Home
ဆောင်းပါး
မြန်မာ့အရေးအပေါ် တရုတ် စဥ်းစားချက်ကို တီးခေါက်ကြည့်ရာဝယ်
DVB
·
August 23, 2024

သြဂုတ်လ ၁၄ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နေပြည်တော်ကို ရောက်လာပြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံရာမှာ အချက်သုံးချက်ကို အဓိကထား ပြောသွားတာ ဖတ်ရပါတယ်။

ပြည်တွင်း မတည်မငြိမ်ဖြစ်မှုနဲ့ ပြည်တွင်းစစ် ဖြစ်ပွားနေတာကို လက်မခံ ဆန့်ကျင်တာ၊ ပြည်ပနိုင်ငံ အင်အားစုတွေ ထင်သလိုစိမ့်ဝင် စွက်ဖက်တာကို လက်မခံတာ၊ အာဆီယံရဲ့ ပြည်တွင်းရေး ဝင်မစွက်ဖက်ဘဲ ကြားဝင်ညှိနှိုင်းပေးတဲ့ ဘုံသဘောတူညီချက်ငါးရပ် နည်းလမ်းကို ထောက်ခံအားပေးသလို စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဥ်ငါးရပ်နဲ့ ညှိနှိုင်းအကောင်အထည်ဖော်ဖို့ တိုက်တွန်းတာတွေ ဖြစ်ပါတယ်။

စစ်ဆင်ရေး ၁၀၂၇ စတင်ပြီး တနှစ်နီးပါးအကြာ ရှမ်းမြောက်ဒေသနဲ့ ဆက်စပ်ဒေသများအတွင်း EAOs တွေနဲ့ PDF က ထိန်းချုပ်ထားတဲ့ တရုတ်စီမံကိန်း ၁၀ ခု၊ ရခိုင်ပြည်နယ်မှာ AA က တစိတ်တပိုင်း ထိန်းချုပ်ထားတဲ့ တရုတ်စီမံကိန်း ၉ ခု၊ တရုတ်နယ်စပ်က ကုန်သွယ်ရေးစခန်းနဲ့ ဂိတ်ပေါင်း ၆ ခုက EAOs တွေလက်ထဲ ကျရောက်ခဲ့ပြီးပြီ ဖြစ်ပါတယ်။

တရုတ်စီမံကိန်းတွေကို ထိန်းချုပ်ထားတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကလည်း non - state actor တွေဖြစ်ပြီး တရုတ်အစိုးရဟာ NUG အပါအဝင် တော်လှန်ရေး အစုအဖွဲ့အမျိုးမျိုးနဲ့ မတူညီတဲ့ ဆက်ဆံရေးတွေ လုပ်ရ ညှိနှိုင်းရ အလုပ်ရှုပ်တာမျိုးထက် ဘုံအစုအဖွဲ့တခုတည်း တင်းပြည့်ကျပ်ပြည့် အစိုးရတရပ်နဲ့ပဲ ညှိနှိုင်းချင်တာက တရုတ်ရဲ့ရပ်တည်ချက် ဖြစ်နေဆဲပဲလို့ ယူဆနိုင်ပါတယ်။

နောက်တချက်က စစ်ရေးဖိအား အလွန်အမင်း ပြင်းထန်သွားလို့ စစ်ကောင်စီကျရှုံးချိန်မှာ နိုင်ငံရေးဦးဆောင်မှု၊ ဘုံသဘောတူညီ စုစည်းထားမှု မရှိတဲ့ နယ်ပယ်ခွဲဝေအုပ်ချုပ်ပုံစနစ် ကွဲပြားအခြေအနေမျိုး တင်းပြည့်ကျပ်ပြည့် ပြည်ထောင်စုအစိုးရတရပ်ဖြစ်ဖို့ ကြာမြင့်နိုင်တာတွေကြောင့် တရုတ်အကျိုးစီးပွား နှောင့်နှေးစေတဲ့ ခဲဆွဲလေးလံမှုတွေ ဖြစ်လာမှာလည်း စိုးရိမ်ဟန်တူတယ်။ တရုတ်က ဒီအခြေအနေမျိုး အဖြစ်မခံချင်ရတဲ့ အကြောင်းတရားတွေလည်း လက်တွေ့အချက်အလက်တွေအရ မြင်သာနေပါတယ်။

