အောင်ဇေယျစစ်ကြောင်း ပြန်လည်ဆုတ်ခွာ၊ မွန်-ကရင်နယ်စပ်တွင် အင်အားဖြည့်တင်း
ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးနဲ့ ဒေါနတောင်ကို ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ အောင်ဇေယျစစ်ကြောင်းဟာ ဇူလိုင် ၂၆ ရက်က ပြန်လည်ဆုတ်ခွာသွားပြီလို့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးမှာ အဓိကအရေးပါတဲ့ အာရှလမ်းမကြီးနဲ့ မြဝတီမြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ဖို့ နိုင်ငံအဆင့် အောင်ဇေယျစစ်ဆင်ရေးနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတာ ဧပြီလကတည်းက ဖြစ်ပါတယ်။
စစ်ကောင်စီစစ်ကြောင်းတွေဟာ ၃ လနီးပါး ကြာမြင့်လာတဲ့အထိ အာရှလမ်းမကြီး အပါအဝင် ဒေါနတောင်ကို မထိုးဖောက်နိုင်တဲ့အပြင် KNLA ပူးပေါင်းစစ်ကြောင်းတွေရဲ့ ထိုးစစ်ကြောင့် ထိခိုက်သေဆုံးသူများပြီး အထိနာကာ ရှေ့ဆက်မထိုးဖောက်နိုင်ပဲ ရှိခဲ့ပါတယ်။
ဒါ့အပြင် ကော့ကရိတ်မြို့မှာ အောင်ဇေယျစစ်ကြောင်းက လူအင်အားဖြည့်တင်းပြီး စစ်ကြောင်းထိုးနေရာက ဇူလိုင် ၂၅ ရက်က တောနော်ရေတံခွန်မှာ တပ်စွဲနေတဲ့ အောင်ဇေယျစစ်ကြောင်းကို KNLA တပ်ဖွဲ့ဝင်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အထိနာပြီး ပြန်လည်ဆုတ်ခွာခဲ့တာလို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
“ဇူလိုင် ၂၅ ရက်နေ့က ကျနော်တို့ လက်နက်ကြီးနဲ့ တောနော်ရေတံခွန်မှာ တပ်စွဲနေတဲ့ အမာခံစခန်းကို နောက်ဆုံးပစ်ခတ်ခဲ့တာ။ ၂၆ ရက်နေ့မှာ စစ်ကောင်စီတပ်တွေ ပြန်ဆင်းသွားတယ်။ လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့နေရာမှာ ထိရောက်ခဲ့တယ်။ ကျနော်တို့ပစ်တာ သူတို့ရဲ့ အဓိကနေရာတွေကိုပဲ ထိတယ်လို့ စောင့်ကြည့်တဲ့အဖွဲ့တွေက ပြောတယ်။”
ဒါ့အပြင် မွန်-ကရင်နယ်စပ်တလျှောက်က ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက အင်အားဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားနေတာကြောင့် ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်နေတယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) မဟာမိတ်ဆက်ဆံရေးဌာနမှ ဗညားမင်းကန်စီက ပြောပါတယ်။
“စစ်ကောင်စီစစ်ကြောင်းတွေကို ပြောက်ကျားစနစ်နဲ့ လောလောဆယ် တိုက်ခိုက်နေတယ်။ တကယ့် တကယ် ထိုးစစ်ဆင်ဖို့ရာအတွက်က မိုးနဲ့လေနဲ့ကြောင့် ကျနော်တို့ သွားလာရေးမှာ ခက်ခဲနေတယ်။”
စစ်ကောင်စီစစ်ကြောင်းတွေကို စိုးရိမ်ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ ကော့ဘိန်း၊ ဓမ္မသကျေးရွာက စစ်ရှောင်ပြည်သူတွေဟာ ကျေးရွာအတွင်း ပြန်လည်နေထိုင်သူတချို့ ရှိပြီး စစ်ရှောင်အများစုက စောင့်ကြည့်နေတုန်းလို့ ဆိုပါတယ်။
မဟာမိတ်ဆက်ဆံရေးဌာနမှ ဗညားမင်းကန်စီက “ဘာဖြစ်လို့လဲဆို စကစ က အပြီးအပိုင် ထိန်းချုပ်မထားနိုင်သေးသလို တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ အပြီးအပိုင် ထိန်းချုပ်ထားတာ မဟုတ်တဲ့အတွက် တချို့ရွာသူရွာသားတွေက ကြားထဲမှာ စောင့်ကြည့်နေတဲ့ပုံစံ ရှိတယ်” လို့ ပြောပါတယ်။
