သူလျှိုလုပ်တယ်လို့ သံသယရှိတဲ့ ဂျပန်နိုင်ငံသားတယောက်ကို တရုတ်အစိုးရရှေ့နေတွေက စွဲချက်တင်ထားတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ် ၂၂ ရက်မှာ ပြောပါတယ်။
တရုတ်နိုင်ငံဟာ တရားမဝင် ရာဇဝတ်မှုတွေနဲ့ ရာဇဝတ်မှုဆိုင်ရာ ဆောင်ရွက်ချက်တွေကို တရားဝင် စုံစမ်းစစ်ဆေးနေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အက်စ်တဲလက်စ် ဖာမာ ကုမ္ပဏီက ဂျပန်ဝန်ထမ်းတယောက် စွဲချက်တင်ခံရတာနဲ့ ပတ်သက်ပြီး သတင်းထောက်က မေးမြန်းရာမှာ ခုလို ဖြေကြားခဲ့တာပါ။
သူလျှိုလုပ်တယ်ဆိုတဲ့ သံသယနဲ့ ၂၀၂၃ ခုနှစ် မတ်လကစပြီး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ဂျပန်ဝန်ထမ်းတွေထဲက တယောက်ကို တရုတ်အာဏာပိုင်တွေက စွဲချက်တင်ထားတယ်လို့ ဂျပန်ဆေးဝါးကုမ္ပဏီက သြဂုတ် ၂၁ ရက်မှာ ပြောခဲ့ပါတယ်။
ဂျပန်နဲ့ ထိုင်ဝမ်က အာဏာရနိုင်ငံရေးပါတီတွေက လွှတ်တော်ကိုယ်စားလှယ်တွေက ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားဖို့ ဩဂုတ် ၂၁ ရက်မှာ သဘောတူခဲ့ပြီး နောက်ရက်မှာ ခုလို ဖြေကြားခဲ့တာပါ။
ဂျပန်က လစ်ဘရယ် ဒီမိုကရက်ပါတီရဲ့ လွှတ်တော်အမတ်တွေနဲ့ ထိုင်ဝမ်ဒီမိုကရက်တစ် တိုးတက်ရေးပါတီ တို့က အဖွဲ့ဝင်တွေဟာ သံတမန်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်မှု နယ်ပယ်တွေကို တိုကျိုမြို့တော်မှာ ဗုဒ္ဓဟူးနေ့က ဆွေးနွေးခဲ့ကြပါတယ်။
အရှေ့အာရှက လုံခြုံရေးပတ်ဝန်းကျင်က ပိုမိုပြင်းထန်လာလို့ ဂျပန်နဲ့ ထိုင်ဝမ်ကြား ပူးပေါင်းဆောင်ရွက်မှုက အရေးကြီးပုံကို LDP ပါတီဝင် အမတ်တယောက်က အလေးပေး ပြောကြားခဲ့ပါတယ်။
အရှေ့နဲ့ တောင်တရုတ်ပင်လယ်နဲ့ ထိုင်ဝမ်ရေလက်ကြားတို့မှာ တရုတ်ရဲ့ စစ်ရေးဖိအားတွေ တိုးလာတာဟာ ထိုင်ဝမ်နဲ့ ဂျပန်တို့ လုံခြုံရေးအတွက် ဆိုးရွားတဲ့ပြဿနာ ဖြစ်တယ်လို့ DPP ကိုယ်စားလှယ်က ပြောပါတယ်။
ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတို့အတွက် နှစ်ဖက်စလုံးက လက်ရှိအနေအထားကို အင်အားသုံး ခြိမ်းခြောက်မှုနဲ့ ပြောင်းလဲဖို့ တဖက်သတ်ကြိုးပမ်းမှုကို ခွင့်မပြုဘဲ အတူတကွလုပ်ဆောင်ဖို့ ထိုင်ဝမ်နဲ့ ဂျပန်တို့ သဘောတူညီခဲ့ကြပါတယ်။
ဆိုက်ဘာတိုက်ခိုက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ သတင်းအချက်အလက်တွေကို ဆက်ဖလှယ်သွားမယ်လို့လည်း သူတို့က အတည်ပြုခဲ့ပါတယ်။
Source-Reuters