တရုတ်အကျိုးစီးပွားတွေကို ထိန်းချုပ်လာတဲ့ အစုအဖွဲ့တွေအပေါ် NUCC, NUG ကလည်း ကတိကဝတ်ပြု အာမခံချက်ပေးပြီး နိုင်ငံရေးအရ စုစည်းမှုတရပ် မလုပ်နိုင်သေးတာက တရုတ်အဖို့ စစ်ကောင်စီနဲ့ပဲ နီးကပ်တဲ့ဆက်ဆံရေး ပိုဖြစ်နေသေးတဲ့ အကြောင်းတရားတရပ် ဖြစ်တယ်လို့လည်း ယူဆနိုင်ပါတယ်။ သည်ကြားထဲမှာတော့ စီမံကိန်းတွေကို အထိအခိုက် မရှိအောင် တော်လှန်ရေးအင်အားစုများရဲ့ စစ်ရေးဖော်ဆောင်မှုအပေါ် ကျည်၊ လက်နက်ခဲယမ်း ထောက်ပံ့တာ၊ ဟိုင်ဂင်ဆွေးနွေးပွဲတွေ ကျင်းပတာမျိုး လိုတိုးပိုလျှော့လုပ် ကစားသလို တဖက်မှာလည်း ဒီလို လိုတိုးပိုလျှော့က စစ်ကောင်စီကို ဖိအားပေးရာရောက်တဲ့ နည်းလမ်းဖြစ်တယ်လို့ ရှုမြင်နိုင်ပါတယ်။

တရုတ်နဲ့ မြန်မာဟာ ဆက်ဆံရေး အစဥ်တစိုက် ကောင်းမွန်ခဲ့သလို မြန်မာအနေနဲ့ ၁၉၈၀ ခုနှစ် နောက်ပိုင်းကစပြီး ကုန်သွယ်ရေးနဲ့ လုံခြုံရေးက တရုတ်အပေါ် အဓိက မှီခိုနေခဲ့ရပါတယ်။

ဗြိတိသျှလူမျိုး သမိုင်းပညာရှင် မာတင်ဂျာ့က်စ်ရဲ့ when china rules the world စာအုပ်ထဲမှာတော့ တရုတ်ရဲ့ အရှေ့အာရှ အိမ်နီးချင်းနိုင်ငံတွေအပေါ် ဆက်ဆံရေးမဟာဗျူဟာ မူဝါဒက ပဋိပက္ခတွေကိုရှောင်၊ နှစ်ဦးနှစ်ဖက် အကျိုးစီးပွားကို တိုးတက်အောင်လုပ်၊ အာမခံချက် အပြည့်ပေး၊ အပြန်အလှန်မှီခိုကြ ဆိုတာမျိုး လေ့လာဖတ်ရှုရတယ်။

ဆိုတော့ ဆက်ရရင် တရုတ်ကို ချဥ်းကပ်ဖို့ရာမှာ NUCC, NUG အနေနဲ့က နိုင်ငံရေးစုစည်းမှု အားတရပ်၊ ဘုံသဘောတူညီချက်တရပ် လုပ်ဆောင်ပြ၊ တရုတ်စီမံကိန်းတွေအပေါ် အာမခံချက် အပြည့်အဝပေးမှသာ တရုတ်က ဆက်ဆံလာမှာဖြစ်တယ်လို့ ယူဆတယ်။ ဒီအတိုင်း တရုတ်စီမံကိန်းတွေကို မပစ်ခိုင်းထားပါဘူးလို့ တွင်တွင်ပြောနေတာက အာမခံချက် အပြည့်အဝပေးရာ မရောက်ဘူးလို့ တရုတ်က ခံစား ယူဆထားရဟန် တူတယ်။