မွန်-ကရင်နယ်စပ်တလျှောက်က ကျေးရွာတွေကို စစ်ကောင်စီက နေ့တိုင်းလိုလို လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်တာတွေ လုပ်ဆောင်နေတာကြောင့် စာသင်ကျောင်းတွေ ပိတ်ထားရတဲ့အပြင် ဒေသခံ ၁ သိန်းလောက်ဟာ ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်တယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
မတ္တရာတွင် စစ်တပ်လက်နက်ကြီးကြောင့် ပြည်သူ ၃ ဦး သေဆုံး၊ ၅ ဦးထက်မနည်း ဒဏ်ရာရ
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အောင်ချမ်းသာကျေးရွာကို ဩဂုတ် ၁ ရက်၊ နေ့လယ် ၁ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံပြည်သူ ၃ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ သိရပါတယ်။
ကျေးရွာသားတဦးက “ကျနော်တို့ရွာနဲ့ အခုတိုက်ပွဲတွေဖြစ်နေတဲ့ နေရာတွေနဲ့က အတော်လေးဝေးတယ်ဗျ။ ကျနော်တို့ရွာက အေးအေးချမ်းချမ်းရှိနေတာကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ရွာထဲက ၃ ဦးကတော့ ဆုံးသွားတယ်။ ၅ ဦးထက်မက ဒဏ်ရာတွေ ရသွားကြတာပေါ့ဗျာ” လို့ DVB ကို ပြောပါတယ်။
ဒဏ်ရာရရှိသွားကြသူတွေဟာ မစိုးရိမ်ရတဲ့အခြေအနေရှိနေပြီး ဆေးကုမှုခံယူနေကြရတယ် လို့လည်း သူက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အောင်ချမ်းသာကျေးရွာထဲက လူနေအိမ်တချို့လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) ရဲ့ တာဝန်ခံတဦးက “အခု စစ်တပ်က အပစ်ခံရတဲ့ အောင်ချမ်းသာရွာနဲ့ အနီးပတ်ဝန်းကျင်မှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာ မရှိသလို အခုလည်း မဖြစ်ပါဘူး။ စစ်တပ်ကရွာတွေကို လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ပစ်ပြီး စစ်ရာဇဝတ်မှုတွေကို တောက်လျှောက်ကျူးလွန်နေတာပါ” လို့ ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) ဟာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်အထိ မတ္တရာမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းပေါင်း ၃၅ ခုအထိ တိုက်ခိုက်သိမ်းပိုက် ရရှိထားတာလည်း ဖြစ်ပါတယ်။
မောင်တောတွင် ARSA ပစ်ခတ်မှုကြောင့် အရပ်သား ၅ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ ARSA အဖွဲ့က ပစ်ခတ်မှုကြောင့် ဇူလိုင် ၃၁ ရက်က အရပ်သား ၅ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသွားသူတွေဟာ ဘူးသီးတောင်မြို့ကဖြစ်ပြီး မောင်တောမြို့နယ် ကြိမ်ချောင်းကျေးရွာကို ဖောကားနဲ့ ကုန်လာဝယ်ကြရမှာ ARSA တပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်တာ ခံခဲ့ရတာဖြစ်တယ်လို့ မောင်တောဒေသခံတဦးက ပြောပါတယ်။
“သူတို့ ဘူးသီးတောင်မြို့နယ်ကနေ မောင်တော ကြိမ်ချောင်းမှာ စျေးလာဝယ်ကြတာ။ အဲဒါ ရွှေတောင်နဲ့ ကျီးကန်ပြင်ကျေးရွာ အကြားမှာ ARSA အဖွဲ့ရဲ့ တိုက်ခိုက်တာကို ခံလိုက်ရတာ ဖြစ်တယ်။ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီးတဦးကတော့ နေရာမှာတင် ဆုံးသွားတယ်။ နောက်ထပ် အမျိုးသား ၂ ဦးလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားကြတယ်။”
