Home
မြန်မာသတင်း
တရုတ်က မြန်မာ့အရေး လက်ဦးမှုရရန် ကြိုးစားနေဟု သုံးသပ်
DVB
·
August 23, 2024
Photo -REUTERS

တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ သံအမတ်အသစ်ခန့်အပ်တာ၊ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ခပ်သွက်သွက် လုပ်လာတာဟာ အနောက်နိုင်ငံတွေ အလုပ်ရှုပ်နေချိန်မှာ လက်ဦးမှုရယူတာ ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

ကိုဗစ်အလွန်မှာ အာဆီယံနိုင်ငံတွေ အပါအဝင် ဥရောပနိုင်ငံတွေ၊ ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်းပြီး စီးပွားရေးပြန်လည်ထူထောင်ဖို့ တရုတ်က ကြိုးစားနေတဲ့ စီးပွားရေးရာ ထောက်ပံ့ရေးလမ်းကြောင်း Regional Comprehensive Economic Partnership (RCEP)၊ တရုတ်အစိုးရရဲ့ မူလကတည်းက ရှိနေခဲ့တဲ့ ပိုးလမ်းမ မဟာဗျူဟာစီမံကိန်း စတာတွေဟာ မြန်မာ့ပြည်တွင်းရေး မငြိမ်သက်မှုကြောင့် နှောင့်နှေးမှုတွေ ရှိနေခဲ့တာပါ။

မြန်မာပြည်တွင်း ပဋိပက္ခတွေ ရှိနေပေမဲ့ ရခိုင်ပြည်နယ်က ကျောက်ဖြူစီမံကိန်း အပါအဝင် သူတို့ရဲ့ စီမံကိန်းတွေကို တရုတ်အစိုးရက ပုံမှန်ဆက်လည်ပတ်ဖို့ ကြိုးစားခဲ့ပြီး စစ်ရေး အရှိန်မြင့်လာချိန်မှာတော့ မဖြစ်မနေ တိုက်ရိုက်ပါဝင်ပတ်သက်ဖို့ အကြောင်းဖြစ်လာတယ်လို့ မြန်မာ့အရေးကျွမ်းကျင်သူတယောက်က သုံးသပ်ပါတယ်။

ဒေသတွင်း အဓိကပြိုင်ဘက် အိန္ဒိယနိုင်ငံမှာ ခန့်အပ်ထားတဲ့ သံအမတ် မစ္စမာကျားကို မြန်မာနိုင်ငံမှာ ရွှေ့ပြောင်းတာဝန်ထမ်းဆောင်စေတာ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ စစ်ခေါင်းဆောင်တို့ နေပြည်တော်မှာ တွေ့ဆုံတာ၊ မန္တလေးမှာ တရုတ်ကောင်စစ်ဝန် အသစ်ခန့်အပ်တာ၊ မြန်မာ့အရေး သူတို့လိုလားချက်တွေကို အတိအလင်း ထုတ်ဖော်ပြောဆိုတာ၊ အာဏာရှင်ဟောင်းတွေနဲ့ တွေ့ဆုံတာ၊ နိုင်ငံရေးပါတီတွေ နိုင်ငံရေးသမားတွေနဲ့ တွေ့ဆုံတာ၊ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ စစ်ကောင်စီတို့ အကြားမှာ ဆွေးနွေးပွဲတွေ ကြားခံစီစဉ်ပေးတာ စသဖြင့် တရုတ်အစိုးရရဲ့ ခြေလှမ်းသွက်သွက် လှုပ်ရှားမှုတွေကို လပိုင်းအတွင်း တွေ့မြင်လာရတာ ဖြစ်ပါတယ်။ 

