ရခိုင်ပြည်နယ်၊ သံတွဲအကျဥ်းထောင်အတွင်း ဖမ်းဆီးခံထားရတဲ့ အကျဥ်းသား ၃၇၂ ဦးကို ဘေးလွတ်ရာ ကယ်ထုတ်ပြီးနောက် မိသားစုနဲ့ သူတို့နေအိမ်တွေ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ဩဂုတ် ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
သံတွဲမြို့ရှိ စစ်ကောင်စီတပ်စခန်းတွေအားလုံး၊ ငပလီ (မဇင်လေဆိပ်)၊ သံတွဲဟိုတယ်ဇုန် အပါအဝင် နေရာအများစုကို အာရက္ခတပ်တော် (AA) က ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်မှာ အပြီးသတ် သိမ်းပိုက်ရရှိပြီးနောက် သံတွဲမြို့အကျဉ်းထောင်မှာ ပိတ်မိနေတဲ့ အကျဉ်းသားအားလုံးကို AA က ဘေးကင်းလုံခြုံရာကို ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရပါတယ်။
သံတွဲအကျဉ်းထောင်က ကယ်ထုတ်လာတဲ့ အကျဉ်းသား ၃၇၂ ဦးအနက် ၇ ဦးမှာ ကယ်ထုတ်နေစဉ်အတွင်း စစ်ကောင်စီလက်နက်ကြီးစ ထိမှန်ပြီး ၅ ဦးသေဆုံးခဲ့ကြောင်းနဲ့ နိုင်ကျဥ်း ၂ ဦးမှာလည်း ပြင်းထန်ဒဏ်ရာတွေနဲ့ ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ကယ်ထုတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား ၄၁ ဦးထဲမှာ ရောဂါ၊ ဒဏ်ရာ ပါလာသူတွေနဲ့ ကျန်းမာရေးစောင့်ရှောက်ဖို့ အရေးတကြီး လိုအပ်နေတဲ့သူ ၁၇ ဦးကိုလည်း ကောင်းမွန်စွာ ကျန်းမာရေးစောင့်ရှောက်မှုပေးထားကြောင်း သိရပါတယ်။
အရင်ရက်တွေအတွင်း စစ်ကာင်စီတပ်ဟာ ပင်လယ်ပြင်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေခဲ့အပြင် လက်နက်နဲ့ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို လိုက်လံရှင်းလင်းနေတာနဲ့ ရေကြီးမှုတွေကြောင့် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ဘေးကင်းလုံခြုံရာမှာ ခေတ္တနေရာချထားခဲ့ကြောင်း ရေးသားထားပါတယ်။
လက်ရှိအခြေအနေအရ လုံခြုံရေးအာမခံချက် အတိုင်းအတာတခုထိ ရှိပြီဖြစ်တာကြောင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို သူတို့ရဲ့နေအိမ်တွေနဲ့ မိသားစုထံကို ဩဂုတ် ၆ ရက်က စတင်ပြီး ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။
အာရက္ခတပ်တော် (AA) အနေနဲ့ ရာဇဝတ်မှု ကျူးလွန်ထားတဲ့ အကျဉ်းသားတွေကို ဆက်လက်ထိန်းသိမ်းထားပြီး သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ပြန်လည်စစ်ဆေးကာ တရားနည်းလမ်းကျကျ ကိုင်တွယ်ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။