ARSA အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကြောင့် သေဆုံးသွားသူတွေမှာ ဘူးသီတောင်မြို့၊ အမှတ် ၄ ရပ်ကွက်က ဦးဇော်ဇော်မင်း ၃၅ နှစ်၊ ကိုအောင်မြတ်စံ ၂၅ နှစ်၊ ကိုအောင်မျိုးစံ ၂၅ နှစ်၊ ဦးကျော်မင်း ၅၅ နှစ်၊ ဒေါ်စိန်လှဖြူ ၅၅ နှစ် တို့ဖြစ်ပြီး ဒဏ်ရာသူများမှာ ဦးမောင်မောင်ချေ ၄၄ နှစ်၊ ကိုမျိုးသန့်ရှိန် ၂၇ နှစ်တို့ ဖြစ်ကြပါတယ်။
အခုပစ်ခတ်ခံရသူတွေဟာ ဘူးသီးတောင်မြို့ကနေ ကံကော်ကျွန်းကျေးရွာမှာ စစ်ဘေးတိမ်းရှောင်နေကြသူတွေ ဖြစ်ကြပြီး မိသားစုတော်စပ်သူတွေလည်း ဖြစ်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တို့မှာ စစ်ကောင်စီရဲ့ လက်နက်တပ်ဆင်ထားတဲ့ ရိုဟင်ဂျာတွေနဲ့ ARSA၊ RSO တို့လို ရိုဟင်ဂျာလက်နက်ကိုင်တွေ ရှိနေသေးတာကြောင့် ပြည်သူတွေအနေနဲ့ လုံခြုံမှု လုံးဝမရှိနိုင်သေးဘူးလို့ နောက်ထပ် မောင်တောဒေသခံတဦးက ပြောပါတယ်။
“မောင်တော၊ ဘူးသီးတောင်က တခြားမြို့နယ်တွေနဲ့ မတူဘူး၊ လက်နက်ကိုင်တွေ အရမ်းများတယ်။ စစ်ကောင်စီ လက်နက်တပ်ပေးတဲ့ ရိုဟင်ဂျာတွေ၊ နောက် ARSA, RSO, ARA တို့လို အစွန်းရောက် ရိုဟင်ဂျာလက်နက်ကိုင်တွေလည်း ရှိနေသေးတာကြောင့် ပြည်သူတွေရဲ့ လုံခြုံမှုက မရှိသေးဘူး။ အာရက္ခတပ်တော်အနေနဲ့ ဒီအဖွဲ့အစည်းတွေကို ရှင်းထုတ်နိုင်ဖို့ လိုအပ်သေးတယ်။”
ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်ကလည်း ဘူးသီးတောင်မြို့ ဂန္ဓရီစစ်ဘေးရှောင်စခန်းက စစ်ဘေးရှောင်အမျိုးသား ၇ ဦးကို မျှစ်သွားခူးရာမှာ စစ်ကောင်စီသင်တန်းပေး ရိုဟင်ဂျာတွေက သတ်ဖြတ်ခဲ့ကြပါတယ်။
ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ မေယုတောင်တန်းနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ် တွေမှာ အဓိက နေထိုင်လှုပ်ရှားနေကြတာဖြစ်ပြီး ဘူးသီးတောင်၊ မောင်တောမြို့သိမ်း တိုက်ပွဲတွေမှာလည်း စစ်ကောင်စီနဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် အဲဒီ ရိုဟင်ဂျာ လက်နက်ကိုင်တွေဟာ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်စခန်းက လူငယ်တွေကို ဖမ်းဆီးပြီး စစ်ကောင်စီအတွက် လူသစ်စုဆောင်းပေးနေတယ်လို့ ရိုဟင်ဂျာ အသိုင်းအဝိုင်းတွေက ပြောဆိုနေကြပါတယ်။
သံတွဲနှင့် ဂွ ပင်လယ်ပြင်၌ အရပ်သားများ ခရီးသွားလာခွင့် AA ပိတ်ပင်
တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်နဲ့ ဂွမြို့နယ်တို့က ပင်လယ်ပြင်မှာ အရပ်သား မော်တော်ဘုတ်တွေ သွားလာနေတာတွေကို အာရက္ခတပ်တော် (AA) က ဩဂုတ် ၁ ရက်က စတင်ပြီး အကန့်အသတ်မရှိ ပိတ်ပင်လိုက်တယ်လို့ အာရက္ခတပ်တော်က ဩဂုတ် ၁ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီက အရပ်သားပိုင် မော်တော်ဘုတ်တွေနဲ့ စစ်အင်အားဖြည့်တင်းတာတွေ၊ ရိက္ခာနဲ့ စစ်လက်နက်တွေကိုပါ ဖြည့်တင်းနေပြီး သံတွဲနဲ့ ဂွ ပင်လယ်ပြင်မှာ စစ်ရေးလှုပ်ရှားတာတွေ၊ စစ်ရေးပြင်ဆင်တာတွေကို ပြုလုပ်နေတာကြောင့် စစ်ရေးအရ ပင်လယ်ပြင်ခရီးသွားခွင့်ကို ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ရတာ ဖြစ်တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
