Home
မြန်မာသတင်း
လမ်းပိတ်ထားသဖြင့် သံတွဲဒေသခံများ ဆန်ကွဲစားနေရ
DVB
·
August 6, 2024

ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နဲ့အနီး ဒေသတွေမှာ လမ်းတွေပိတ်ထားလို့ စားနပ်ရိက္ခာတွေ ပြတ်လပ်နေပြီး အခြေခံစားကုန်တွေ ဈေးကြီးနေတဲ့အတွက် ဆန်အစား ဆန်ကွဲ ချက်စားနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရခိုင်ပြည်နယ်တောင်ပိုင်း ရန်ကုန်ဘက်အထွက် သံတွဲ-ဂွ လမ်းတွေမှာ စစ်ကောင်စီ ဂိတ်စခန်းတွေက ပိတ်ဆို့ထားပြီး ကုန်စည်တွေ သယ်ခွင့်မပေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ကုန်စည်တွေ ပြတ်တောက်နေပြီး အခြေခံစားသောက်ကုန်တွေကလည်း ဈေးတွေ မြင့်တက်နေတဲ့အတွက် စစ်ရှောင်တွေနဲ့ မပြေလည်တဲ့ ဒေသခံတွေက ဆန်အစား ဆန်ကွဲကို ကျိုချက်စားနေရတယ်လို့ သံတွဲဒေသခံတဦးက ပြောပါတယ်။

“ဆေးက ပိုပြတ်နေတာပေါ့။ ရန်ကုန်ကနေ ဆေးထည့်ပေးတာ ဂွက‌နေ ဖြတ်မရလို့ ပြန်လာရ တယ်။ ဆန်ဆိုလည်း ဝယ်မရလေ။ ဈေးကကြီး၊ ရောင်းသူက မရှိ၊ အရင်ရှိတာတွေလည်း သူခိုးက ခိုး။ အခုဆန် တစ်ပြည် ၁၀,၀၀၀၊ အရင်တပြည် ၅၀၀၀ ရှိတယ်၊၊  အခုစားနေရတဲ့ ဆန်ကွဲဆိုတာ ဝက်စာလေ ကြက်စာ စားနေကြရတာ။ အရင်က ဆန်ကွဲအိတ် ၄၀ လောက်ရှိခဲ့တာ အိမ်ကို လက်နက်ကြီးကျလို့ ကုန်တာတွေရော သူခိုးခိုးလို့ကုန်တာတွေရော၊ ကုန်ပြီ မရှိတော့ဘူး၊ ဆန်ကွဲကို ရေတပွက်ဆူနဲ့ ချက်စားနေရတဲ့အခြေအနေ ဖြစ်နေပြီ။”

ဒေသခံတွေဟာ အရင်က ဆန်ကွဲတအိတ်ကို ကျပ် ၃၀၀၀၀ ရှိခဲ့ရာက အခုအခါမှာတော့ ဆန်ကွဲတပြည်ကို ကျပ် ၆၀၀၀ ပေးဝယ်နေရပါတယ်။

ဂွနဲ့ သံတွဲကြားရှိ ကျိန္တလီ ကစလို့ သံတွဲမြို့အထိကို စားနပ်ရိက္ခာ တွေရှားပါးနေပြီး ဆန်ကွဲစားနေရတဲ့ စစ်ရှောင်မိသားစုတွေ အများအပြားရှိနေတယ်လို့ စစ်ရှောင်ကူညီနေသူ တွေက ပြောပါတယ်။

သံတွဲမြို့ဒေသခံတွေအနေနဲ့ မြို့တွင်းမှာ စစ်ရှောင်စခန်းတွေ မရှိလို့ နေစရာနဲ့ စားစရာတွေအတွက် တခြားမြို့တွေကို စစ်ရှောင်ဖို့ ထွက်လာတာရှိတယ်လို့ ဂွမြို့ဒေသခံ စစ်ရှောင်ကူညီနေသူတဦးက ပါတယ်။

“ကျနော်တို့ ဂွမြို့မှာတော့ တထောင့်နားသွားပေါ့။ အဓိက ကတော့ စစ်ရှောင်စခန်း မရှိတဲ့ ပြဿနာပေါ့။ ဟိုဘက် ဧရာဝတီတိုင်းတို့၊ ရန်ကုန်ဘက်တို့ သွားကြတာ။ သွားတဲ့နေရာမှာ အခြေအနေတခု ရှိတဲ့လူမျိုးက သူ့သာနဲ့သူ သွားတာမျိုးရှိတယ်။ တချို့ကျ လုံးဝ ဘာမှမရှိတဲ့သူမျိုးကျတော့ နောက်ဆုံး ခြေလျင်လာတဲ့သူမျိုးတွေရှိတယ်။ မနေ့ကဆိုလည်း တွန်းလှည်းနဲ့ လာတဲ့သူတွေကိုဆို ကျနော် ပို့ပေးခဲ့တယ်။ ဟိုဘက်ခြမ်းတွေမှာတော့ စစ်ရှောင်စခန်းတွေ ရှိတယ်၊ ယာယီစခန်းလိုမျိုးတွေ၊ ရခိုင်ပြည်နယ်တောင်ပိုင်းမှာကို မရှိတာ၊ သီးသီးသန့်သန့်မရှိဘဲ ကိုယ့်ဟာကိုယ် အဆင်ပြေသလိုထားတယ်၊ အဆင်ပြေသလိုနေကြတယ် အဲဒီလိုမျိုးပဲ ရှိတယ်။”

သံတွဲမြို့ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားပေမဲ့  အရေးပေါ်ကျန်းမာရေး အခြေအနေနဲ့ စစ်ရှောင်ဖို့အတွက် ဧရာဝတီတိုင်းနဲ့ ရန်ကုန်လို မြို့တွေကို သွားနိုင်ဖို့ ပြည်သူတွေက သံတွဲ-ဂွလမ်းကိုသာ အသုံးပြုနေရပါတယ်။

စစ်ကောင်စီဂိတ်တွေက သံတွဲမြို့ထဲ ရိက္ခာနဲ့ ကုန်စည်တွေသယ်ယူခွင့်ကို တားမြစ်ပိတ်ပင်ထားပြီး  AA က ဂွမြို့ကို မရောက်အောင် ခံစစ်တွေ ပြင်ဆင်နေပါတယ်။ AA ကတော့ သံတွဲမြို့ မြောက်ဘက်မှာရှိတဲ့ တောင်ကုတ်မြို့နဲ့ တောင်ဘက်က ဂွမြို့ မှာရှိတဲ့ စစ်ကောင်စီအခြေစိုက် စခန်းအားလုံးကို ဆက်လက်ပြီး ထိုးစစ်ဆင်တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013