Home
ဆောင်းပါး
အိန္ဒိယနှင့် အရှေ့တောင်အာရှက ဆိုက်ဘာလိမ်လည်မှုများ
DVB
·
August 18, 2024

အရှေ့တောင်အာရှမှာ ဖြစ်ပေါ်နေတဲ့ ဆိုက်ဘာရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး အိန္ဒိယ၊ မြန်မာနဲ့ ထိုင်းနိုင်ငံတို့ဟာ ၃ ပွင့်ဆိုင် အစည်းအဝေးတရပ်ကို ပြီးခဲ့တဲ့ ဇူလိုင်လ အစောပိုင်းက အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ကျင်းပခဲ့ပါတယ်။ BIMSTEC Foreign Ministers’ Retreat ရဲ့ ဆက်စပ်အစည်းအဝေးအနေနဲ့ ကျင်းပတဲ့ အဲဒီအစည်းအဝေးမှာ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယံ ဂျိုင်ရှန်ကာဟာ မြန်မာနဲ့ ထိုင်းနိုင်ငံတို့မှ သက်ဆိုင်ရာ ဝန်ကြီးတွေနဲ့ တွေ့ဆုံပြီး အွန်လိုင်း လိမ်လည်မှု အရေးကို အဓိကထား ဆွေးနွေးခဲ့ပါတယ်။

လာအိုနိုင်ငံမှာ ဇူလိုင်လ ၂၇ ရက်နေ့က ကျင်းပခဲ့တဲ့ ၃၁ ကြိမ်မြောက် အာဆီယံဒေသတွင်း ဖိုရမ်မှာလည်း အိန္ဒိယဝန်ကြီး ဆူဘရာမန်ယံ ဂျိုင်ရှန်ဟာ လက်ရှိဖြစ်ပေါ်နေတဲ့ ဆိုက်ဘာ ရာဇဝတ်မှုတွေကို တန်ပြန်နှိမ်နင်းနိုင်ဖို့အတွက် ခိုင်မာတဲ့ ယန္တရားတွေ ဖော်ဆောင်သွားကြဖို့ တောင်းဆိုခဲ့သလို ဒေသတွင်းလုံခြုံရေးနဲ့ စီးပွားရေးတည်ငြိမ်ရေးအတွက် စုပေါင်းဆောင်ရွက်မှုရဲ့ အရေးပါမှုကို အလေးပေး ပြောခဲ့ပါတယ်။

အိန္ဒိယ ဆိုက်ဘာရာဇဝတ်မှု ညှိနှိုင်းဆောင်ရွက်ရေးစင်တာ (I4C) ရဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကနေ ဧပြီလအတွင်း ရရှိတဲ့ အချက်အလက်တွေအရ အရှေ့တောင်အာရှကနေ မြစ်ဖျားခံလာတဲ့ ဆိုက်ဘာလိမ်လည်မှုတွေကြောင့် အိန္ဒိယနိုင်ငံဟာ ကြီးမားတဲ့ ဘဏ္ဍာရေးဆိုင်ရာ ဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လိမ်လည်မှုပေါင်း ၆၂,၀၀၀ ကျော်ကြောင့် အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၉၆ သန်း၊ ကုန်သွယ်ရေးဆိုင်ရာ လိမ်လည်မှုပေါင်း ၂၀,၀၀၀ ကျော်ကြောင့် အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၅ သန်း၊ ဒီဂျစ်တယ်ဖမ်းဆီးမှု လိမ်လည်မှုပေါင်း ၄,၆၀၀ ကြောင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၃ သန်းနဲ့ အချစ်ရေးဆိုင်ရာ ချိန်းဆိုမှု လိမ်လည်မှုပေါင်း ၁,၇၀၀ ကျော်ကြောင့် အမေရိကန်ဒေါ်လာ ၀ ဒသမ ၁၆ သန်း စသဖြင့် ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါတင်မက ၂၀၂၃ ခုနှစ်ကလည်း FIRs နဲ့ ဆက်စပ်တဲ့ လိမ်လည်မှုပေါင်း ၁၀,၀၀၀ နဲ့ ရင်းနှီးမြှုပ်နှံရေး လိမ်လည်မှုပေါင်း ၁၀၀,၀၀၀ ကျော် ရှိခဲ့တယ်လို့ အိန္ဒိယ အမျိုးသားဆိုက်ဘာရာဇဝတ်မှုပေါ်တယ်ရဲ့ အစီရင်ခံချက်အရ သိရပြီး ဆိုက်ဘာ လိမ်လည်မှုတွေ တိုးမြင့်လာမှုအပေါ်  စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပါတယ်။

