ချင်းပြည်နယ်က မြို့သိမ်းတိုက်ပွဲတွေမှာ ပူးပေါင်းတပ်ဖွဲ့အဖြစ်ပါဝင်နေတဲ့ အာရက္ခတပ်တော် AA ကို ချင်းပြည်နယ်အတွင်းကနေ ထွက်ခွာဖို့ မီဇိုရမ်ရောက် ချင်းစစ်ဘေးရှောင်တွေက ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။
ဩဂုတ် ၁၀ ရက်နေ့ မနက်ပိုင်းက မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်၊ လောင်တလိုင်မြို့ပေါ် ဘောလုံးကွင်းအတွင်းမှာ စစ်ဘေးရှောင်တွေက ဆန္ဒပြပွဲပြုလုပ်ခဲ့တာပါ။
ဆန္ဒပြပွဲကို မတူပီမြို့နယ်စစ်ဘေးရှောင်တွေက ဦးဆောင်ပြီး မတူပီ၊ ပလက်ဝ၊ ဟားခါးနဲ့ ထန်တလန်က စစ်ဘေးရှောင် ၇၀၀ ကျော် ဆန္ဒထုတ်ဖော်ခဲ့တာလို သိရပါတယ်။
မီဇိုရမ်ရောက် စစ်ဘေးရှောင်တယောက်က “မတူပီမှာ AA တွေနေရာယူထားလို့ ဆန္ဒပြပွဲလုပ်ကြတာ။ ချင်းပြည်နယ်မှာ AA အလိုမရှိဘူးလို့ ဆန္ဒထုတ်ဖော်ကြတာပေါ့လေ။ မတူပီတို့ ပလက်ဝတို့ကနေ AA ထွက်သွားဖို့တွေ ကြွေးကြော်ကြတယ်” လို့ ပြောပါတယ်။
အာရက္ခတပ်တော် AA ဟာ ချင်းပြည်နယ် ပလက်ဝမြို့ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့မှာ သိမ်းပိုက်ခဲ့ပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေ ဖော်ဆောင်နေသလို ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့နဲ့ မတူပီမြို့တို့ကိုလည်း ချင်းညီနောင် CB နဲ့ ပူးပေါင်းပြီး သိမ်းပိုက်ထားတယ်လို့ သိရပါတယ်။