မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ၃ နှစ်ကျော်ကြာကာလကို ရောက်လာချိန်အထိ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ မြန်မာပြည် ပြန်လည်ငြိမ်းချမ်းရေးအတွက် အာဆီယံအပေါ်ကိုပဲ မျှော်လင့်ချက်တွေ ပုံအပ်ထားတာနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိလာပါတယ်။
အရှေ့တောင်အာရှရှိ နိုင်ငံ ၁၀ နိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့ အာဆီယံမှာ မြန်မာ့အရေးကို ဖြေရှင်းနိုင်မယ့် နည်းဗျူဟာတွေ ရှိမနေသလို မြန်မာ့အကျပ်အတည်းကို ဖြေရှင်းနိုင်ခဲ့တဲ့ သမိုင်းသာဓကလည်း မရှိတဲ့အကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) အာရှရေးရာ ဒုတိယညွှန်ကြားရေးမှူး Bryony Lau က ပြောပါတယ်။
မြန်မာပဋိပက္ခနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေလို တခြား ကမ္ဘာ့အင်အားကြီးနိုင်ငံတွေမှာလည်း သက်ရောက်မှုတွေ ပိုမိုရှိလာနိုင်တယ်လို့ သူက ဆိုပါတယ်။ ဒါပေမဲ့လည်း ကမ္ဘာ့နိုင်ငံတွေဟာ ပထဝီဝင် အနေအထားအရ မြန်မာနိုင်ငံနဲ့ နီးကပ်မှု မရှိတဲ့အတွက် မြန်မာ့အရေး ဦးဆောင်ဖြေရှင်းရေးမှာ အာဆီယံကိုပဲ အားကိုးနေကြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေနဲ့ အရပ်သား ၅,၅၀၀ ကျော် သေဆုံးခဲ့ရပြီး လူပေါင်း ၂၇,၀၀၀ ဖမ်းဆီးခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
ဒါ့အပြင် ပြည်တွင်း နေရပ်စွန့်ခွာမှု စောင့်ကြည့်ရေးစင်တာရဲ့ ၂၀၂၃ ခုနှစ်အထိ ရရှိထားတဲ့ အချက်အလက်တွေအရ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာခဲ့ရသူ ဦးရေဟာ ၁ ဒသမ ၄ သန်းဝန်းကျင်အထိ ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လက ထုတ်ပြန်ခဲ့တဲ့ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ အာဆီယံရဲ့ နောက်ဆုံးထုတ်ပြန်ချက်ထဲမှာ အာဆီယံအနေနဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ် (5PC) အကောင်အထည်ဖော်ရေး အစီအစဉ်ကနေ တိုးတက်မှုကောင်းတွေ ရရှိအောင် ဆက်လက် တွန်းအားပေး ဆောင်ရွက်သွားမယ့်အကြောင်း ဖော်ပြထားပါတယ်။
အာဆီယံဟာ ဘုံသဘောတူညီချက်ပါ အချက်တွေဖြစ်တဲ့ သက်ဆိုင်ရာအဖွဲ့အားလုံး အကြမ်းဖက်မှုလုပ်ရပ်တွေ အဆုံးသတ်ရေး၊ မြန်မာ့အရေးကို ငြိမ်းချမ်းရေးစားပွဲဝိုင်းကနေ အဖြေရှာရေး၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်မှုတွေ အဆင်ပြေ ချောမွေ့စေရေး စတဲ့ အကြောင်းအရာတွေကိုပဲ သံပြိုင်ဟစ်နေတာ ဖြစ်ပါတယ်။ ဒါဟာ မြန်မာစစ်ကောင်စီနဲ့ ပတ်သက်တဲ့ အာဆီယံရဲ့ အစီအစဉ်ပဲ ဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International လို လူ့အခွင့်အရေး အဖွဲ့တွေကတော့ စစ်ကောင်စီဟာ အာဆီယံရဲ့ အစီအစဉ်ကို မျက်ကွယ်ပြုနေတဲ့အကြောင်း၊ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့ခ် ပြောခဲ့သလို လူ့ဂုဏ်သိက္ခာကင်းမဲ့ပြီး မတရားဖိနှိပ်ဖျက်ဆီး၊ အကြောက်တရားနဲ့ အုပ်ချုပ်နိုင်ဖို့ ရည်ရွယ်လုပ်ဆောင်နေတဲ့ စစ်တပ်ရဲ့ ၃ နှစ်ကြာ စစ်ဆင်ရေးတွေနဲ့အတူ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေဟာ အဆုံးမရှိတဲ့ အိပ်မက်ဆိုးတခုလို ဖြစ်လာနေတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။