ဆိုက်ဘာလိမ်လည်မှုဟာ တဖြည်းဖြည်းနဲ့ ခေတ်သစ် လူမှောင်ခိုကူးမှုအသွင် ပြောင်းလဲလာပါတယ်။ လူမှောင်ခိုကူးသူတွေဟာ လူမှုမီဒီယာပေါ်မှာ အလုပ်ခေါ်စာတွေတင်ပြီး အင်္ဂလိပ်ဘာသာစကား ဒါမှမဟုတ် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေကို လစာ အမြောက်အမြားပေးမယ်ဆိုတဲ့ ကတိတွေနဲ့ မက်လုံးပေးပါတယ်။

ဒီလိုနဲ့ အရှေ့တောင်အာရှမှာ လူလိမ်တွေရဲ့ လှည့်စားမှုကို ခံရသူတွေဟာ အကျဉ်းထောင်မှာ နေရသလို အခြေအနေမျိုးတွေနဲ့ အွန်လိုင်းလောင်းကစားနည်းတွေနဲ့ အချစ်ရေးဇာတ်လမ်း လိမ်လည်မှုတွေလို တရားမဝင်လုပ်ငန်းတွေကနေတဆင့် သူတို့ရဲ့အကြွေးတွေ ပြန်ဆပ်ဖို့နဲ့ ဆိုက်ဘာလိမ်လည်မှုတွေကို လုပ်ဆောင်ဖို့ ခြိမ်းခြောက် အကျပ်ကိုင်ခြင်း ခံရပါတယ်။

ဒီလို တရားမဝင်လုပ်ငန်းတွေဟာ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းတွေ ထိခိုက်နေချိန်နဲ့ မြန်မာနိုင်ငံ မတည်မငြိမ် ဖြစ်နေချိန်မှာ ပိုမိုအားကောင်းလာပါတယ်။

အရှေ့တောင်အာရှရှိ အွန်လိုင်းလိမ်လည်မှုများ

အွန်လိုင်းလိမ်လည်မှု လုပ်ငန်းတွေမှာ လူထောင်ပေါင်းများစွာ ပါဝင်လည်ပတ် လုပ်ကိုင်နေပေမဲ့ လူအနည်းငယ်မျှသာ သူတို့ရဲ့ဆန္ဒအရ လုပ်ကိုင်နေပြီး အများစုကတော့ မက်လုံးပေးထားတဲ့ နည်းပညာပိုင်း အလုပ်အကိုင်တွေဆိုင်ရာ အလိမ်အညာ အွန်လိုင်းကြော်ငြာတွေရဲ့ လှည့်ဖြားခြင်းကို ခံခဲ့ရသူတွေ ဖြစ်ပါတယ်။ ဒီလိုနဲ့ တဖြည်းဖြည်းချင်း လိမ်လည်မှု အရှုပ်အထွေးထဲကို မှောင်ခိုကူးခြင်း ခံခဲ့ရသူတွေဟာ အိန္ဒိယ အပါအဝင် ကမ္ဘာတဝန်းရှိ နိုင်ငံပေါင်း ၆၀ ကျော်က ဖြစ်ပါတယ်။

