Home
မြန်မာသတင်း
မြန်မာ့အရေး ICC ထံ လွှဲပြောင်းရန် တိုက်တွန်း
DVB
·
August 25, 2024

ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေဟာ မြန်မြန် မြင့်တက်လာနေလို့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာစစ်အုပ်စုက ကျူးလွန်ထားတဲ့ ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေအတွက် ပြစ်ဒဏ်အားလုံး ကင်းလွတ်နေတာ ချက်ချင်း ရပ်သွားအောင်လုပ်ဖို့နဲ့ မြန်မာ့အရေးကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ဆီ လွှဲပေးဖို့ တက်ကြွလှုပ်ရှားတဲ့အဖွဲ့တွေက ပူးပေါင်းတောင်းဆိုလိုက်ပါတယ်။

၂၀၁၇ ခုနှစ်မှာ မြန်မာစစ်အုပ်စုက ကျူးလွန်ခဲ့တဲ့ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု ၇ နှစ်ပြည့်တဲ့ ဒီနေ့ ဩဂုတ် ၂၅ ရက်မှာ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု (Blood Money)၊ မြန်မာ့ဒီမိုကရေစီ ကာကွယ်မြှင့်တင်ရေးလှုပ်ရှားမှု (Defend Myanmar Democracy) နဲ့ ရှေ့ပြေးအသံအဖွဲ့ (Progressive Voice)တို့က ပူးတွဲထုတ်ပြန်တောင်းဆိုလိုက်တာပါ။  

မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC)ဆီကို လွှဲပြောင်းနိုင်ဖို့လည်း တောင်းဆိုထားပြီး ထိခိုက်ခံစားခဲ့ရသူတွေနဲ့ ရှင်သန်ကျန်ရစ်သူ အားလုံးအတွက် တရားမျှတမှုနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာစေရေးအတွက် ရိုဟင်ဂျာ အသိုက်အဝန်းနဲ့အတူ ခိုင်ခိုင်မာမာရပ်တည်နေတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့အသိုက်အဝန်းတွေအနေနဲ့ ရိုဟင်ဂျာတွေကို မမေ့မလျော့ဘဲ သူတို့အပေါ်ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ရပ်တန့်ဖို့နဲ့ နောက်ထပ် မကျူးလွန်စေရေး ကာကွယ်ဖို့ ဆုံးဖြတ်ချက် အခိုင်အမာချမှတ်ဆောင်ရွက်ရမှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အားလုံးပါဝင်မှုရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ လမ်းကြောင်းပုံသဏ္ဌာန်ကို ဖော်ဆောင်ချိန်မှာ နိုင်ငံသားဖြစ်ခွင့်အပါအဝင် ရိုဟင်ဂျာတွေရဲ့ အခွင့်အရေး အပြည့်အဝပြန်လည်ရရှိရေးနဲ့အတူ နွေဦးတော်လှန်ရေးရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ရိုဟင်ဂျာတွေ အဓိပ္ပာယ်ပြည့်ပြည့်ဝဝနဲ့ ပါဝင်စေလာနိုင်ရေးအတွက်လည်း တောင်းဆိုလိုက်ပါတယ်။

အခု ရခိုင်ပြည်နယ်ထဲမှာ ပြန်ဖြစ်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေက မြန်မာစစ်အုပ်စုက ရိုဟင်ဂျာတွေအပေါ် အရှိန်တိုးမြှင့်လုပ်ဆောင်နေတဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို သိသိသာသာ ဖော်ပြနေပြီး ၂၀၂၄ ခုနှစ် တနှစ်ပတ်လုံးမှာ စစ်အုပ်စုဟာ ရိုဟင်ဂျာရွာတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲခဲ့တာကြောင့် ကလေးသူငယ်တွေ အပါအဝင် လူပေါင်းဒါဇင်နဲ့ချီ​သေဆုံးခဲ့ရပြီး အဲဒီလူထုကို ဆက်သွယ်ရေးဖြတ်တောက် သတင်းအမှောင်ချထားတယ်လို့ ဆိုပါတယ်။

