပ္ပာယ်အတိမ်အနက် ကွဲပြားချက်ရှိတဲ့ စကားလုံးတွေ ရွေးချယ်သုံးနှုန်းမိတဲ့အတွက် သူတို့ရဲ့မိန့်ခွန်းတွေမှာ အမှားအယွင်းတွေ မတော်တဆ ပြုလုပ်မိကြတာတွေ ရှိခဲ့ပါတယ်။
ဒီလို အရေးကြီးတဲ့ ထိပ်သီးဆွေးနွေးပွဲတွေမှာ သုံးနှုန်းတဲ့ စကားလုံးတိုင်းဟာ အစီအစဉ်တကျနဲ့ လေးနက်တိကျမှုရှိဖို့ လိုအပ်ပြီး ခေါင်းဆောင်တွေအကြား နားလည်မှု လွဲမှားစေနိုင်တဲ့ အမှားမျိုးတွေ ရှောင်ရှားနိုင်ဖို့အတွက် မစ္စ ဖဲထောင်းထန်းအနေနဲ့ စကားပြန်တွေ အသင့်ထားရှိ အသုံးပြုသွားဖို့ အကြံပြုလိုပါတယ်။
ဝန်ကြီးချုပ်တာဝန်ကို တနှစ်နီးပါးကြာ ထမ်းဆောင်ခဲ့တဲ့ ဆေထာ ထဝီးဆင် ဆိုရင်လည်း ပြည်ပရေးရာကိစ္စတွေမှာ လေးနက်မှုမရှိတဲ့ ပြောဆိုချက်တွေကြောင့် ကြီးမားတဲ့ သင်ခန်းစာတွေ ရရှိစေခဲ့ပြီး ဖြစ်ပါတယ်။ အခြား ကမ္ဘာ့ခေါင်းဆောင်တွေ၊ ထိပ်တန်း အမှုဆောင်အရာရှိချုပ်တွေနဲ့ ပြုလုပ်တဲ့ တွေ့ဆုံပွဲတွေမှာ အင်္ဂလိပ်လို ကျွမ်းကျင်ပိုင်နိုင်စွာ ပြောဆိုပြီး နှစ်လိုဖွယ် ကိုယ်ရည်ကိုယ်သွေးတွေနဲ့ ထူးခြားပြောင်မြောက်အောင် စွမ်းဆောင်ပြနိုင်မယ့် အခွင့်အလမ်းတွေ ရှိခဲ့ပေမဲ့လည်း ကောင်းကောင်း အသုံးချနိုင်ခြင်း မရှိခဲ့ပါဘူး။
ဥပမာအနေနဲ့ ဂါဇာအကျပ်အတည်းနဲ့ ရှေ့သို့ချီပါတီ ဖျက်သိမ်းခံခဲ့ရတဲ့ အရေးတွေနဲ့ ပတ်သက်လို့ သူ့ရဲ့ ထင်မြင်သုံးသပ် ပြောဆိုချက်တွေဟာ လျော်ကန်မှုမရှိခဲ့သလို နိုင်ငံရေးနယ်ပယ်မှာ ရင့်ကျက်မှုမရှိတာကိုလည်း ပေါ်လွင် ထင်ဟပ်စေခဲ့ပါတယ်။
ဝန်ကြီးချုပ်သစ် မစ္စ ဖဲထောင်းထန်း အနေနဲ့လည်း မတူညီတဲ့ ကိစ္စရပ်တွေအပေါ် အာဆီယံနဲ့ မိတ်ဖက်ခေါင်းဆောင်တွေရဲ့ အချေအတင် ဆွေးနွေးမှုတွေကို နားလည်သဘောပေါက်ဖို့ လိုအပ်ပါတယ်။ မျက်နှာစုံညီအစည်းအဝေးနဲ့ နှစ်နိုင်ငံကြား တွေ့ဆုံဆွေးနွေးမှုတွေမှာ ကျိုးကြောင်းဆီလျော်တဲ့ ထင်မြင်သုံးသပ်ချက်တွေကို မလွှဲသာမရှောင်သာ ပြောဆိုသွားရမှာ ဖြစ်ပြီး တချို့စိန်ခေါ်မှုတွေဟာ ထိုင်းနိုင်ငံရဲ့ ရပ်တည်ချက်ကို ထောက်ကန်နိုင်ဖို့အတွက် တကယ့်ကို အရေးကြီးတဲ့ အနေအထား ဖြစ်ပါတယ်။
အဲဒီတွေ့ဆုံမှုတွေမှာ ပထဝီနိုင်ငံရေးဆိုင်ရာ အခြေအနေ၊ ဒီဂျစ်တယ် အသွင်ကူးပြောင်းမှု၊ ဆိုက်ဘာလုံခြုံရေး၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေး မူဝါဒ၊ ကုန်သွယ်ရေး အတားအဆီးများ၊ ကုန်စည်နဲ့ ဝန်ဆောင်မှုထောက်ပံ့ရေး ကွင်းဆက်ရဲ့ ခံနိုင်ရည်ရှိမှု၊ ရာသီဥတုအကျပ်အတည်း၊ လူမှုစီးပွား တန်းတူမညီမျှမှုနဲ့ လူမှုရေးပထဝီဝင်အနေအထား ပြောင်းလဲမှုများ စတဲ့ အကြောင်းအရာတွေကို အဓိကထား ဆွေးနွေးသွားဖွယ် ရှိနေပါတယ်။
