မြန်မာ့အရေးကို ဟိုလိုလို ဒီလိုလိုနဲ့ ခြံစည်းရိုးခွထိုင်ခဲ့တဲ့ တရုတ်ဟာ အခု အကြမ်းဖက်စစ်ကောင်စီ မရှူနိုင်မကယ်နိုင် လဲကျမတတ် ယိုင်နဲ့နဲ့ ဖြစ်လာတဲ့အချိန် ရောက်တော့ စစ်ကောင်စီဘက်ခြမ်း ခြေတဖက်ချတော့မယောင် တွေ့လာရတယ်။
ဩဂုတ် ၁၄ ရက်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နေပြည်တော် ရောက်လာတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တရုတ်ကို မဆန့်ကျင်ဖို့ ခပ်ပြတ်ပြတ် သတိပေးခြင်းနဲ့ သက်ဆိုင်သူအားလုံးပါဝင်တဲ့ ရွေးကောက်ပွဲဖြစ်ရေး တိုက်တွန်းချက်ကလွဲလို့ ကျန်ပြောကြားချက်တွေက စစ်ကောင်စီ ရှေ့လုပ်ငန်းစဉ် ၅ ရပ်အတိုင်း လုပ်စရာရှိတာ ဆက်လုပ်ပါ၊ ထောက်ခံသွားပါမယ် ဆိုတာမျိုး။
ရပ်ထဲရွာထဲ ခိုးဆိုးလုယက် ပစ်ခတ်သတ်ဖြတ်နေသူတစုကို ခုခံငြင်းဆန်သူ မှန်သမျှဟာ မတည်ငြိမ်မှု ဖန်တီးနေသူတွေလို့ တရုတ်က စွပ်စွဲချင်ရုံတင်မက ခိုးဆိုးလုယက်တို့ ပြောသမျှ ခေါင်းညိတ် မျက်လွှာချ ခရီးဆက်ကြဖို့ တရုတ်က တိုက်တွန်းချင်ပုံလည်း ရတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးက အခြေခံဥပဒေမူဘောင်အောက်ကနေ ရင်ကြားစေ့ရေး၊ တပြည်လုံး ရွေးကောက်ပွဲ အဆင်ပြေချောမွေ့စွာ ကျင်းပရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းမှု ပြန်လည်စတင်ရေးကို ထောက်ခံကြောင်း မြန်မာနိုင်ငံတွင်း ပြည်ပအင်အားစုများ ဝင်ရောက်စွက်ဖက်မှုနဲ့ မြန်မာတည်ငြိမ်အေးချမ်း ဖွံ့ဖြိုးမှုကို ဖျက်ဆီးတဲ့ ပြောဆိုပြုမူမှုတွေကို ဆန့်ကျင်ကြောင်း ဩဂုတ် ၁၄ ရက်နေ့၊ ဒုတိယအာဏာရှင်ဟောင်း သန်းရွှေနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့တယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံစဉ်မှာလည်း အခြေခံဥပဒေ မူဘောင်အောက်ကနေ ရှေ့လုပ်ငန်းစဉ်သစ် ၅ ရပ်ကို တွန်းအားပေး ဆောင်ရွက်နေခြင်းအပေါ် အခိုင်အမာ ထောက်ခံကြောင်း၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်ရေးကို ဆောလျင်စွာ အကောင်အထည်ဖော်ဆောင်ကာ ရေရှည်တည်ငြိမ် အေးချမ်းသော လမ်းကို ရှာရမှာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားခဲ့တယ်လို့ ဆင်ဟွာသတင်းက ဖော်ပြတယ်။
စစ်ကောင်စီဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ကာ အာဏာသိမ်းခဲ့ကြောင်း တမ္ဘာလုံးကသိပြီး တရုတ်လည်း ကောင်းကောင်းသိပေမဲ့ စစ်ကောင်စီအသုံး၊ စစ်ကောင်စီအကြိုက် အခြေခံဥပဒေမူဘောင်အောက် ဆိုတာကို ဝမ်ယိက နေပြည်တော် ခရီးစဉ်မှာ တွင်တွင်သုံးခဲ့တယ်။ ပြီးတော့ မြန်မာနိုင်ငံတွင်း ပြည်ပအင်အားစုများ ဝင်ရောက်စွက်ဖက်ခြင်း ဆိုတာကိုလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ခံတွင်းတွေ့ခဲ့သေးတယ်။ စစ်ကောင်စီရဲ့ ကြောက်မက်ဖွယ် အကြမ်းဖက်မှုမှန်သမျှအပေါ် ဝေဖန်ရှုတ်ချခြင်းဟာ မြန်မာပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခြင်းလို့ တရုတ်က ဆိုလိုပုံပါပဲ။ စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ မြန်မာပြည်သူတွေအပေါ် နိုင်ငံတကာရဲ့ ထောက်ခံအားပေးခြင်းကိုလည်း ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်ခြင်းလို့ တရုတ်က အဓိပ္ပာယ်ဖွင့်ချင်ပုံရတယ်။