ပြီးတော့ ရိုဟင်ဂျာလူငယ်တွေကို စစ်မှုထမ်းဖို့ အတင်းအဓမ္မ လူသစ်စုဆောင်းခဲ့ပြီး ရှေ့တန်း တိုက်ခိုက်ရေးသမားတွေ၊ လူသားဒိုင်းတွေ၊ လူသားမိုင်းရှင်းလင်းရေးသမားတွေ၊ ပေါ်တာတွေအဖြစ် အဓမ္မခိုင်းစေနေသလို ပြီးခဲ့တဲ့ ၁၀ လအတွင်း ရခိုင်ပြည်နယ်မှာ ကျန်ရှိနေသေးတဲ့ ရိုဟင်ဂျာ ၆ သိန်းဟာ မြန်မာစစ်အုပ်စုနဲ့ AA တို့အကြား မြင့်တက်လာနေတဲ့ တိုက်ပွဲတွေမှာ ရည်ရွယ်ချက်ရှိရှိ တိုးမြှင့်လုပ်ဆောင်နေတဲ့ ဖိနှိပ်မှုတွေကို ခံစားနေကြရတယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာတွေဟာ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ မီးရှို့ဖျက်ဆီးတာ၊ ဖမ်းဆီးတာနဲ့ အဓမ္မလက်စတုံးဖျောက်ဖျက်မှုတွေ စတဲ့ AA ရဲ့ ပစ်မှတ်ထား တိုက်ခိုက်တာတွေကိုလည်း ခံနေရပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ တခြား လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်တပ် နှစ်တပ်ကြား ဆိုးရွားပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် ပြေးစရာမြေမရှိဘဲ​ အိုးမဲ့အိမ်မဲ့ ဖြစ်နေကြရတယ်လို့ ဆိုပါတယ်။

မြန်မာစစ်အုပ်စုနဲ့ AA တို့ နှစ်ဖက်စလုံးရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ပစ်မှတ်ထားတာတွေဟာ လူမျိုးတုံးသတ်ဖြတ်မှု သက်သေအထောက်အထားတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့နဲ့ ရိုဟင်ဂျာတွေကို ကာကွယ်ပေးရမယ်ဆိုတဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice – ICJ) ရဲ့ အမိန့်ကို ချိုးဖောက်နေတာ ထင်ရှားပေါ်လွင်နေတယ်လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်က ရိုဟင်ဂျာအရပ်သားတွေကို ချက်ချင်းအကာအကွယ်ပေးဖို့ အရေးတကြီး လိုအပ်နေပြီး ချက်ချင်းဆောင်ရွက်ဖို့နဲ့ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု ဥပဒေနဲ့အညီ သေသေချာချာလုပ်နိုင်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ အရေးပေါ် အစည်းအဝေးတရပ် ခေါ်ယူရမယ်လို့လည်း တောင်းဆိုထားပါတယ်။

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုအတွက် မြန်မာစစ်ခေါင်းဆောင်တွေအပေါ် သမိုင်းဝင် နိုင်ငံတကာ တရားစီရင်ခွင့်အောက် တရားစွဲဆိုတာနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး အားထုတ်နေတဲ့ အာဂျင်တီးနား တရားစီရင်ရေးရဲ့ ကြိုးပမ်းအားထုတ်မှုကို ချီးကျူးသလို ICJ မှာ ဂမ်ဘီယာက မြန်မာကို တရားစွဲဆိုတဲ့အမှုမှာလည်း မော်လ်ဒိုက်၊ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊​ ဂျာမနီ၊ နယ်သာလန်နဲ့ ယူကေနိုင်ငံတို့ကို ဂမ်ဘီယာဘက်က ပါဝင်ခွင့်ပြုပေးခဲ့တဲ့ ICJ ရဲ့ မကြာသေးမီက ဆုံးဖြတ်ချက်ကိုလည်း ကြိုဆိုထောက်ခံလိုက်ပါတယ်။

ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီကို အဓမ္မနှင်ထုတ်ခံရတာနဲ့ ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) က စုံစမ်းစစ်ဆေးတာတွေ ဆက်လုပ်နေပေမဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ တရားမဝင် အာဏာသိမ်းဖို့ ကြိုးပမ်းတာမတိုင်မီနဲ့ နောက်ပိုင်းမှာ မြန်မာနိုင်ငံတဝန်းက ရိုဟင်ဂျာတွေ၊ တခြားလူမျိုးစုအသိုက်အဝန်းတွေနဲ့ ပြည်သူတွေအပေါ် မြန်မာစစ်အုပ်စုက ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေအားလုံးအတွက် တရားမျှတမှု ဖော်ဆောင်နိုင်ဖို့ မလုံလောက်ဘူးလို့ ဆိုပါတယ်။

ဒါကြောင့် တရားမျှတမှုနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတို့အတွက် မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ICC ဆီကို လွှဲပြောင်းနိုင်ဖို့ ရောမစာချုပ် အပိုဒ် ၁၄ အရ ရောမစာချုပ်အဖွဲ့ဝင်နိုင်ငံတွေရဲ့ လွှဲပြောင်းပေးအပ်တာ ဒါမှမဟုတ် အထူးခုံရုံးတခု ဖွဲ့စည်းတာကတဆင့် ခိုင်မာတဲ့ လုပ်ဆောင်ချက်တွေ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရမယ်လို့လည်း ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013