အဲဒီအတွက်နဲ့ အရပ်သားပိုင် မော်တော်ဘုတ်တွေအနေနဲ့ စစ်ကောင်စီက အကျပ်ကိုင် စေခိုင်းတာတွေကို လိုက်နာဆောင်ရွက်တာတွေ၊ ပူးပေါင်းဆောင်ရွက်တာတွေကို မပြုလုပ်ကြဖို့လည်း အထူးသတိပေးထားသလို အရေးပေါ်ကျန်းမာရေးကိစ္စ (သို့) မဖြစ်မနေသွားရမယ့် ကိစ္စတွေရှိလာရင် နီးစပ်ရာ အုပ်ချုပ်ရေးမှူး၊ နယ်မြေမှူးတွေကို ဆက်သွယ်ပြီး သတ်မှတ်ထားတဲ့ လမ်းကြောင်းတွေက သွားလာရမယ်လို့လည်း ဆိုထားပါတယ်။
စစ်ကောင်စီက သံတွဲမြို့နယ်ကို ပြန်လည်ထိုးစစ်ဆင်နိုင်ဖို့အတွက် မောင်ရွှေလေးရေတပ်နဲ့ ဘင်္ဂလားပင်လယ်မှာ တပ်စွဲထားတဲ့ စစ်သင်္ဘောအုပ်စုကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာတွေ ရှိသလို သံတွဲမြို့နဲ့ သံတွဲမြို့နယ်ရှိ သူတို့ရဲ့ ဆုံးရှုံးထားတဲ့ တပ်ရင်းတွေကို ပြန်လည်ထိုးစစ်ဆင်ဖို့ ပြုလုပ်နေတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်တယ်လို့ အာရက္ခတပ်တော်က ပြောထားပါတယ်။
သံတွဲမြို့နယ်က ကြည်းတပ်ရင်းတွေ၊ သံတွဲမြို့၊ သံတွဲလေဆိပ်နဲ့ သံတွဲဟိုတယ်ဇုန်တို့ကို အာရက္ခတပ်တော်က ဇူလိုင် ၁၆ ရက် ညနေပိုင်းမှာ အပြီးသတ် သိမ်းပိုက်ထားပြီး အဲဒီနေရာတွေကို ပြန်လည်ရရှိဖို့အတွက် စစ်ကောင်စီက ထိုးစစ်ဆင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်ဖို့ အရပ်သားတွေအယောင်ဆောင်ကာ စစ်အင်အား ဖြည့်တင်းတာတွေ၊ ထောက်ပို့လုပ်ငန်းတွေကို လုပ်ကိုင်နေတာတွေနဲ့ မြို့တွင်းမှာ အရပ်သားဟန်ဆောင်ပြီး ဖောက်ထွင်း၊ ခိုးယူ၊ လုယက်နေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အပါအဝင် လက်နက်တွေနဲ့ ကစဉ့်ကလျား ထွက်ပြေးနေကြတဲ့ စစ်ကောင်စီအုပ်စုငယ်တွေ ရှိနေသေးတာကြောင့်လည်း မြပြင်၊ ဂျိတ်တောနဲ့ ကွင်းဝိုင်းတို့မှာ တိုက်ပွဲတွေ ဖြစ်နေကြဆဲဖြစ်တယ်လို့ AA က ပြောပါတယ်။
စစ်ကောင်စီက သံတွဲကို ဆုံးရှုံးမခံလိုတာကြောင့် ထိုးစစ်ဆင်မှုတွေ ပြုလုပ်ဖို့ ကြိုးစားနေပြီး ပြည်သူတွေအနေနဲ့ အာရက္ခတပ်တော်ရဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာကြဖို့ အရေးကြီးတယ်လို့ သံတွဲမြို့နယ်က စစ်ရေးအကဲခတ်တဦးက ပြောပါတယ်။
“စစ်ကောင်စီက သံတွဲကို လက်မလွှတ်ချင်တာကြောင့် ပြန်လည်ထိုးစစ်ဆင်ဖို့ အရပ်သား စက်လှေတွေကို အသုံးပြုပြီး အင်အားတွေ ဖြည့်တင်းနေတာတွေ ရှိတယ်။ အဓိကတော့ စီးပွားရေးအရ အရေးပါတဲ့ သံတွဲကို စစ်ခေါင်းဆောင်က လုံးဝကို လက်လွှတ်ချင်ပုံ မရဘူး။ အဲဒါကြောင့် AA ဘက်ကလည်း ရေကြောင်းတိုက်ပွဲတွေ ဖော်ဆောင်လာနိုင်တာကြောင့် အရပ်သားတွေကို မထိခိုက်စေချင်လို့ ပင်လယ်ပြင်ခရီးသွားမှု ကန့်သတ်ချက်တွေကို ပြည်သူတွေဘက်ကလိုက်နာဖို့ အရေးကြီးတယ်။”
အာရက္ခတပ်တော်ကတော့ သံတွဲမြို့နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ တောင်ကုတ်မြို့နယ်က တပ်စခန်းတွေနဲ့ ဂွမြို့နယ်က တပ်စခန်းတွေကိုလည်း ထိုးစစ်ဆင် တိုက်ခိုက်သွားမယ်လို့ ဆိုထားပါတယ်။
လက်ရှိမှာ သံတွဲမြို့နယ်အတွင်းက လက်ကျန်တပ်ရင်းဖြစ်တဲ့ မောင်ရွှေလေးရေတပ်ကိုလည်း အာရက္ခတပ်တော်က ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စဉ့်ကူးတိုက်ပွဲမှ ဖမ်းမိသူနဲ့ လက်နက်ချသူ ၁၂၉ ဦးရှိပြီး လက်နက်မျိုးစုံ ၇၃ လက် ရရှိ