ဆွေးနွေးသွားမယ့် အကြောင်းအရာတွေထဲမှာ မြန်မာ့အကျပ်အတည်း၊ ယူကရိန်းစစ်ပွဲ၊ ဟားမတ်စ်-အစ္စရေး ပဋိပက္ခနဲ့ အမေရိကန်-တရုတ် အားပြိုင်မှု စတဲ့ ပထဝီနိုင်ငံရေးဆိုင်ရာ တင်းမာမှုအရေးတွေက ထိပ်တန်းဦးစားပေး ဖြစ်နိုင်ပါတယ်။
မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်မှု အရှည်လျားဆုံးဖြစ်တဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံအနေနဲ့ မြန်မာပြည် ပြန်လည်ငြိမ်းချမ်းစေရေး ကြိုးပမ်းမှုမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပြီး မြန်မာ့အရေးမှာ ထိုင်းနိုင်ငံရဲ့ ဦးဆောင်နိုင်စွမ်း မရှိမှုနဲ့ ပတ်သက်လို့ အာဆီယံ အဖွဲ့ဝင်တွေနဲ့ မိတ်ဖက်နိုင်ငံတွေက စိတ်ပျက်မိတဲ့အကြောင်း ဖော်ပြခဲ့ကြပြီး ဖြစ်ပါတယ်။
ဒီနေရာမှာ မစ္စဖဲထောင်းထန်းအနေနဲ့ ရှင်းလင်းတဲ့ မူဝါဒရေးရာ ဆောင်ရွက်ချက်တွေကို ထောက်ပံ့ခြင်းအားဖြင့် မြန်မာ့အရေးနဲ့ပတ်သက်ပြီး အခြေအနေကောင်းတွေ ရရှိအောင် ပြောင်းလဲလို့ ရနိုင်ပါတယ်။ မြန်မာ့အရေးနဲ့ဆိုင်တဲ့ ထိုင်းနိုင်ငံရဲ့ ရှိနှင့်ပြီးသား အစီအစဉ်တွေကို ဒေသတွင်း ဆက်စပ်အေဂျင်စီတွေ၊ မိတ်ဖက်နိုင်ငံတွေနဲ့ ညှိနှိုင်းပေါင်းစပ်ပြီး တစိုက်မတ်မတ် အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ပဲ လိုအပ်နေတာ ဖြစ်ပါတယ်။
ဒေသတွင်း မငြိမ်သက်မှုတွေဟာ အထူးသဖြင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်ရေး အစီအစဉ်ရဲ့ ဒုတိယအဆင့်ကို အကောင်အထည်ဖော် ဆောင်ရွက်ရေးမှာ ရိုက်ခတ်မှုတွေ ရှိခဲ့ပါတယ်။
ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံမှ စစ်ဘေးသင့် ပြည်သူတွေကို ထောက်ပံ့ကူညီနိုင်ဖို့အတွက် သဘာဝဘေး စီမံခန့်ခွဲရေးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး အာဆီယံ ညှိနှိုင်းရေးစင်တာ (AHA Centre) ကို ဘတ် ၉ သန်း မကြာသေးခင်က ထည့်ဝင် လှူဒါန်းထားပါတယ်။
နောက်ပြီး ထိုင်းနိုင်ငံအနေနဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်မှာ အပြုသဘောဆောင်တဲ့ တိုးတက်မှုကောင်းတွေ ထပ်ပြီး ပေါင်းဖြည့်နိုင်ဖို့အတွက် လာမယ့်သီတင်းပတ်များအတွင်း ဘာတွေလုပ်ဆောင်သွားမယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ချပြနိုင်မယ်ဆိုရင်တော့ ဝန်ကြီးချုပ် ဖဲထောင်းထန်းဟာ သံတမန်ရေးရာ အသိုက်အဝန်းရဲ့ လေးစားဂုဏ်ပြု အသိအမှတ်ပြုခြင်းကို ခံရနိုင်ပါတယ်။
ဒါ့ကြောင့် ဖွေ့ထိုင်းပါတီ ဦးဆောင်တဲ့ ဒုတိယမြောက် အစိုးရအနေနဲ့ ဗီယန်ကျင်း စားပွဲဝိုင်းမှာ ဘာတွေ ဆောင်ကြဉ်းလာမလဲ ဆိုတာကို ဆွေးနွေးဖက် အာဆီယံခေါင်းဆောင်တွေကလည်း စိတ်ဝင်တစား စောင့်ကြည့်လျက် ရှိနေကြပါတယ်။
