အိန္ဒိယနိုင်ငံ၊ ကိုလ်ကတ္တားမြို့ အရှေ့ပိုင်းမှာ ဆရာဝန်သင်တန်းသူတဦးကို မုဒိမ်းကျင့် သတ်ဖြတ်ခံရမှုကြောင့် ဆရာဝန်တွေရဲ့ ဆန္ဒထုတ်ဖော်မှုတွေ နိုင်ငံအနှံ့ ပျံ့နှံ့သွားပြီးနောက် သြဂုတ် ၁၃ ရက်က အိန္ဒိယနိုင်ငံရဲ့ မြို့အများအပြားမှာ ဆေးရုံဝန်ဆောင်မှုတွေ ပြတ်တောက်ခဲ့တယ်လို့ အာဏာပိုင်တွေနဲ့ မီဒီယာတွေက ပြောပါတယ်။
ရဲတွေဟာ သြဂုတ် ၉ ရက် မနက်ပိုင်းက အာရ်ဂျီကား ဆေးကောလိပ်ရဲ့ နှီးနှောဖလှယ်ပွဲခန်းမမှာ အသက် ၃၁ နှစ်အရွယ် သေဆုံးသူရဲ့ အလောင်းကို တွေ့ရှိခဲ့ရပြီး ကျောင်းသူဟာ အရင်ညပိုင်းက လိင်ပိုင်းဆိုင်ရာ စော်ကားခံရပြီးတော့ သတ်ဖြတ်ခံခဲ့ရတယ်လို့ ပြည်တွင်းမီဒီယာတွေက ထုတ်ပြန်ပါတယ်။
မြို့တော် မွမ်ဘိုင်း၊ နယူးဒေလီ၊ ကိုလ်ကတ္တားနဲ့ မြို့ကြီးတွေဖြစ်တဲ့ လပ်ခ်နောင်း၊ ပတ်တနာ၊ ချန်ဒီဂါးတို့မှာ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ဆေးဝန်ထမ်းတွေ ပါဝင်ကြတဲ့ ဆန္ဒပြပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာခဲ့ပြီး တရားမျှတမှုနဲ့ လုပ်ငန်းခွင်လုံခြုံရေးကို မြှင့်တင်ပေးဖို့ သြဂုတ် ၁၂ ရက်မှာ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ စိတ်အားထက်သန်စွာ ချီတက်ခြင်း၊ ကြွေးကြော်သံတွေ ဟစ်ကြွေးခြင်းနဲ့ တက္ကသိုလ်ဆေးရုံတွေရဲ့ အပြင်ဘက်မှာ ထိုင်သပိတ် ဆန္ဒပြပွဲတွေမှာ ပူးပေါင်းပါဝင်ခဲ့ကြပြီး ဒေါသနဲ့ မကျေနပ်မှုတွေကို ရေးသားဖော်ပြထားတဲ့ ဆိုင်းဘုတ်တွေကိုလည်း ကိုင်ဆောင်ထားပါတယ်။
စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ်မှာ နိုင်ငံရေးတွေ ပါဝင်ပတ်သက်မှု မရှိသင့်ကြောင်းနဲ့ ဒီအမှုကိစ္စမှာ နိုင်ငံရဲ့ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CBI) မှ ကြားဝင်ဆောင်ရွက်ပေးဖို့ လပ်ခ်နောင်းမြို့ ဂျော့ဂျ် ဘုရင့်ဆေးတက္ကသိုလ် အပြင်ဘက်ရှိ ဆန္ဒပြသူအများအပြားက တောင်းဆိုခဲ့ကြပါတယ်။
တောင်းဆိုချက်တွေကို မပြည့်မီမချင်း ဆန္ဒ ဆက်ပြသွားမှာဖြစ်ပြီး သတင်းစာရှင်းလင်းပွဲကနေ တရားခံတွေကို တင်းတင်းကျပ်ကျပ် အရေးယူ ဆောင်ရွက်နေပါတယ်ဆိုတဲ့ ပြည်ထောင်စု အစိုးရဆီက အကြောင်းကြားစာ မရရှိမချင်း သပိတ်မှောက် ရပ်မှာမဟုတ်ဘူးလို့လည်း ပြောကြပါတယ်။
အာရ်ဂျီကား ဆေးကောလိပ်ရဲ့ ကျောင်းအုပ်ကြီးဟာ ရာထူးက နုတ်ထွက်ခဲ့ကြောင်း အနောက်ဘန်ဂေါပြည်နယ် ဝန်ကြီး မာတမာ ဘန်နာဂျီး က သြဂုတ် ၁၂ ရက်မှာ ပြောကြားခဲ့ပါတယ်။
သြဂုတ် ၁၈ ရက်ကို နောက်ဆုံးထားပြီး သံသယရှိသူကို ဖမ်းဆီးဖို့ ရဲတပ်ဖွဲ့ကို ညွှန်ကြားထားပြီး မစွမ်းဆောင်နိုင်ခဲ့ရင် အမှုကို ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို CBI ကို လွှဲပြောင်းပေးလိုက်မှာ ဖြစ်ကြောင်းလည်း ဆိုပါတယ်။
Source-Reuters