နောက်ပြီး ဥရောပသမဂ္ဂ၊ ဗြိတိန်နဲ့ အမေရိကန်တို့က စစ်ကောင်စီအပေါ် ပိတ်ဆို့ကန့်သတ် အရေးယူမှုတွေ ချမှတ်ခဲ့ပေမဲ့လည်း သက်ရောက်မှုဟာ အတိုင်းအတာတခုအထိသာ ရှိတယ်လို့ ဆိုပါတယ်။
မြန်မာ့အကျပ်အတည်း အဆုံးသတ်နိုင်ရေး ဒါမှမဟုတ် ငြိမ်းချမ်းရေးအတွက် ကြားဝင်စေ့စပ်နိုင်ရေးနဲ့ ပတ်သက်ပြီး အာဆီယံရဲ့ လုပ်ကိုင်ဆောင်ရွက်မှုကို ကန့်သတ်နေတဲ့ အဓိကအချက်က အာဆီယံဟာ နိုင်ငံရေးဆိုင်ရာ အဖွဲ့အစည်းတခု ဆိုတာထက် ကုန်သွယ်ရေးဆိုင်ရာ အဖွဲ့အစည်းတခုအဖြစ် ပိုမိုအသွင်ဆောင်နေတာကြောင့် ဖြစ်တယ်လို့ International Bar Association (IBA) ရဲ့ Human Rights Institute ပူးတွဲဥက္ကဋ္ဌ မတ်ခ်စတီဖန်စ်က ပြောပါတယ်။
အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံကို စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ နည်းပညာနဲ့ ပညာရေးဆိုင်ရာ နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြင့်နိုင်ဖို့ ရည်ရွယ်ကာ ၁၉၆၇ ခုနှစ်မှာ နိုင်ငံ ၅ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ စတင်ဖွဲ့စည်းခဲ့ပြီး အခုလက်ရှိမှာတော့ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ် စတဲ့ အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံ ပါဝင်ပါတယ်။
မခတ်ခ်စတီဖန်စ်က “အာဆီယံရဲ့ အဖွဲ့ဝင်နိုင်ငံတွေထဲမှာကို သက်ဦးဆံပိုင်စနစ် ကျင့်သုံးနေတဲ့ နိုင်ငံတွေ ပါနေတာပါ။ ဒီတော့ တရားဥပဒေစိုးမိုးမှုကို မြှင့်တင်နိုင်ဖို့ဆိုတာ တကယ့်ကို မလွယ်ပါဘူး” လို့ ပြောပါတယ်။
ဝါရှင်တန်ဒီစီအခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးစင်တာမှ အာရှအစီအစဉ်ဆိုင်ရာ ထိပ်တန်းပညာရှင်တဦးဖြစ်တဲ့ အာရင်မာဖီကလည်း “အာဆီယံနိုင်ငံတွေထဲမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး လုံးဝကို စိတ်မဝင်စားတဲ့ နိုင်ငံအချို့ ရှိနေတာပါ။ ဒါဟာ အင်ဒိုနီးရှားနဲ့ မလေးရှားတို့လို နိုင်ငံတွေအတွက်တော့ အားမလိုအားမရ ဖြစ်စေပါတယ်။ ဗီယက်နမ်ကတော့ ကြားနေပါပဲ။ 5PC ကို အကောင်အထည်ဖော်ဖို့ စစ်ကောင်စီကို တွန်းအားပေးခဲ့တဲ့ ကမ္ဘောဒီးယားရဲ့ ချဉ်းကပ်မှုကမှ အံ့အားသင့်စရာ ဖြစ်ခဲ့သေးတယ်” လို့ ပြောပါတယ်။
နောက်ပြီး အာဆီယံရဲ့ လုပ်ဆောင်ချက်တွေဟာ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန် ယူထားတဲ့ နိုင်ငံအပေါ် မူတည်ပြီး ကွဲပြားမှုတွေ ရှိနိုင်တယ်လို့လည်း မာဖီက ပြောပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို တနှစ်စီ တာဝန်ယူပြီး အစည်းအဝေးတွေ ကျင်းပနိုင်ဖို့နဲ့ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုတွေ လွယ်ကူအဆင်ပြေစေမယ့် စိတ်ကူးအကြံဉာဏ်သစ်တွေ မြှင့်တင်နိုင်ဖို့ တာဝန်ယူ ဆောင်ရွက်ရပါတယ်။
