မတ္တရာတွင် စစ်တပ်စခန်း ၃၅ ခုအထိ မန္တလေး-PDF သိမ်းပိုက်ထားပြီး ထိုးစစ်ဆက်ဆင်နေ
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း ၃၅ ခုအထိ သိမ်းပိုက်ရရှိထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က ဇူလိုင် ၃၁ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
Photo Crd-MDY-PDF
MDY-PDF တာဝန်ရှိသူတဦးက “မတ္တရာမြို့နယ်ထဲက စစ်ကောင်စီရဲ့ တပ်စခန်း ၇ ခုကို ထပ်မံသိမ်းပိုက်ရရှိခဲ့တာ ဖြစ်တဲ့အတွက် ဒီမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းပေါင်း ၃၅ ခုအထိ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ကျနော်တို့ တပ်ပေါင်းစုတွေဘက်ကလည်း ပေးဆပ်မှုတွေ ရှိခဲ့ပါတယ်” လို့ DVB ကို ပြောပါတယ်။
မတ္တရာမြို့နယ်ထဲက ငါးလုံးပြွန်ကျေးရွာတပ်စခန်း၊ တောင်ကန်ကျေးရွာတပ်စခန်း၊ အောင်သပြေကျေးရွာတပ်စခန်း၊ အောင်သပြေကားကွင်းတပ်စခန်း၊ မြို့ကုန်းကျေးရွာတပ်စခန်း၊ ထန်းပင်ကုန်းကျေးရွာတပ်စခန်းနဲ့ ဘိုကုန်းကျေးရွာတပ်စခန်း စတဲ့ စစ်ကောင်စီတပ်စခန်း ၇ ကို ထပ်မံသိမ်းပိုက်ရရှိထားတာ ဖြစ်တယ်လို့ သိရပါတယ်။
ထပ်မံသိမ်းပိုက်ရရှိတဲ့ တပ်စခန်းတွေကနေ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိပြီး စစ်သုံ့ပန်းတွေလည်း ဖမ်းဆီးရမိထားတယ်လို့ ဆိုပါတယ်။
MDY-PDF ပြောရေးဆိုခွင့်ရှိသူတဦးက “ဆက်လက်ပြီးတော့လည်း ဒီ မတ္တရာမြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ စစ်ရေးပစ်မှတ်တွေကို ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။ ကျောက်တံတားရွာနဲ့ မြကန်သာရွာတွေက စစ်ကောင်စီ တပ်စခန်းတွေကို သိမ်းပိုက်နိုင်ဖို့ တိုက်ပွဲလည်း ပြင်းထန်နေပါတယ်” လို့ ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ဟာ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ အဖြစ် ဇွန် ၂၅ ရက်က စတင်ခဲ့တဲ့ ရှမ်းမန်းစစ်ဆင်ရေးမှာ ဇူလိုင် ၁၆ ရက်အထိ မတ္တရာမြို့နယ်ထဲက စစ်ကောင်စီရဲ့ စခန်းသာတပ်စခန်း၊ ကျောက်မဏ္ဍပ်တပ်စခန်း၊ စပါးကျည်တောင်တပ်စခန်း၊ ကျောက်ကြမ်းတောင်တပ်စခန်း၊ ငွေပုထိုးတပ်စခန်း၊ ရှင်မတောင်တပ်စခန်း၊ နဂါးပတ်တပ်စခန်း၊ နွားခြံကုန်းတပ်စခန်း၊ ဝန်တင်ကုန်းတပ်စခန်း၊ လက်သန်းတောင်တပ်စခန်း၊ ခြေတော်ရာတပ်စခန်း၊ ကိုရင်လေးတောင်တပ်စခန်း၊ ကင်းရွာတပ်စခန်း၊ ဆည်တော်လမ်းခွဲတပ်စခန်း၊ ရေနံ့သာတိုးဂိတ်၊ ရေနံ့သာရဲစခန်း၊ ပတ်လည်အင်းတပ်စခန်း၊ မြောက်တံငါတပ်စခန်း၊ တောင်တံငါတပ်စခန်းနဲ့ Alpha ဘိလပ်မြေစက်ရုံ တပ်စခန်းတွေ အပါအဝင် စစ်ကောင်စီတပ်စခန်း ၂၈ ခုကို အပြီးသတ် သိမ်းပိုက်ရရှိထားခဲ့တာလည်း ဖြစ်ပါတယ်။