တမီနာဒူးလို အိန္ဒိယတောင်ပိုင်းမှ ပြည်နယ်တွေနဲ့ ဥတာပရာဒက်ရှ်၊ ရာဂျပ်စ်သန်နဲ့ ဘီဟာတို့လို အိန္ဒိယမြောက်ပိုင်း ပြည်နယ်တွေရှိ ကျေးလက်ဒေသတွေက လူငယ်အတော်များများဟာ ပထဝီဝင်အနေအထား နီးကပ်မှုနဲ့ မက်လောက်စရာ လစာအနေအထားတွေကြောင့် အရှေ့တောင်အာရှနိုင်ငံတွေကို ပိုပြီး မျက်စိကျကြပါတယ်။ သူတို့ဟာ Digital Sales and Marketing ဒါမှမဟုတ် Customer Support Service စတဲ့ခေါင်းစဉ်တွေနဲ့ အများအားဖြင့် လူသစ်စုဆောင်းတာ ခံခဲ့ရပါတယ်။

မြန်မာနိုင်ငံရဲ့ ဥပဒေမဲ့ ပတ်ကျင်ဝန်း အခြေအနေက အွန်လိုင်းလောင်းကစားတွေ၊ အီးမေးလ်နဲ့ ဝက်ဘ်ဆိုဒ်တွေကနေ သတင်းအချက်အလက် ခိုးယူရောင်းစားတာတွေစတဲ့ တရားမဝင် လုပ်ငန်းတွေကို မြှင့်တင်သလို ဖြစ်နေပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေဖြစ်ပွားရာ ထိုင်းနယ်စပ်၊ ကရင်ပြည်နယ်ရှိ မြဝတီမြို့ဟာ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းတွေ လုပ်ကိုင်ရာ အချက်အချာနေရာ ဖြစ်လာခဲ့ပါတယ်။ နောက်ပြီး အဲဒီနေရာကို နယ်ခြားစောင့်တပ်ဖွဲ့တွေက ကာကွယ်စောင့်ရှောက်ပေးထားတာပါ။

ကမ္ဘောဒီးယားမှာလည်း အထူးသဖြင့် လောင်းကစားရုံ ကာစီနိုတွေနဲ့ ဟိုတယ်တွေဟာ အွန်လိုင်းလိမ်လည်မှုလုပ်ရာ နေရာတွေ ဖြစ်လာပြီး အာဏာပိုင်တွေရဲ့ ရာဇဝတ်မှုဆိုင်ရာ ကွန်ရက်တွေက အကာအကွယ် ပေးထားပါတယ်။

အလားတူ လာအိုနိုင်ငံမှာဆိုရင်လည်း နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ရွှေတြိဂံ အထူးစီးပွားရေးဇုန်လို နေရာတွေဟာ တရားမဝင်လုပ်ငန်းတွေအတွက် မူလအချက်အချာ နေရာတွေ ဖြစ်ပါတယ်။

အဲဒီနိုင်ငံတွေမှာရှိတဲ့ ရာဇဝတ်မှုဆိုင်ရာ ကွန်ရက်တွေကြားမှာ ခိုင်မာတဲ့ အချိတ်အဆက်တွေ ရှိတဲ့အတွက် အဖမ်းမခံရအောင် နေရာသစ် ရွှေ့ပြောင်း လုပ်ကိုင်ကြပါတယ်။ ဥပမာအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နှစ်ကုန်ပိုင်းလောက်က တရုတ်-မြန်မာ နယ်စပ်တလျှောက်ရှိ တရားမဝင် လုပ်ငန်းတွေကို တရုတ်တပ်ဖွဲ့တွေက ရှင်းလင်းရေးတွေ လုပ်ဆောင်ချိန်မှာ တရားမဝင်လုပ်ငန်း အများစုဟာ ထိုင်းနယ်စပ်ရှိ ကရင်ပြည်နယ် တောင်ပိုင်းကို ရွှေ့ပြောင်းသွားကြပြီး ဖြစ်ပါတယ်။

အိန္ဒိယအာဏာပိုင်များ၏ ဆောင်ရွက်ချက်များ

အိန္ဒိယနိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ နိုင်ငံဖြတ်ကျော် ဆိုက်ဘာရာဇဝတ်မှုတွေ တိုးမြင့်လာတဲ့ ခြိမ်းခြောက်မှုအန္တရာယ်ကို တုံ့ပြန်တဲ့အနေနဲ့ အိန္ဒိယအစိုးရဟာ ဝန်ကြီးများအဆင့် ကော်မတီတရပ်ကို ဖွဲ့စည်းခဲ့ပါတယ်။