စစ်တပ်ရဲ့ အာဏာသိမ်းမှုဟာ မြန်မာပြည်တွင်းရေးကိစ္စ၊ တရုတ်နဲ့ ဘာမှမဆိုင်။ စစ်ကောင်စီ ဘယ်လိုနည်းနဲ့ အာဏာရရ၊ လတ်တလော အာဏာရှိသူဟာ အစိုးရပဲလို့လည်း တရုတ်က ခံယူတယ်။ ဒါ့ကြောင့် အာဏာသိမ်းထားတဲ့ စစ်ကောင်စီကို ဘယ်ကမ္ဘာကပဲ ပစ်ပယ်ပါစေ၊ တရုတ်ကတော့ ဆက်ဆံစရာရှိတာ ဆက်ဆံမှာပဲဆိုပြီး ဆက်ဆံခဲ့တယ်။
တရုတ်က မြန်မာ့အရေးနဲ့ ပတ်သက်ပြီး သက်ဆိုင်သူအားလုံး ပါဝင်တဲ့ ဆွေးနွေးအဖြေရှာရေးကို တောက်လျှောက်ဆိုသလို ပြောခဲ့တယ်။ တရုတ်ပြောတဲ့ သက်ဆိုင်သူအားလုံးမှာ လက်ရှိ စစ်ကောင်စီကို လက်နက်ကိုင်တိုက်နေတဲ့ NUG အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေတော့ ပါပုံတော့မပေါ်ဘူး။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံဆွေးနွေးမှုရဲ့ အဓိကမဏ္ဍိုင်အဖြစ် တရုတ်က လက်ခံထားသလို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပြုဖို့ တရုတ်ဘက်က တောင်းဆိုမှု အကြိမ်ကြိမ်ရှိနိုင်ပေမဲ့ စစ်ကောင်စီက ဒီနေ့ထိတိုင် ပယ်ချမြဲပါပဲ။ အဲဒီလို ငြင်းပယ်ခြင်းဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကို ပြန်လည်စတင်ဖို့ စစ်ကောင်စီက ငြင်းဆိုနေခြင်း ဖြစ်ပေမဲ့ တရုတ်က ဘာမှ တုံ့ပြန်ပြောဆိုခြင်း မရှိတာလည်း တွေ့ရတယ်။
စစ်ကောင်စီရဲ့ အကြမ်းဖက်သတ်ဖြတ်မှုများစွာ ကျူးလွန်နေတာ၊ ပြည်သူကို ပစ်မှတ်ထား တိုက်ခိုက်နေတာ၊ ဟိုင်ဂင်သဘောတူညီချက်ကို စစ်ကောင်စီက စတင်ချိုးဖောက်ကာ တဖက်သတ် တိုက်ခိုက်ခဲ့တာကြောင့် ရှမ်းမြောက်မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာတာ၊ စတဲ့ စစ်ကောင်စီရဲ့ တရားမဲ့ ထင်သလိုလုပ်ရပ် မှန်သမျှကို ပြည်တွင်းရေး ဝင်မစွက်ရေးမူအရလို့ ဆိုပြီး တရုတ်က ရေငုံနှုတ်ပိတ်နေတာလည်း တွေ့ရတယ်။
အဲဒီလို ပါးစပ်တင်းတင်းစေ့ထားတဲ့ တရုတ်ဟာ ဩဂုတ် ၁၆ ရက်၊ ထိုင်းနိုင်ငံမှာ ပြုလုပ်တဲ့ ထိုင်း၊ မြန်မာ၊ လာအို၊ တရုတ် လေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘော တွေ့ဆုံပွဲမှာတော့ မြန်မာ့အရေး ကျော်လွန်လို့မရတဲ့ စည်းသုံးချက် ရှိတယ်ဆိုပြီး စည်းတားပြပြန်တယ်။ မြန်မာမှာ မတည်ငြိမ်မှုနဲ့ ပြည်တွင်းစစ် ဖြစ်ပွားလို့မရ၊ အာဆီယံမိသားစုနဲ့ ကင်းကွာသွားလို့မရ၊ ပြင်ပအင်အားစုတွေက ထင်သလို စိမ့်ဝင် စွက်ဖက်မှုကို ခွင့်ပြုလို့မရဘူးလို့ တရုတ်စည်းသုံးချက်က ဆိုတယ်။