လွိုင်ကော်တွင် လက်ပစ်ဗုံးပေါက်ကွဲပြီး ကလေး ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ပီကင်ကေားခူကျေးရွာမှာ ဆယ်ကျော်သက် ၂ ဦး လက်ပစ်ဗုံးဆော့ကစားရာက ပေါက်ကွဲမှုဖြစ်လို့ တဦးသေဆုံးပြီး တဦး ပြင်းထန်စွာ ဒဏ်ရာရရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဇူလိုင် ၃၀ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ပြီး ဗုံးပေါက်ကွဲမှုကြောင့် တဦးက ပွဲချင်းပြီးသေဆုံးကာ တဦးက ဒဏ်ရာအပြင်းအထန်ရလို့ ဆေးကုသနေရတယ်လို့ ပြောပါတယ်။
ပီကင်ကေားခူရွာခံတဦးက “ဗုံးက သူတို့ ဘယ်ကရလာတာလဲ မသိဘူး။ သူတို့ ၂ ယောက်က အသက် ၁၃ ဝန်းကျင်ပဲ ရှိသေးတယ်။ ကလေးဆိုတော့ စပ်စုချင်တာနေမှာပေါ့။ သူတို့ ဆော့နေရင်းနဲ့ပဲ အိမ်ပေါ်မှာတင် ပေါက်ကွဲသွားတယ်” လို့ ပြောပါတယ်။
အလားတူ ဖယ်ခုံအနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင် အမျိုးသားတဦးက လမ်းမှာကျကျန်ခဲ့တဲ့ M16 ကျည်ဆန်တတောင့်ကို ယူလာပြီး အမှတ်မထင် မီးဖိုဘေးချထားမိရာ မီးလောင်စဥ် ကျည်ဆန်က အသက်ဝင်လာပြီး အဲဒီအမျိုးသားရဲ့ ကလေးနားထင်အနီး ပွင့်ထွက်သွားခဲ့တဲ့ ဖြစ်စဉ်လည်း ရှိတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၃ ရက်ကလည်း ဖရုဆိုမြို့နယ် အနောက်ဘက်ဒေသမှာ ကလေးတွေက စွပ်ဗုံးလို့ ယူဆရတဲ့ ပစ္စည်းတခု ဆော့ကစားမိရာ ပေါက်ကွဲမှုဖြစ်ပြီး တဦးသေဆုံးကာ ၂ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။
ဖယ်ခုံ၊ မိုးဗြဲ အပါအဝင် ကရင်နီပြည် နေရာအနှံ့အပြားမှာ မပေါက်ကွဲသေးတဲ့ မြေမြှုပ်မိုင်း၊ လက်နက်ကြီး၊ စစ်ကျန်ပစ္စည်းများစွာ ကျန်ရှိနေပြီး နေ့စဉ် ဒေသခံတွေက မိမိအသက်အန္တရာယ်ကို စိုးရိမ်နေရတယ်လို့ ပြောပါတယ်။
တနင်္သာရီတွင် စစ်တပ်က ကျေးရွာထဲ ဗုံး ၁၀ လုံးကျော် ကြဲချ
ထိတွေ့တိုက်ပွဲတွေ ရက်ရှည်ဖြစ်နေတဲ့ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာမှာ စစ်ကောင်စီဘက်က လေကြောင်းအသုံးပြုပြီး ဗုံးသီး ၁၃ လုံးခန့် လာကြဲသွားတယ်လို့ ဒေသခံပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
ဇူလိုင် ၃၀ ရက် ညနေ ၄ နာရီခွဲဝန်းကျင်မှာ လယ်သစ်ကျေးရွာအနီး နှစ်ဖက်ထိတွေ့တိုက်ပွဲ မရှိပေမဲ့ စစ်ကောင်စီဘက်က Mi-2 ရဟတ်ယာဥ်တစီးနဲ့ ပျံသန်းလာပြီး ၁၂၀ မမ ဗုံးသီးအမျိုးအစား ၁၃ လုံးကို လယ်သစ်ကျေးရွာထဲ လာကြဲသွားတယ်လို့ မြေပြင်ရှိ တော်လှန်ရေးရဲဘော်တဦးက ပြောပါတယ်။
“ဂျက်ဖိုက်တာတစီးက လာဝဲသွားတာလောက်ပဲ၊ ရဟတ်ယာဥ်တစီးက ဗုံးသီးကြဲသွားတာပါ၊ ရွာထဲကို လာကြဲသွားတာပါ၊ ရဲဘော်တွေ အထိအခိုက်မရှိပါဘူး၊ အခုက အနီးကပ်တိုက်ပွဲ ဖြစ်နေတာပါ။”