မြန်မာ့အရေးကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောက “သူလည်း အိန္ဒိယမှာတောင် သံမှူးကြီး လုပ်လာတာဆိုတော့ သူ့အရည်အချင်းလည်း သေးမှာမဟုတ်ဘူးလေနော်။ တရုတ်ပြည်ရဲ့ သံတမန်တွေရဲ့ အစွမ်းကတော့ တော်တော်ကောင်းတယ်လို့ ပြောနိုင်တာပေါ့။ တရုတ်ရဲ့ အခုလုပ်ဆောင်လာတာတွေ သိပ်သွက်လာတာ အမှန်ပဲ။ တရုတ်ရဲ့ ပိုးလမ်းမစီမံကိန်းကြီးကလည်း တော်တော်ဖြစ်မြောက်နေပြီ။ မြန်မာပြည်မှာပဲ တရုတ်ရဲ့ မဟာဗျူဟာလမ်း ပင်လယ်ထွက်ပေါက်က မရဘူးဖြစ်နေတာကိုး။ အဲဒါကြောင့်မို့လို့ သူတို့ တော်တော်ကို သွက်သွက်လက်လက် လုပ်နေပုံရတယ်။ မြန်မာပြည်က ပထဝီနိုင်ငံရေးအရ တရုတ်အတွက်လည်း သိပ်အရေးကြီးတာကိုး။ ထို့အတူ အနောက်နိုင်ငံတွေအတွက်လည်း သိပ်အရေးကြီးတယ်။ အနောက်နိုင်ငံတွေက သူ့အလုပ်တွေနဲ့သူ များနေတဲ့အခါမှာ တရုတ်ကတော့ တမင်သက်သက် လက်ဦးမှုရှိရှိပေါ့ဗျာ ဆက်ကြိုးစားနေပုံရတယ်။ ဟိုနေ့က ဝမ်ယိ လာတဲ့အခါမှာလည်း သူက မြန်မာပြည်သူလူထုရဲ့ အကျိုးစီးပွားကို အဓိကထားရမယ်၊ နောက်သက်ဆိုင်တဲ့သူတွေ အားလုံးပါတဲ့ ရွေးကောက်ပွဲဆိုတဲ့ စကားတွေ ဘာတွေ ပြောသွားတာကိုး။ နောက် တရုတ်အပေါ်မှာ နာမည်ဖျက်တဲ့လုပ်ငန်းတွေကို ရပ်တန့်ဖို့ ခပ်ပြင်းပြင်းပဲ လာပြောသွားတာပါပဲ။ ဝမ်ယိက သူ မြန်မာပြည်အပေါ်မှာ တောင်းဆိုတဲ့ တောင်းဆိုချက်တွေ လာပြောပြတာပဲပေါ့ဗျာ” လို့ ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ၁၀၂၇ စစ်ဆင်ရေး မြို့သိမ်းတိုက်ပွဲတွေနဲ့အတူ ဒေသတွင်း တရုတ်စီမံကိန်းတွေကိုပါ မဖြစ်မနေ ထိန်းသိမ်းခဲ့ရတာကြောင့် တရုတ်အစိုးရအတွက် စိုးရိမ်စရာ ဖြစ်လာခဲ့တာပါ။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရှိသူက မြန်မာနိုင်ငံအတွင်း စီမံကိန်းတွေ၊ စီးပွားရေး လုပ်ငန်းတွေနဲ့ တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံရေးကို မထိပါးဖို့ ဇူလိုင် ၂၅ ရက်မှာ ထုတ်ဖော် ပြောဆိုထားပါတယ်။

ဩဂုတ် ၂၂ ရက်မှာ ပြုလုပ်ခဲ့တဲ့ ဒေသဆိုင်ရာ ခေါင်းဆောင်တွေနဲ့ ကျွမ်းကျင်ပညာရှင်များ အဆင့်မြင့်အဖွဲ့ ဆွေးနွေးပွဲမှာ တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေ၊ အာဆီယံနဲ့ နိုင်ငံတကာက တရားမျှတမှုဘက်က ရပ်တည်ပြီး မြန်မာနိုင်ငံအရေးကို အလေးထား ဆောင်ရွက်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက တောင်းဆိုခဲ့ပါတယ်။

NUG သမ္မတရုံး ပြောခွင့်ရှိသူ ဦးကျော်ဇော်က “ကျနော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေ အာဆီယံနိုင်ငံတွေနဲ့ နိုင်ငံတကာမိသားစုတွေကို မေးခွန်းထုတ်တယ်၊ တောင်းဆိုတဲ့ ဆွေးနွေးပွဲပေါ့နော်။ ယာယီသမ္မတကြီး ဒူဝါလရှီးလကလည်း အိမ်နီးချင်းတိုင်းပြည်တွေ အာဆီယံ အပါအဝင် နိုင်ငံတကာအတွက် ရွေးရမယ့်လမ်းက ရှင်းပါတယ်။ လွတ်လပ်မှုကို ရွေးမလား၊ အကြမ်းဖက်မှုကို ရွေးမလား၊ တရားမျှတမှုကို ရွေးမလား၊ အကြမ်းဖက် အာဏာရှင်တွေဘက်က ရပ်မလား ဆိုတာ နိုင်ငံတကာက ရွေးရမယ့်အချိန် ရောက်နေပြီ။ ဒီအချိန်မှာ နိုင်ငံတကာနဲ့ အာဆီယံက သမိုင်းမှာ သူတို့ မှန်ကန်တဲ့ဘက်က ရပ်တည်ဖို့ အချိန်ရောက်ပြီဆိုတာ ပြောကြားသွားတာ တွေ့ရပါလိမ့်မယ်” လို့ ပြောပါတယ်။

အိန္ဒိယနိုင်ငံသံအမတ်ကြီးတာဝန်ကနေ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ် ပြောင်းလဲတာဝန်ယူလာတဲ့ မစ္စ မာကျားဟာ ဦးသန်းရွှေလက်ထက် ၁၉၉၅ ခုနှစ်ကနေ ၁၉၉၈ ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှာ တတိယအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ဖူးသူ ဖြစ်တာကြောင့် မြန်မာ့နိုင်ငံရေးကို အရင်ကတည်းက အကျွမ်းတဝင်ရှိသူ ဖြစ်ပါတယ်။

အာရှဒေသတွင်း အရေးပါတဲ့ ပါကစ္စတန်၊ ဂျပန်၊ စင်ကာပူနိုင်ငံတို့မှာ သံရုံးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ဖူးသူဖြစ်ပြီး ဥရောပနိုင်ငံတွေဖြစ်တဲ့ ဗြိတိန်နိုင်ငံနဲ့ မြောက်အိုင်ယာလန် နိုင်ငံတို့မှာလည်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်တာကြောင့် သံတမန်ရေးရာ ကျွမ်းကျင်သူ ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013