မန္တလေးတိုင်း၊ စဉ့်ကူးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ဒုဗိုလ်မှူးကြီးအဆင့်ရှိသူ အောင်ကိုမင်း အပါအဝင် အရှင်ဖမ်းဆီးရရှိသူနဲ့ လက်နက်ချသူ ၁၂၉ ဦးရှိပြီး လက်နက်မျိုးစုံ ၇၃ လက်နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မိုးကုတ်ဗျူဟာ အမှတ် ၁၂၂၂ တပ်ရင်းက သြဂုတ် ၁ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
မိုးကုတ်ဗျူဟာ အမှတ် ၁၂၂၂ တပ်ရင်းရဲ့ တာဝန်ခံတဦးက “စဉ့်ကူးမြို့သိမ်းတိုက်ပွဲကနေ စစ်ကောင်စီတပ်ဘက်က ဒုဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၄ ဦး၊ ဗိုလ် ၁ ဦး၊ တပ်ကြပ် ၄ ဦး၊ ဒုတပ်ကြပ် ၄ ဦး၊ လက်ပံလှရဲစခန်းက စခန်းမှူး ၂ ဦး၊ ရဲတပ်ကြပ် ၂ ဦး၊ ရဲတပ်သား ၉ ဦးနဲ့ ပျူစောထီးတွေ အပါအဝင် အရှင်ဖမ်းဆီးရရှိသူနဲ့ လက်နက်ချသူ စုစုပေါင်း ၁၂၉ ဦး ရှိခဲ့ပါတယ်” လို့ DVB ကို အတည်ပြု ပြောပါတယ်။
အဆိုပါ အရှင်ဖမ်းဆီးရရှိသူနဲ့ လက်နက်ချသူ ၁၂၉ ဦးကို ဇူလိုင် ၁၉ ရက်မှာ မိုးကုတ်ဗျူဟာ အမှတ် ၁၂၂၂ တပ်ရင်းကနေ MDY PDF ဆီကို လွှဲပြောင်းအပ်နှံပေးခဲ့တယ်လို့လည်း သိရပါတယ်။
မိုးကုတ်ဗျူဟာ အမှတ် ၁၂၂၂ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံတဦးက “အရှင်ဖမ်းဆီးရရှိသူနဲ့ လက်နက်ချသူတွေဆီကနေ MA1 သေနတ် ၁၁ လက်၊ M22 သေနတ် ၁ လက်၊ ပါရီသေနတ် ၁ လက်၊ ကာဘိုင်သေနတ် ၂၈ လက်၊ လက်လုပ်သေနတ် ၃၂ လက်၊ ခဲယမ်းမီးကျောက်တွေ အပါအဝင် ကျည်ဆန်တွေနဲ့ တခြားဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့ပါသေးတယ်ဗျ” လို့ ပြောပါတယ်။
စဉ့်ကူးမြို့သိမ်းတိုက်ပွဲဖြစ်စဥ်နဲ့ မြို့သိမ်းတိုက်ပွဲအပြီး နောက်ပိုင်းတွေမှာလည်း စဥ့်ကူးမြို့နယ်ထဲကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ် ပြုလုပ်ခဲ့တဲ့အတွက် ဒေသခံပြည်သူတွေရဲ့ နေအိမ်အများအပြား ပျက်စီးခဲ့ရပြီး ပြည်သူတချို့ ထိခိုက်သေဆုံးခဲ့တာတွေ ရှိခဲ့တယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။
စဉ့်ကူးမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းအားလုံးနဲ့ စဉ့်ကူးမြို့ကို ဇူလိုင် ၁၇ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နဲ့ တပ်ပေါင်းစုတွေက အပြီးသတ် တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
တိုက်ပွဲပြင်းထန်နေသည့် လားရှိုးမြို့တွင်းကျန်ရစ်သူများ မိသားစုနှင့် အဆက်အသွယ်ပြတ်
ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ မြို့တော် လားရှိုးမြို့ကနေ တိမ်းရှောင်နေကြတဲ့ မြို့ခံတွေဟာ အကြောင်းအမျိုးမျိုးကြောင့် မြို့ထဲမှာ ကျန်ရစ်ခဲ့တဲ့သူတွေနဲ့ အဆက်သွယ်ပြတ်တောက်နေတာကြောင့် မိသားစုဝင်တွေ စိုးရိမ်စိတ်မြင့်တက်နေ ပါတယ်။
လားရှိုးမှာ ဇူလိုင် ၂ ရက် ညပိုင်း ကတည်းက ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယပိုင်းအဖြစ် နေ့တိုင်း ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားနေပါတယ်။
ဒါ့ကြောင့် သိန်းနဲ့ချီတဲ့ အရပ်သားပြည်သူတွေဟာ ဘေးလွတ်ရာဒေသတွေကို တိမ်းရှောင်နေကြရသလို အကြောင်းအမျိုးမျိုးကြောင့် မြို့မှာ ကျန်ရစ်နေခဲ့ရတဲ့ မိသားစုဝင်တွေနဲ့ အဆက်သွယ်ပြတ်တောက်နေတာကြောင့် စိုးရိမ်စိတ်တွေ မြင့်တက်နေရတာပါ။
၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းမှာ MNDAA ကိုးကန့်နဲ့ ပူးပေါင်းတပ်တွေဟာ လောက်ကိုင်၊ ချင်းရွှေဟော်၊ ကွမ်းလုံးနဲ့ သိန်းနီးမြို့တွေကို သိမ်းယူနိုင်ခဲ့ပါတယ်။