လူတချို့ စိုးရိမ်ကြသလိုမျိုး နွေဦးတော်လှန်ရေးဟာ တရုတ်ရဲ့ ခဲယမ်းမီးကျောက် ထောက်ပံ့မှုနဲ့ အရှိန်ကောင်းလာတာမို့ တရုတ်ကသာ ရပ်တန့်လိုက်ရင် အရှိန်သေမယ်၊ တော်လှန်ရေး ကျရှုံးနိုင်တယ်၊ ချည့်နဲ့သွားနိုင်တယ်၊ အဲ့အခါမှ စစ်ကောင်စီက ရွေးကောက်ပွဲလုပ်၊ စစ်ကောင်စီနဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေ ညှိနှိုင်းကြ၊ ၂၀၀၈ ခြေဥအောက်ပဲ ပြန်ရောက် ဆိုတာမျိုးတော့ ဖြစ်နိုင်ခြေနည်းလွန်းပါတယ်လို့ပဲ ဆိုရမှာဖြစ်ပေမဲ့ ဖြစ်မလာအောင် ဆောင်ရွက်ရမယ့် အဆင့်တွေတော့ NUG က ပျက်ကွက်နေတယ်၊ သတိမပြုမိဘူးလို့ဘဲ မြင်နေရတယ်။

အဲဒါကတော့ မြေပြန့်မှာ ကာကွယ်ရေး လုံခြုံရေး အုပ်ချုပ်ရေးအရ ခိုင်မာတဲ့ ခြေကုပ်နဲ့ ယန္တရားကို သေချာဖွဲ့စည်း ထူထောင်ထားနိုင်ခြင်း မရှိတာဘဲ။ ပကဖတွေနဲ့ PDF တွေ ကြားမှာတင် လုပ်ငန်းစဥ် ဒွေးရောက်ယှက်တင်ဖြစ် စွက်ဖက်မှုတွေရှိပြီး တိုင်ပတ်နေတုန်း ဖြစ်တယ်။ ဒါကို မပြင်ဆင်နိုင်ရင် ပြည်မရဲ့စစ်ရေးဟာ ပုံစံအသစ်နဲ့ ချည့်နဲ့သွားမှာ ဖြစ်တယ်လို့ ယူဆရတယ်။ ဒီလို ချည့်နဲ့သွားမှာကို EAOs တွေက ထိုင်ကြည့်နေလို့မရတဲ့ အကြောင်းအချက်တွေ ရှိတယ်။ EAOs တွေကတော့ နယ်မြေတွေရပြီးလို့ ပိုနေမြဲ ကျားနေမြဲ ဖြစ်နေလိမ့်မယ်ဆိုငြား စစ်ကောင်စီ ပြန်အားကောင်းလာရင် အဲဒီ ပိုနေမြဲ ကျားနေမြဲ အခြေအနေကို မထိပါးပါဘူးလို့ အာမခံချက်မရှိဘူး။ ပြန်ထိုးစစ်ဆင်ခံရမှာ ဖြစ်တယ် ဆိုတော့ ဒီပွဲဟာ နွေဦးတော်လှန်ရေးမှာ အားလုံးပါဝင် တက်ညီလက်ညီ ပါဝင်တွန်းလှန်ကြဖို့ လိုတယ်။

တရုတ်က မြန်မာနိုင်ငံမှာ ချောမွေ့တဲ့ အသွင်ကူးပြောင်းရေး အစိုးရတရပ် ပေါ်ပေါက်လာဖို့၊ ပေါ်ပေါက်လာတဲ့ အစိုးရကလည်း ရှေ့က ဆိုခဲ့သလို တရုတ်စီမံကိန်းတွေကို အပြည့်အဝ အာမခံချက် ပေးနိုင်ပြီး နယ်စပ်ဒေသ လုံခြုံတည်ငြိမ်ရေးကို တာဝန်ခံနိုင်စေဖို့  စိတ်ရှည်ရှည်နဲ့ပဲ စစ်ကောင်စီနဲ့ နွေဦးတော်လှန်ရေးအင်အားစု နှစ်ဖက်လုံးကို လိုသလို ပုံသွင်းနေဦးမယ့် အနေအထားဖြစ်တယ်လို့ ရှုမြင်နိုင်ပါတယ်။

မောင်မိုးမာန်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013