ယူကရိန်းစစ်ပွဲအရေးနဲ့ ပတ်သက်ရင် မစ္စဖဲထောင်းထန်းအနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ မတူညီတဲ့ အမြင်သဘောထားတွေနဲ့ ရပ်တည်ချက်တွေကို နားလည်ထားဖို့ လိုအပ်ပါတယ်။ ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်မှုနဲ့ ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံ အများစုက ပြစ်တင်ရှုတ်ချထားပေမဲ့ ဗီယက်နမ်နဲ့ လာအိုနိုင်ငံတို့ကတော့ ကြားနေနိုင်ငံတွေ ဖြစ်ပါတယ်။
စင်္ကာပူနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲမှာ ရုရှားအပေါ် အရေးယူပိတ်ဆို့ ကန့်သတ်မှုတွေ ချမှတ်ခဲ့တဲ့ တခုတည်းသောနိုင်ငံဖြစ်ပြီး မြန်မာစစ်ကောင်စီကတော့ ရုရှားရဲ့လုပ်ရပ်ကို ထောက်ခံတဲ့အကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောကြားထားတာ ဖြစ်ပါတယ်။
နိုင်ငံပြင်ပ ဖိအားတွေ ရှိနေပေမဲ့ ယူကရိန်းအရေးမှာလည်း ထိုင်းနိုင်ငံဟာ ကြားနေဝါဒကို ဆက်လက် လက်ကိုင်ထားခဲ့ပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ စစ်ဖြစ်ပွားမှုကို အားမပေးတဲ့ အကြောင်းနဲ့ အပစ်အခတ်ရပ်စဲကြဖို့ တောင်းဆိုခဲ့ပြီး ယူကရိန်းနဲ့ ရုရှား နှစ်နိုင်ငံစလုံးနဲ့ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို ဆက်လက် တည်ဆောက်ခဲ့ပါတယ်။
သာတူညီမျှမှုရှိတဲ့ ချဉ်းကပ်မှုအနေနဲ့ ထိုင်းအစိုးရဟာ ဆွစ်ဇာလန်နိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ခဲ့သလို BRICS အဖွဲ့ဝင်အဖြစ် လျှောက်ထားသွားမယ့် ဆုံးဖြတ်ချက်ကိုလည်း အဲဒီသီတင်းပတ်ထဲမှာပဲ ချပြခဲ့ပါတယ်။ နောက်ပြီး မစ္စ ဖဲထောင်းထန်းဟာ ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့ခ်မြို့မှာ ပြီးခဲ့တဲ့ဇွန်လက ကျင်းပခဲ့တဲ့ BRICS ဆက်စပ်အစည်းအဝေးကိုလည်း ဖွေ့ထိုင်းပါတီ ခေါင်းဆောင်အနေနဲ့ တက်ရောက်ခဲ့ပါတယ်။
ဂါဇာအရေးမှာတော့ အာဆီယံဒေသမှ အလုပ်သမားတွေရဲ့ ဘေးကင်းလုံခြုံရေး အပါအဝင် လူသားတွေရဲ့ ဆင်းရဲဒုက္ခတွေနဲ့ ရန်လိုမှုတွေ အဆုံးသတ်ရေး တောင်းဆိုထားတဲ့ အာဆီယံရဲ့ ထုတ်ပြန်ချက်တွေကို မစ္စ ဖဲထောင်းထန်း လိုက်နာသွားသင့်ပါတယ်။ အစ္စရေးနိုင်ငံမှာ ထိုင်းနဲ့ ဖိလစ်ပိုင်နိုင်ငံတို့မှ အလုပ်သမားတွေ များစွာရှိနေတာလည်း ဖြစ်ပါတယ်။
နောက်ဆုံးဖြစ်တဲ့ အမေရိကန်-တရုတ် အားပြိုင်မှုအရေးကတော့ လက်ရှိ ပထဝီနိုင်ငံရေးဆိုင်ရာ တင်းမာမှုတွေထဲမှာ အဓိကအကျဆုံးဖြစ်သလို အရှေ့အာရှ ထိပ်သီးအစည်းအဝေးမှာ ဆွေးနွေးသွားမယ့် နံပါတ်တစ် အကြောင်းအရာလည်း ဖြစ်လာနိုင်ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေးအခင်းအကျင်းမှာ အမေရိကန်ဟာ နှစ်ပေါင်း ၇၀ ကြာအထိ လွှမ်းမိုးထားခဲ့ပေမဲ့ တရုတ်နိုင်ငံ ရဲ တဟုန်ထိုး ကြီးထွားလာတဲ့ ဩဇာလွှမ်းမိုးမှုက ကမ္ဘာ့အာဏာ ချိန်ခွင်လျှာကို ပြောင်းလဲသွားစေခဲ့ပါတယ်။
