အိန္ဒိယနဲ့ ဂျပန်တို့ဟာ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ဆက်ဆံရေးကို မြှင့်တင်ဖို့ သြဂုတ် ၂၀ ရက်မှာ သဘောတူခဲ့ပါတယ်။
နှစ်နိုင်ငံစလုံးက တရုတ်နဲ့ ဆက်ဆံရေး အဆင်မပြေတဲ့ နိုင်ငံတွေပါ။ လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသရဲ့ ဘုံမဟာဗျူဟာအမြင်ကိုလည်း ကျောထောက်နောက်ခံ ပြုခဲ့ကြပါတယ်။
နှစ်နိုင်ငံစလုံးရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ကာကွယ်ရေးဝန်ကြီးတွေဟာ နယူးဒေလီ မြို့တော်မှာ အိန္ဒိယ-ဂျပန် ၂+၂ ဆွေးနွေးပွဲလို့ခေါ်တဲ့ ဆွေးနွေးပွဲတရပ်ကို ၅ နှစ်အတွင်း တတိယမြောက် စေ့စပ်ညှိနှိုင်းမှုအောက်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဂျပန်ကနေ အိန္ဒိယကို စစ်သင်္ဘောဆက်သွယ်ရေး အင်တာနာတွေနဲ့ ဆက်စပ်နည်းပညာတွေ လွှဲပြောင်းရာမှာ အခြေအနေ တိုးတက်မှုကို ဆွေးနွေးခဲ့တယ်လို့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဂျပန်အစိုးရဟာ ကာကွယ်ရေးဆိုင်ရာ စက်မှုလုပ်ငန်းကို အားကောင်းလာစေဖို့ ကြိုးစားနေလို့ ၂၀၁၅ ခုနှစ် သဘောတူညီချက်အရ အိန္ဒိယအစိုးရဆီ ကာကွယ်ရေးပစ္စည်းနဲ့ နည်းပညာတွေ လွှဲပြောင်းပေးပို့တာဟာ ဂျပန်နိုင်ငံရဲ့ ပထမဆုံး ကာကွယ်ရေးပစ္စည်းတင်ပို့မှု အမှတ်အသား ဖြစ်လာပါတယ်။
အိန္ဒိယနဲ့ ဂျပန်ကြား စီးပွားရေးနဲ့ နိုင်ငံရေးဆိုင်ရာ ဆက်ဆံရေးလည်း တိုးမြင့်လာခဲ့ပါတယ်။
ဒီနိုင်ငံတွေဟာ ဒေသတွင်း တရုတ်ရဲ့ လွှမ်းမိုးမှုကို တန်ပြန်ဖို့ အမေရိကန်နဲ့ သြစတြေးလျတို့နဲ့အတူ ၄ နိုင်ငံမဟာမိတ် ကဒ် လုံခြုံရေးအဖွဲ့ဝင် နိုင်ငံတွေလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က ကမ္ဘာ့ တတိယနဲ့ ပဉ္စမအကြီးဆုံး စီးပွားရေးနိုင်ငံတွေဖြစ်တဲ့ ဂျပန်နဲ့ အိန္ဒိယတို့ဟာ ကာဗွန်ထုတ်လွှတ်မှုနည်းတဲ့ နည်းပညာ စီမံကိန်းတွေအတွက် ပူးတွဲရန်ပုံငွေ ဒေါ်လာ သန်း ၆၀၀ ရန်ပုံငွေကို စတင်မိတ်ဆက်ခဲ့ပါတယ်။
၂၀၂၃/၂၄ ဘဏ္ဍာနှစ်မှာ နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၈၅ ဘီလီယံ ရှိခဲ့ပါတယ်။
Source-Reuters