MNDAA ကိုးကန့်တပ်က အဲ့ဒီမြို့နယ်တွေကို ထိန်းချုပ်လိုက်ပြီး နောက်ပိုင်း ဗမာမှတ်ပုံတင်ကိုင်ဆောင်သူတွေကို ကန့်သတ်ပိတ်ပင်တာတွေရှိပါတယ်။
လက်ရှိ လားရှိုးမြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အခြေစိုက်တပ်ရင်းတွေကို MNDAA ကိုးကန့်တပ်နဲ့ မဟာမိတ်တပ်ဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့ ဖြတ်တောက်တိုက်ခိုက်နေတာပါ။ MNDAA ကိုးကန့်တပ်က လားရှိုး မြို့ကိုထိန်းချုပ်နိုင်ခဲ့ရင် မြို့ခံဗမာလူမျိုးတွေကို ကန့်သတ်ပိတ်ပင်တာတွေပြုလုပ်မှာကိုလည်း စိုးရိမ်နေကြပါတယ်။
တလတာဖြစ်ပွားခဲ့တဲ့ လားရှိုးမြို့က တိုက်ပွဲတွေအတွင်း ဘာသာရေးဆိုင်ရာအဆောင်အဦးတွေနဲ့ အရပ်သား ပြည်သူနေအိမ်တွေ အများအပြားပျက်စီးပြီး သေဆုံးသူလည်း ရာနဲ့ချီ ရှိနေပြီလို့ မြို့ခံတွေကဆိုပါတယ်။
လက်ရှိ လားရှိုးမြို့မှာ တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်တာကြောင့် ဖုန်းလိုင်း အင်တာနက်လိုင်းတွေ ပြတ်တောက်နေပါတယ်။
သံဖြူဇရပ်-ရေး-ထားဝယ်လမ်းပိုင်းကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး
သံဖြူဇရပ်-ရေး-ထားဝယ်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီဘက်က ဗျူဟာအရ အရေးကြီးတဲ့နေရာတွေမှာ ဝင်ရောက်တပ်စွဲတာ၊ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်မှုတွေ ရှိလာတယ်လို့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတွေက DVB ကို ပြောပါတယ်။
စစ်ရေးအပါအဝင် လမ်းပန်းဆက်သွယ်ရေးအတွက် အလွန်အရေးပါတဲ့ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးဖြစ်တဲ့ သံဖြူဇရပ်-ရေး-ထားဝယ်လမ်းပိုင်းကို ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ဆန်းပိုင်းကတည်းက စပြီး တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေဘက်က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကို ပြန်လည်စိုးမိုးနိုင်ရေးအတွက် စစ်ကောင်စီက ဇူလိုင် ဒုတိယအပတ်ကစပြီး သံဖြူဇရပ်၊ ရေးနဲ့ ရေဖြူမြို့နယ်တို့မှာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်မှုတွေ ရှိလာခဲ့တာပါ။
အဲဒီစစ်ကြောင်းတွေမှာ ကရင်ပြည်နယ် မြဝတီစစ်ဆင်ရေးကနေ ပြန်လည်ရုတ်သိမ်းခဲ့တဲ့ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းက စစ်သားတွေ၊ စစ်မှုထမ်းတပ်သားအသစ်တွေနဲ့ နယ်မြေစိုးမိုးရေး ကြိုးပမ်းလာတယ်လို့ ဒေါနစစ်ကြောင်းမှူး စောဒါးကိုက ပြောပါတယ်။
စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်းတည်ရှိရာ ရေးမြို့နယ်၊ လမိုင်းမြို့၊ မော့ကနင်ကျေးရွာကနေ မော့ကနင်ရွာသစ်၊ ကနင်ကမော့၊ လိမ္မော်ခြံ၊ နှစ်ကရင်ကျေးရွာအထိ ထိုးဖောက်ဝင်ရောက်လာသလို သံဖြူဇရပ်မြို့နယ်ဘက်ကလည်း စစ်ကြောင်းထိုးမှုတွေ ရှိနေတာပါ။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတဲ့အတွက် ဇူလိုင် ၂၅ ရက်ကစပြီး သံဖြူဇရပ်-ရေး လမ်းပိုင်းမှာ တိုက်ပွဲတွေ နေ့စဉ်နဲ့အမျှ ဖြစ်ပွားလာသလို နှစ်ဖက်ထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်က ရေးမြို့နယ် လိမ္မော်ခြံကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