အခုအခါမှာတော့ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေး၊ စီးပွားရေးနဲ့ စစ်ရေး စတဲ့ အာဏာတွေကို နိုင်ငံတနိုင်ငံ ဒါမှမဟုတ် နှစ်နိုင်ငံတည်းက ချုပ်ကိုင်ထားလို့ မရတော့ဘဲ နိုင်ငံပေါင်းစုံရဲ့ အာဏာသက်ရောက်မှု ရေချိန်ဟာ ဟန်ချက်ညီလာလျက် ရှိနေပါတယ်။
အခြားကမ္ဘာ့နိုင်ငံများနည်းတူ ထိုင်းနိုင်ငံဟာလည်း အထူးသဖြင့် အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား တင်းမာမှုတွေရဲ့ အကျိုးဆက်တွေကို ခံစားခဲ့ရပေမဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ လိုက်လျောညီထွေရှိပြီး လက်တွေ့ကျတဲ့ နိုင်ငံခြားရေးမူဝါဒ ရှိတဲ့အတွက်ကြောင့် ထိုင်းနိုင်ငံဟာ သက်သာရာရနေဆဲ ဖြစ်ပါတယ်။
နောက်ပြီး ထိုင်းနိုင်ငံရဲ့ ဦးတည်ချက် ပန်းတိုင်ဟာ နိုင်ငံ၊ အဖွဲ့အစည်းတွေရဲ့ ယုံကြည်မှု၊ ထောက်ခံမှု အပြည့်အဝ ရရှိရေးထက် အခြားနိုင်ငံတွေရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးဆိုင်ရာ အရေးယူ ပိတ်ဆို့မှုတွေကနေ ရှောင်ရှားနိုင်မယ်ဆိုရင် ဒါဟာ လုံလောက်ကောင်းမွန်တဲ့ ရလဒ်လို့ ရှုမြင် သတ်မှတ်ထားပါတယ်။
အမေရိကန်-တရုတ် နှစ်နိုင်ငံကြား အာဏာလွန်ဆွဲမှုတွေ ဆက်ရှိနေချိန်မှာ အဲဒီ အင်အားကြီး နှစ်နိုင်ငံစလုံးက ထိုင်းနိုင်ငံရဲ့ သံတမန်ရေးရာ ဆောင်ရွက်ချက်ကို အသေအချာ နားလည်အောင် လုပ်ဆောင်သွားသင့်ပါတယ်။ သူတို့ဟာ အင်ဒို-ပစိဖိတ်ဒေသမှာ သူတို့ရဲ့မူဝါဒတွေနဲ့ လွှမ်းမိုးနိုင်မှုနဲ့ ပတ်သက်ရင် သူတို့အပေါ် မိတ်ဖက်နိုင်ငံတွေရဲ့ ထောက်ခံမှု အတိုင်းအတာဟာ ဘယ်လောက်ရှိသလဲ ဆိုတာကို အဆက်မပြတ် အကဲခတ်တတ်ကြပါတယ်။
အထူးသဖြင့် ဩဇာအာဏာလွှမ်းမိုးနိုင်ဖို့အတွက် အပြင်းအထန် ကြိုးပမ်းနေကြတဲ့ ယနေ့ခေတ် ပထဝီနိုင်ငံရေးဆိုင်ရာ အခြေအနေမှာ နိုင်ငံကြီးတွေဟာ သူတို့ရဲ့မူဝါဒတွေနဲ့ အမြင်သဘောထားတွေ၊ သူတို့ရဲ့ ကိုယ်ကျိုးစီးပွားတွေကို အခြားနိုင်ငံတခုခုက ဆန့်ကျင်တာ ဒါမှမဟုတ် ခြိမ်းခြောက်တာတွေ ရှိလာခဲ့ရင် ပြင်းပြင်းထန်ထန် တုံ့ပြန်နိုင်တယ် ဆိုတာကိုလည်း နားလည်ထားသင့်ပါကြောင်း…။
ကဝီချောင်ကစ်တာဗွန်
ဘာသာပြန်-ရာစုသစ်
Source: Bangkok Post
(ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ်သတင်းစာတွင် ထိုင်းဝါရင့်သတင်းစာဆရာ ကဝီချောင်ကစ်တာဗွန် ရေးသားထားသည့် ‘Humble Asean advice for Madame Pae’ သတင်းဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။)