လက်ယာယိမ်း ဟိန္ဒူအဖွဲ့အစည်းတဖွဲ့က တက်ကြွလှုပ်ရှားသူတွေဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဟိန္ဒူဘာသာဝင်တွေအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေလို့ သူတို့ကခေါ်တဲ့ ဖြစ်ရပ်တွေအတွက် အိန္ဒိယအနောက်ပိုင်းမှာ သြဂုတ် ၁၃ ရက်က ဆန္ဒပြခဲ့ကြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက အိန္ဒိယ ရွှေ့ပြောင်းနေထိုင်သူတွေကို အိန္ဒိယနိုင်ငံဆီ ပြန်ပို့ပေးဖို့ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။
"ဟိန္ဒူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ရပ်လိုက်ပါ၊ အိန္ဒိယမှာ နေမယ်ဆိုရင်တော့ 'မင်္ဂလာပါ အရှင်ရာမ' လို့ ပြောရပါမယ်" လို့ ဟိန္ဒူ လိုလားတဲ့ အလံတွေကို ကိုင်ဆောင်ရင်း အာမဒ်ဒါဘဒ်မြို့မှာ ဆန္ဒပြနေတဲ့ တက်ကြွလှုပ်ရှားသူတစ်စုက ကြွေးကြော်ခဲ့ပါတယ်။
ဆန္ဒပြသူတွေ ကိုင်ထားတဲ့ နဖူးစည်းစာတမ်းတခုမှာ "ဘင်္ဂလားဒေ့ရှ် ရွှေ့ပြောင်းအခြေချသူတွေကို ပြန်ပို့ပါ၊ ဟိန္ဒူဘာသာဝင်တွေဟာ ရက်စက်ယုတ်မာမှုတွေကို သည်းခံမှာ မဟုတ်ဘူးလို့ ရေးထား ပါတယ်။
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ် ဟာစီနာကို သြဂုတ် ၅ ရက်နေ့မှာ ဖြုတ်ချပြီးတဲ့နောက် လူနည်းစု အသိုင်းအဝိုင်းရဲ့ နေအိမ်တွေ၊ စီးပွားရေးလုပ်ငန်းတွေ ဖျက်ဆီးခံရပြီး ရာနဲ့ချီတဲ့ ဘင်္ဂလားဒေ့ရှ် ဟိန္ဒူဘာသာဝင်တွေဟာ အိန္ဒိယနိုင်ငံကို ထွက်ပြေးဖို့ ကြိုးပမ်းရာမှာ မအောင်မြင်ခဲ့ပါဘူး။ မငြိမ်မသက်မှုတွေကြောင့် ကျောင်းဆရာ တဦး သေဆုံးပြီး ၄၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
ဇူလိုင်လကတည်းက လူ ၃၀၀ နီးပါး သေဆုံးခဲ့ရတဲ့ ဟာစီနာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့တဲ့ ကျောင်းသားတွေက ပြည်သူတွေကို မွတ်စလင်နိုင်ငံတွင်း လူနည်းစုတွေကို ပစ်မှတ်မထားဖို့ ထပ်ခါတလဲလဲ တိုက်တွန်းခဲ့ကြပါတယ်။
ဒါပေမဲ့ အစိုးရလည်ပတ်မှု မရှိတာကြောင့် အားနည်းနေတယ်လို့ ဟိန္ဒူအသိုင်းအဝန်း ခေါင်းဆောင်တွေက ပြောခဲ့ပါတယ်။
Source-Reuters