တဖက်မှာတော့ စစ်ကောင်စီဟာ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်က ဗျူဟာအရ အရေးကြီးတဲ့နေရာတွေမှာ ဝင်ရောက်တပ်စွဲတာ၊ ဘန်ကာတွေနဲ့ ကတုတ်ကျင်းတွေ တည်ဆောက်ပြီး ကာကင်းပြုလုပ်လာတယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက ပြောပါတယ်။
အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး ပြန်လည်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေတဲ့ စစ်ကောင်စီဟာ စစ်ရေးအရ အရေးပါတဲ့ ကျေးရွာတွေက လမ်းပေါ်တွေမှာ ဝင်ရောက်နေရာယူတာတွေ ရှိနေသလို လမ်းသွားလမ်းလာ ပြည်သူတွေကိုလည်း စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ (NMSP AD) ပြောခွင့်ရ နိုင်ဗညားမွန်က စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုး ဝင်ရောက်မှုတွေကြောင့် တိုက်ပွဲတွေ ပြင်းထန်လာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ အထူးသတိထား သွားလာကြဖို့ တိုက်တွန်းထားပါတယ်။
ရာမညအင်စတီကျူ သုတေသနအဖွဲ့ RICE ရဲ့ ဇူလိုင်လ ဒုတိယအပတ် အစီရင်ခံစာအရ သံဖြူဇရပ်-ရေး လမ်းပိုင်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ KNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲ့ တောင်ညိုစစ်ကြောင်း ပူးပေါင်းအဖွဲ့တို့က ထိန်းချုပ်ထားတာပါ။
ရေး-ရေဖြူ လမ်းပိုင်းကိုတော့ မွန်ပြည်သစ် NMSP AD၊ မွန်ပြည်တော်လှန်ရေးတပ် MSRF၊ မွန်ပြည်ကာကွယ်ရေးတပ် MSDF နဲ့ ဒေါနစစ်ကြောင်း ပူးပေါင်းအဖွဲ့တွေက ထိန်းချုပ်ထားတဲ့အတွက် စစ်ကောင်စီဘက်က ရေလမ်းကိုသာ အဓိကအသုံးပြုနေရပါတယ်။
တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေကတော့ အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်းကို စစ်ကောင်စီဘက်က ပြန်လည်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းမှုဟာ နိုင်ငံအနှံ့ တိုက်ပွဲတွေတိုင်း စစ်ရှုံးနေမှုအပေါ် ဂုဏ်သိက္ခာဆယ်ဖို့နဲ့ မြန်မာပြည်တောင်ပိုင်းဒေသ နယ်မြေစိုးမိုးရေး ဖြစ်တယ်လို့ သုံးသပ်ပါတယ်။
ရန်ကုန်-မော်လမြိုင်လမ်းပေါ်က တံတား ၁ စင်း မိုင်းခွဲခံရပြီး လမ်းယာယီပိတ်
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နဲ့ သထုံမြို့နယ်ကြား ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်ရှိ ကမာဆိုင် ကွက်သစ်ကျော်တံတားမှာ ဒီနေ့ သြဂုတ် ၂ ရက် မနက်ပိုင်းက မိုင်းခွဲခံရပြီး ပျက်စီးသွားတာကြောင့် ကားလမ်း ယာယီပိတ်ထားကြောင်း ဒေသခံတွေထံက သိရပါတယ်။
သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာ၊ ကမာဆိုင်ကွက်သစ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ် ၁၃၃/၆ နဲ့ ၁၃၃/၇ ကြားရှိ သံကူကွန်ကရစ်တံတားအမှတ် ၃/၁၃၄ တံတားမှာ ဒီနေ့မနက် ၄ နာရီလောက်က မိုင်းထိပြီး ကျိုးကျပျက်စီးသွားခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