ဒါ့အပြင် ဆိုက်ဘာရာဇဝတ်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် တရားဥပဒေစိုးမိုးရေး အေဂျင်စီများဆိုင်ရာ ယန္တရားတခုကို အိန္ဒိယဆိုက်ဘာရာဇဝတ်မှု ညှိနှိုင်းဆောင်ရွက်ရေးစင်တာ (I4C) က ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ်က တည်ထောင်ခဲ့တဲ့ I4C ဟာ ပြည်နယ်အေဂျင်စီများရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ ဆိုက်ဘာလုံခြုံရေးအတွက် ထိရောက်တဲ့ ဆောင်ရွက်ချက်တွေ လုပ်နိုင်ခဲ့ပါတယ်။

IT အက်ဥပဒေပုဒ်မ ၆၉(က) နဲ့ ၇၉(ခ) အရ မူမမှန်တဲ့ အကောင့်ပေါင်း ၃၂၅,၀၀၀ ဝန်းကျင်၊ ဝက်ဘ်ဆိုဒ်လိပ်စာပေါင်း ၈၀,၀၀၀ ကျော်၊ အက်ပလီကေးရှင်းပေါင်း ၅၀၀ ကျော်၊ ဖုန်း ဆင်မ်ကတ် ပေါင်း ၅၃၀,၀၀၀ နဲ့ IMEI နံပါတ်ပေါင်း ၈၀,၀၀၀ ကျော်ကို တားဆီး ပယ်ဖျက်ခဲ့ပါတယ်။

ဒါ့အပြင် အိန္ဒိယသံရုံးနဲ့ ပြည်ပရေးရာဝန်ကြီးဌာနကလည်း ဆိုက်ဘာရာဇဝတ်မှုတွေ တားဆီးနိုင်ဖို့နဲ့ ပြည်ပမှာ ပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသားတွေကို ကာကွယ်နိုင်ဖို့အတွက် မိတ်ဖက်နိုင်ငံများ၊ နိုင်ငံတကာမှ တရားဥပဒေစိုးမိုးရေး အေဂျင်စီများနဲ့ အနီးကပ် လက်တွဲ လုပ်ဆောင်နေပါတယ်။

၂၀၂၄ ခုနှစ်၊ မေလအတွင်း မြန်မာနိုင်ငံ၊ မြဝတီမြို့ရဲ့ ဖလူးဒေသမှာ အိန္ဒိယနိုင်ငံသား ၈ ဦးကို အွန်လိုင်းလိမ်လည်မှုဘေးကနေ ကယ်တင်နိုင်ခဲ့သလို မြဝတီမြို့ရှိ နေရာတခုကနေပဲ အိန္ဒိယနိုင်ငံသား ၁၉ ဦးကို ထပ်မံ ကယ်တင်နိုင်ခဲ့တယ်လို့ အိန္ဒိယသံရုံးက ထုတ်ပြန်ပါတယ်။

ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတို့မှာလည်း အိန္ဒိယနိုင်ငံသား ရာနဲ့ချီ အလားတူ ကယ်တင်နိုင်ခဲ့ပေမဲ့ တရားမဝင် အွန်လိုင်းလုပ်ငန်းတွေမှာ ပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသားတွေ များစွာ ကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံအတွင်းမှာလည်း ဆိုက်ဘာရာဇဝတ်မှုတွေ လုပ်ကိုင်ရာနေရာတွေဆီ တရားမဝင် လူသစ်စုဆောင်း ပို့ဆောင်ရာမှာ ပါဝင်သူတွေကို ဖမ်းဆီးအရေးယူမှုတွေ လုပ်ခဲ့ပါတယ်။

လိုအပ်သော အရေးယူဆောင်ရွက်မှုများ

အိန္ဒိယနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ဟာ လူကုန်ကူးမှုတားမြစ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကို ၂၀၁၈ ခုနှစ်က လက်မှတ်ရေးထိုးခဲ့ပြီး နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗန်းရှင်း (UNCTOC) ကိုလည်း အတည်ပြု လက်မှတ်ရေးထိုးထားပါတယ်။