တနင်္သာရီမြို့နယ်အတွင်းမှာ မြစ်ရေကြီးနေတဲ့အတွက် ကျေးရွာတွေက ဒေသခံပြည်သူတွေ ရေဘေးအန္တရာယ် ကြုံတွေ့နေရပြီး လက်ရှိ တိုက်ပွဲတွေဖြစ်နေတဲ့ လယ်သစ်ကျေးရွာအုပ်စုမှာဆိုရင် ဖုန်းလိုင်းအဆက်အသွယ်တချို့ပါ ပြတ်တောက်နေတယ်လို့ ဒေသခံ ပြည်သူတဦးက ပြောပါတယ်။
“တိုက်ပွဲတွေက တအားပြင်းထန်ဖြစ်နေတယ်၊ ဒီနေ့တော့ တိုက်ပွဲမဖြစ်ဘူး၊ ဗုံးသီးပဲ ရွာထဲကို လာကြဲသွားတာပါ၊ လယ်သစ်ရွာမှာက အင်တာနက်လိုင်း အဆက်အသွယ်တွေလည်း အမြဲမရဘူး။”
ထိတွေ့တိုက်ပွဲဖြစ်တဲ့နေ့တွေတည်းက လယ်သစ်ကျေးရွာမှာ ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို စစ်ရှောင်နေကြပေမဲ့ ဒေသခံပြည်သူတချို့တလေက ရွာမှာကျန်ရှိနေဆဲဖြစ်ပြီး ဗုံးကြဲတိုက်ခိုက်မှုအတွင်းမှာတော့ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
ဇူလိုင် ၁၉ ရက်က စတင်ပြီး အင်အား ၂၀၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်ဟာ ကျွန်းစုမြို့နယ် ဂျိုးတောင်ရွာဘက်ကနေ နယ်မြေချင်းထိစပ်နေတဲ့ တနင်္သာရီမြို့နယ် လယ်သစ်ရွာဘက်ကို စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ထွက်လာချိန် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ၁၀ ရက်ကျော် ကြာတဲ့အထိ ထိတွေ့တိုက်ပွဲ ပြင်းထန်နေတယ်လို့ ပြောပါတယ်။
ရေနံချောင်းတွင် စစ်တပ်ပစ်ခတ်မှုကြောင့် စစ်ရှောင်အမျိုးသမီး ၁ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ
မကွေးတိုင်း၊ ရေနံချောင်းမြို့အခြေစိုက် ခလရ ၇၇ တပ်ရင်းထဲကနေ ဇူလိုင် ၂၈ ရက် မနက် ၅ နာရီဝန်းကျင်က လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်စခန်းက စစ်ဘေးရှောင်ပြည်သူ အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုရဲ့ တာဝန်ခံတဦးက “ဒီမြို့နယ်ထဲက ကုက္ကိုကွ အုပ်စုထဲက စစ်ဘေးရှောင်စခန်းတခုထဲကို ရေနံချောင်း ခမရ ၇၇ တပ်ရင်းကနေ ပစ်လိုက်တဲ့ ၄၀ နဲ့ ၆၀ မမ လက်နက်ကြီး ၅ လုံး ကျရောက်ပေါက်ခဲ့လို့ စစ်ဘေးရှောင်အမျိုးသမီးတဦး ဆုံးသွားတယ်၊ အမျိုးသား ၄ ဦး ဒဏ်ရာတွေရသွားကြတယ်။ တိုက်ပွဲဖြစ်တာ မရှိဘူးနော်။ အလကားသက်သက်မဲ့ ပစ်တာ။ ပြည်သူကို ဒုက္ခရောက်အောင်လုပ်တာ” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ရေနံချောင်းမြို့အခြေစိုက် ခမရ ၇၇ တပ်ရင်းဟာ မကွေးမြို့က တပ်မ ၈၈ လက်အောက်ခံတပ် ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒဏ်ရာရသူ အမျိုးသား ၄ ဦးဟာ အသက် ၂၀ နဲ့ ၃၀ ကြား စစ်ဘေးရှောင် အမျိုးသားတွေ ဖြစ်ကြပြီး မစိုးရိမ်ရတဲ့အတွက် စစ်ဘေးရှောင်စခန်းမှာပဲ ဆေးကုသမှု ခံယူနေပြီး သေဆုံးသွားသူဟာ အသက် ၅၈ နှစ်အရွယ် စစ်ဘေးရှောင်အမျိုးသမီးတဦး ဖြစ်တယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်ပြည်သူတဦးက “ကျနော်တို့ ကုက္ကိုကွအုပ်စုထဲက ရွာတွေထဲကို