“မနက်က ၄ နာရီလောက်မှာ မိုင်းပေါက်ကွဲသံ အကျယ်ကြီး ကြားလိုက်တယ်။ ခုမနက်မှ တံတား မိုင်းခွဲခံရတယ်ဆိုတာ သိရတာ။ တံတားက အသေးဆိုပေမဲ့ တစင်းလုံး ပျက်စီးသွားတော့ ကားကြီးတွေ သွားလို့မရတော့ဘူး။ အိမ်စီးကားအမြင့်တွေက တံတားဘေး လယ်ကွင်းက သွားနေကြပါတယ်။ ကားအနိမ့်တွေက ချိုင့်နဲ့မလွတ်လို့ သွားလို့မရဘူး။”
ဒါ့အပြင် ဇူလိုင် ၁၇ ရက်ကလည်း ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီးပေါ်ရှိ ကရင်လေးဆိပ်တံတား မိုင်းခွဲခံရပြီး ပျက်စီးခဲ့ပါတယ်။
အလားတူ ပြီးခဲ့တဲ့ မေလအတွင်းကလည်း ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမပေါ်ရှိ ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံခဲ့ရသလို မစောတံတားလည်း မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီး ကားတွေ သွားလာမရဘဲ ပိတ်မိခဲ့တာကြောင့် ယာယီဘေလီတံတား တည်ဆောက်ခဲ့ရကြောင်း သိရပါတယ်။
မြောင်မြို့မရဲစခန်းကို PDF က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်
စစ်ကိုင်းတိုင်း၊ မြောင်မြို့မရဲစခန်းအတွင်းကို ဇူလိုင် ၃၁ ရက် ညနေ ၄ နာရီက ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ CDSOM အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
အဆိုပါရဲစခန်းအတွင်း စစ်ကောင်စီတပ်နဲ့ ရဲတွေက ပျူစောထီးတွေကို စစ်သင်တန်းပေးနေတယ်လို့လည်း သိရပါတယ်။
CDSOM အဖွဲ့ တာဝန်ရှိသူ ကိုနွေဦးက “အဲဒီစခန်းမှာ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာရွာဘက်ကနေ သင်္ဘောနဲ့ခေါ်လာတဲ့ ပျူ ၂၀ ကို စစ်သင်တန်းပေးနေတာကို ဒရုန်းယာဉ် ၃ စီး အသုံးပြုပြီး ဗုံးသီး ၁၂ လုံး အသုံးပြု တိုက်ခိုက်ခဲ့တာဗျ။ ပထမဆုံး မိုင်း ၆ လုံးထဲက မိုင်း ၄ လုံးကတော့ ပျူတွေ တန်းစီနေရာကို တည့်တည့်ကျတယ်။ နောက်တခေါက် ၆ လုံးကတော့ ရဲစခန်းထဲတော့ ကျတယ်။ သိပ်ပြီး မထိရောက်ဘူးလို့ပဲ ထင်တယ်။ စစ်ကောင်စီတွေ မနက်ခင်း ၈ နာရီမှာ တကြိမ် တန်းစီတယ်၊ ညနေ ၄ နာရီမှာ တကြိမ် တန်းစီတယ်လို့ သိထားရလို့ အခုလို ထိထိမိမိ လုပ်နိုင်ခဲ့တာဗျ။ ဒီလိုလုပ်နိုင်ဖို့ကလည်း ပြည်သူတွေဘက်က ထိထိမိမိ သတင်းပေးနိုင်လို့ လုပ်နိုင်ခဲ့တာပါ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ မြောင်ရဲစခန်းအတွင်းမှာ ဇူလိုင် ၂၉ ရက်ကစတင်ပြီး စစ်သင်တန်းပေးတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
မြောင်မြို့နယ်မှ ပြည်သူတဦးက “ကျနော်တို့လည်း သွားရင်းလာရင်းနဲ့ ရဲစခန်းထဲ ကြည့်တဲ့အခါ စစ်တပ်က ပျူတွေကို စစ်သင်တန်းပေးနေတာ မြင်ရတယ်ဗျ။ ပျူအယောက်အရေအတွက်က ၂၀ ရှိတယ်ဗျ။ အဲလိုသိလို့ ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကို ဇူလိုင် ၂၉ ရက်နေ့ ညနေခင်းမှာ သတင်းပို့ပေးခဲ့တာ” လို့ ပြောပါတယ်။
အခုတိုက်ခိုက်မှုကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ - CDSOM - 001 Drone Team က ပြုလုပ်ခဲ့တာဖြစ်ပြီး အဆိုပါအဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်ကလည်း မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ရွာသာရွာကျေးရွာအတွင်း အထိုင်ချထားတဲ့ စစ်ကောင်စီစခန်းကို SHAR HTOO WAW နည်းပညာ Fixed Wings Drone ၉ စီးနဲ့ ဗုံးသီး ၁၈ လုံးကြဲချ တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။