အခုနှစ်မှာတော့ တပါတီနိုင်ငံရေးစနစ်ကို ဗဟိုပြုထားတဲ့ အာဏာရှင်အစိုးရလို့ အမေရိကန်က သတ်မှတ်ထားတဲ့ လာအိုနိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတာပါ။
ဒါပေမဲ့ လာမယ့် ၂၀၂၅ ခုနှစ်မှာတော့ ဒီမိုကရေစီဆန်တယ်လို့ ရှုမြင်ခံထားရတဲ့ မလေးရှားနိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သွားမှာဖြစ်ပြီး သူ့လက်ထက်မှာတော့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး မတူညီတဲ့ ချဉ်းကပ်မှုပုံစံ အပြောင်းအလဲတခုကို ဆောင်ကြဉ်းလာနိုင်တယ်လို့ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တဦးချင်းစီရဲ့ ရာဇဝတ်မှုဆိုင်ရာ အမှုတွဲတွေ တည်ဆောက်နိုင်ဖို့ ဒေသခံ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ လက်တွဲဆောင်ရွက်နေတဲ့ Myanmar Accountability Project ရဲ့ ညွှန်ကြားရေးမှူး ခရစ်စတိုဖာဂန်းနက်စ်က ပြောပါတယ်။
တဖက်မှာလည်း ရှေ့ကိုမျှော်ကြည့်မယ်ဆိုရင် အချိန်တွေ ကြာလာတာနဲ့အမျှ အာဆီယံရဲ့ စိတ်ရှည်သည်းခံနိုင်မှု ကုန်ဆုံးလာပြီး ရှေ့ဆက်နိုင်မယ့် နည်းလမ်းတရပ်အနေနဲ့ စစ်ကောင်စီ ကျင်းပနိုင်ဖွယ်ရှိတဲ့ အတုအယောင် ရွေးကောက်ပွဲအပေါ် အာဆီယံအဖွဲ့က အသိအမှတ် ပြုလိုက်မှာကိုလည်း စိုးရိမ်မိတဲ့အကြောင်း မာဖီက ဆက်ပြီး ပြောပါတယ်။
လေ့လာသုံးသပ်သူ များစွာကတော့ မြန်မာ့အကျပ်အတည်းကို အဖြေရှာနိုင်ဖို့အတွက် နိုင်ငံတကာ အသိုက်အဝန်းရဲ့ ပိုမိုကျယ်ပြန့်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ လက်တွေ့ကျတဲ့ လုပ်ဆောင်ချက်တွေ လိုအပ်နေပြီး ကမ္ဘာ့နိုင်ငံတွေအနေနဲ့ အရင်ကထက် ပိုမိုတက်ကြွစွာနဲ့ ပါဝင်ဆောင်ရွက်သွားဖို့ လိုတယ်လို့ ယုံကြည်နေကြပါတယ်။
အထူးသဖြင့် ဒေသတွင်း နိုင်ငံကြီးတနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံဟာ မြန်မာ့အရေး အဖြေရှာရေးမှာ ကုလသမဂ္ဂနဲ့အတူ ပိုမိုကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်သင့်တယ်လို့ အကြံပြု ပြောကြားထားပါတယ်။
ကုလသမဂ္ဂအနေနဲ့လည်း မြန်မာ့အရေးမှာ အခုထက်မက လုပ်ဆောင်နိုင်တာတွေ များစွာရှိတဲ့အကြောင်း၊ ပြီးခဲ့တဲ့ ဧပြီလမှာ ဂျူလီ ဘစ်ရှော့ တာဝန်မယူခင်အချိန်အထိ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်နေရာဟာ ၁ နှစ်နီးပါးကြာအထိ လစ်လပ်နေခဲ့တဲ့အကြောင်း သုံးသပ်သူတွေက ထောက်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ တကယ့်လက်တွေ့ မြေပြင်အခြေအနေမှာတော့ စစ်ကောင်စီကို တွန်းလှန်နေကြတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ အရေးပါတဲ့ အောင်မြင်မှုတွေ ရရှိနေပြီး အောင်မြင်မှုတွေနဲ့အတူ စစ်ကောင်စီ မောင်းထုတ်နိုင်ရေး မျှော်လင့်ချက်တွေဟာ ပိုမို အားကောင်းလာခဲ့ပါတယ်။ စစ်ကောင်စီဘက်မှာတော့ စစ်မြေပြင်မှာရော၊ နိုင်ငံတကာ ဆက်ဆံရေး သံခင်းတမန်ခင်းမှာရော၊ လက်နက်နဲ့ ငွေကြေးစီးဆင်းမှုတွေမှာရော အရာရာမှာ အရေးနိမ့်လာနေပြီး စစ်ကောင်စီဟာ တဖြည်းဖြည်းနဲ့ မလူးသာ မလွန့်သာ အနေအထားကို ဆိုက်ရောက်လာနေပြီ ဖြစ်ပါတယ်။
ရေဘက္ကာရုထ်
ဘာသာပြန် - ရာစုသစ်