စစ်တပ်က မကြာမကြာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ရွာတွေကနေ စစ်ဘေးရှောင်လာကြတာ ၅ လကျော်နေပြီ။ အခုလည်း စစ်ရှောင်စခန်းကို ထပ်ပစ်တယ်ဗျာ။ စစ်တပ်က ကျနော်တို့ပြည်သူတွေကို ဒုက္ခပေးလို့ မဝသေးဘူးလား မသိပါဘူး။ ပြည်သူကို ဒုက္ခတွေပေးနေတဲ့စစ်တပ် မြန်မြန်မျိုးကန်းပါစေလို့ပဲ နေ့တိုင်း ဆုတောင်းနေတယ်” လို့ ပြောပါတယ်။
အဆိုပါ ခမရ ၇၇ တပ်ရင်းရဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း ရေနံချောင်းမြို့နယ်က ကန်လေကုန်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး အသက် ၄၀ အရွယ် ရွာခံအမျိုးသမီးတဦးကို ပစ်ခတ် သတ်ဖြတ်ခဲ့တယ်လို့ စစ်ဘေးရှောင်တွေဆီကနေ သိရပါတယ်။
ရေးတွင် စစ်တပ်လက်နက်ကြီးကြောင့် ပြည်သူ ၂ ဦးဒဏ်ရာရ
မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ စစ်တပ်ပစ်လိုက်တဲ့ လက်နက်ကြီးထိမှန်ပြီး အရပ်သားပြည်သူ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေးမြို့နယ် လိမ္မော်ခြံကျေးရွာနဲ့ မော့ကနင်ကျေးရွာကြားမှာ KNLA ပူးပေါင်းတပ်ဖွဲ့နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား ဇူလိုင် ၂၈ ရက်ကစပြီး တိုက်ပွဲဖြစ်ပွားနေတာကြောင့် မော့ကနင်အခြေစိုက် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူ ပေးခဲ့ပါတယ်။
ဇူလိုင် ၂၉ ရက် နေ့လယ် ၁၂ နာရီခွဲက စစ်ကောင်စီတပ်ပစ်လိုက်တဲ့ လက်နက်ကြီးကျည် တလုံးဟာ လိမ္မော်ခြံကျေးရွာထဲ ကျရောက်ပေါက်ကွဲပြီး အဘွားအိုတဦးနဲ့ အမျိုးသားတဦးတို့ ဒဏ်ရာရရှိခဲ့ပါတယ်။
ရေးမြို့ခံတဦးက “တိုက်ပွဲဖြစ်နေတာ ၂ ရက် ၃ ရက်ရှိပြီ။ စစ်တပ်ဘက်ကလည်း လက်နက်ကြီးတွေ တရစပ်ပစ်တာ။ လက်နက်ကြီးတလုံးက ရွာနားကျပြီး ၂ ဦး ဒဏ်ရာရတာ။ ဒဏ်ရာရတဲ့ အမျိုးသားက လက်တွေ ခြေထောက်တွေ ထိပြီး မစိုးရိမ်ရဘူး။ အဘွားအိုကတော့ တကိုယ်လုံးထိထားတော့ စိုးရိမ်ရတယ်” လို့ ပြောပါတယ်။
လက်နက်ကြီးထိမှန်ခဲ့တဲ့ အဘွားအိုတဦးနဲ့ အမျိုးသားတဦးတို့ကို ဒေသခံ လူမှုကယ်ဆယ်ရေး အဖွဲ့တခုက လမိုင်းဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။
ရေးမြို့နယ် လိမ္မော်ခြံကျေးရွာအနီးမှာ KNLA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ ပတ်သက်ပြီး နှစ်ဖက်ထိခိုက်မှု အခြေအနေကို သိရဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကို ဆက်သွယ်ထားပေမဲ့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်ကလည်း ရေးမြို့နယ် လိမ္မော်ခြံကျေးရွာနဲ့ မော့ကနင်ကျေးရွာကြားမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့သလို တော်လှန်ရေးရဲဘော်တဦးလည်း ကျဆုံးခဲ့တယ်လို့ တောင်ညိုစစ်ကြောင်းထံက သိရပါတယ်။