မြန်မာ့အရေး တရုတ်ရဲ့ နံပါတ်နှစ်စည်းဖြစ်တဲ့ အာဆီယံမိသားစုနဲ့ ကင်းကွာသွားလို့ မရဘူး ဆိုတာက မြန်မာစစ်ခေါင်းဆောင်တွေ အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်ခွင့်မရှိဘူး ဆိုတဲ့ အာဆီယံရဲ့ ပြစ်ဒဏ်ကို ပြန်လည်ဖြေလျှော့ပေးဖို့ စကားလမ်းကြောင်း ခင်းနေတာလားလို့ မေးခွန်းထုတ်ရပါမယ်။
ဒါ့အပြင် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ် ဆက်စပ်ဖော်ဆောင်ရေးလိုင်းကို အဲဒီ အလွတ်သဘော အစည်းအဝေးကနေ တရုတ်က ထပ်တင်လာပြန်တယ်။ မူ ၅ ရပ်နဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ် ဆက်စပ်ဖော်ဆောင်ရေးဆိုတာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် နေပြည်တော်ကနေ အပြန်မှာ စစ်ကောင်စီက ထည့်ပေးလိုက်တဲ့ ဂျင်းဖြစ်တယ်။ အဲဒီဂျင်းကို ဂျင်းမှန်းသိလျက် ကမ္ဘောဒီးယားက ဖြန့်ချိခဲ့ရာမှာ အာဆီယံရော နိုင်ငံတကာအသိုင်းအဝိုင်းကပါ ချက်ချင်း ပယ်ချခဲ့ကြတယ်။
အခုတော့ တရုတ်က အဲဒီဂျင်းကို အာဆီယံ လက်ခံမလားဆိုပြီး တရုတ်ချက်အရက်ပြင်းပြင်း နည်းနည်းရောကာ ပြန်တည်ခင်း၊ စစ်ကောင်စီကို ပရိုမိုးရှင်း လုပ်ကြည့်ပြန်တယ်။ တကယ်တော့ အာဆီယံမူ ၅ ရပ်ဆိုတာ စစ်ကောင်စီ အာဏာသိမ်းလိုက်ခြင်းကို လက်မခံရာကနေ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီကို အရပ်သားအစိုးရအသွင် ပြန်အသက်သွင်းရေး ရှေ့လုပ်ငန်းစဉ် ၅ ရပ်နဲ့ ဘယ်လိုမှ ဆက်စပ်မရတဲ့ ပြဒါးတလမ်း သံတလမ်း ဖြစ်တယ်။
အခု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဆီမန်း မန်းသလို ရေရွတ်နေတဲ့ မြန်မာ့အရေး ပြည်ပအင်အားစုတွေက ထင်သလို ဝင်စွက်တာတွေကို လက်မခံဘူးဆိုတာ ဒေသတွင်း ပြဿနာကို ဒေသတွင်းနိုင်ငံတွေသာ ပြောရေးဆိုခွင့်ရှိတယ် ဆိုတာမျိုး တရုတ်က ပြောလိုတာကြောင့် မြန်မာ့အရေး အာဆီယံရဲ့ အခန်းကဏ္ဍကို တရုတ်က လက်ခံရတယ်။ ဒါ့ကြောင့် စစ်ကောင်စီနဲ့ စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို အာဆီယံအနေနဲ့ အသိအမှတ်ပြုဖို့ တရုတ်က ပရိုမိုးရှင်းလုပ်လာခြင်း ဖြစ်တယ်။
စစ်ကောင်စီ အသက်ငင်လာတဲ့အချိန်မှာ စစ်ကောင်စီမပြိုလဲရေး တရုတ်ရဲ့ ကျားကန်ပေးလိုမှုဟာ မြန်မာပြည်သူတို့ရဲ့ ကြီးမြတ်တဲ့ နိုင်ငံရေးဆန္ဒကို စော်ကားလိုက်ခြင်းလည်း ဖြစ်တယ်။ အာဏာရှင်ဟောင်း သန်းရွှေနဲ့ တွေ့ဆုံစဉ်မှာတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာအစိုးရနဲ့ ပြည်သူတွေ ယုံကြည်အားထားရတဲ့ မိတ်ဆွေကောင်းဖြစ်ကြောင်း ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့တယ်။ မြန်မာအစိုးရဆိုတာ မြန်မာပြည်သူတွေ လုံးဝအသိအမှတ်မပြုတဲ့ စစ်ကောင်စီကို ဆိုလိုပုံရပြီး ပြည်သူတွေ ဆိုတာကတော့ မကြာသေးမီက တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲ လုပ်ခဲ့တဲ့ စစ်ကျွန်မျိုးချစ်တွေကို ဆိုလိုသလားလို့ မေးခွန်းထုတ်ရပါတော့မယ်။