မြန်မာနိုင်ငံနဲ့လည်း အလားတူ သဘောတူညီချက် ရေးထိုးထားသလို လာအိုနဲ့လည်း MoU ရေးထိုးသွားဖို့ လိုအပ်ပါတယ်။

မြန်မာစစ်တပ်အနေနဲ့ အိန္ဒိယနိုင်ငံသားတွေကို ဆိုက်ဘာရာဇဝတ်မှု ဘေးကနေ ကယ်ဆယ်ပြီး အမိနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရာမှာ ကူညီပေးနေပေမဲ့လည်း မြန်မာနိုင်ငံအတွင်း နိုင်ငံရေး မတည်ငြိမ်မှုနဲ့ ပဋိပက္ခတွေကြောင့် ထိရောက်တဲ့ လူကုန်ကူးမှု တားဆီးရေး ဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ နှောင့်နှေး ကြန့်ကြာနေတယ်လို့ ဆိုပါတယ်။

ဖွဲ့စည်းထားတဲ့ ဆိုက်ဘာရာဇဝတ် အုပ်စုတွေဟာ အဆင့်မြင့်နည်းပညာကိုသုံးပြီး ရှောင်ပုန်းနေကြတဲ့အတွက် ဆိုက်ဘာရာဇဝတ်မှုတွေကို တိုက်ဖျက်နိုင်ဖို့ဆိုရင် အထူးစွမ်းရည်ပြည့်ဝတဲ့ ဥပဒေဘက်တော်သားတွေ မွေးထုတ်ပေးဖို့က အသက်တမျှ အရေးပါလှပါတယ်။

အဲဒီအတွက် တောင့်တင်းတဲ့ ရန်ပုံငွေနဲ့ သင်တန်းတွေ ထောက်ပံ့ပေးဖို့ လိုအပ်သလို ကယ်ဆယ်ပြီးတဲ့နောက် ပြန်လည်ထူထောင်ရေးမှာ ဆိုက်ဘာဘေးဒဏ် ခံခဲ့ရသူတွေကို စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့တွေ ပေးအပ်နိုင်ဖို့လည်း အရေးကြီးလှပါတယ်။

ဒီလို ရှုပ်ထွေးလှတဲ့ကိစ္စကို ကိုင်တွယ်ရာမှာနဲ့ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထိရောက်စွာ တိုက်ဖျက်နိုင်ဖို့ဆိုရင် နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှုလည်း လိုအပ်သလို အိန္ဒိယ၊ မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ကြားမှာလည်း ညှိနှိုင်းဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။

နောက်ပြီး ဒီအရေးမှာ ဒေသတွင်း အဖွဲ့အစည်းဖြစ်တဲ့ အာဆီယံရဲ့ အခန်းကဏ္ဍကလည်း အရေးပါတဲ့အပြင် ရာဇဝတ်မှုဆိုင်ရာ ကွန်ရက်တွေကို ဖြိုဖျက်နိုင်ဖို့အတွက် ခိုင်မာတဲ့ နိုင်ငံတကာဖိအားနဲ့ ထောက်ပံ့မှုလည်း လိုအပ်ပါတယ်။

စုစည်းညီညွတ်တဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေ စဉ်ဆက်မပြတ် လုပ်ဆောင်နိုင်မှသာ ဒီလို တရားမဝင်လုပ်ငန်းတွေ အမြစ်ဖြတ်ဖို့ မျှော်လင့်နိုင်မှာဖြစ်ပြီး အသုံးချခံရသူတွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူနိုင်မှာ ဖြစ်ပါတယ်။

ဆရီးပါနဘနာဂျီး

Ref: Observer Research Foundation (ORF) 

(Observer Research Foundation (ORF) ဝက်ဆိုက်တွင် ဆောင်းပါးရှင် Sreeparna Banerjee ရေးသားထားသည့် “Cyber scams and trafficking: India's Southeast Asian challenge” ဆောင်းပါးကို ဘာသာပြန်ဆိုသည်။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024