Home
မြန်မာသတင်း
တိုက်ပွဲသတင်းများ (ဩဂုတ် ၁  ရက်)
DVB
·
August 1, 2024

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) ဝင်းထဲက တိုက် ၉ လုံးဘက်နဲ့ တချို့ ရပ်ကွက်တွေဘက်ကို  ဇူလိုင် ၃၁ ရက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒေသခံ အမျိုးသမီးတဦးက"မနေ့က ရမခ ဝင်းထဲက တိုက် ၉ လုံး မှာ လေယာဉ် ဗုံးလာကြဲတယ်။ MNDAA တွေ ရှိနေလို့ လို့ ပြောတာပဲ။ တောင်ပေါ် ဘုရားရဲ့ တောင်ခြေဘက် ပိုနီးတယ် တိုက် ၉ လုံးက" လို့ ပြောပါတယ်။ ဗျူဟာလမ်းထဲက တချို့အိမ်တွေလည်း လက်နက်ကြီး ထိထားတယ်လို့ သူက ပြောပါတယ်။

နောက်ထပ် ဒေသခံတဦးက"ကချင်ဘုရားကျောင်းက အဆောက်အဦးလည်း ရစရာ မရှိအောင် ထိသွားတယ်။ လူတွေတော့ မရှိဘူး။ အလောင်း တလောင်းတော့မြင်ရပေမဲ့ ဘုရားကျောင်းထဲက လူတော့ မဟုတ်ဘူး" လို့ ပြောပါတယ်။

ရပ်ကွက် ၉ နယ်မြေ ၄ ဘက်က ပန်းချယ်ရီ မုန့်ဆိုင်မှာလည်း လက်နက်ကြီးကျပြီး မီးလောင်ပြာကျသွားတဲ့အပြင် ဆိုင်ရှင် မြေး အဘိုး ၂ ဦးစလုံးလည်း သေဆုံးသွားခဲ့တယ်လို့ သိရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တန့်ယန်း လမ်းဘက်ကနေ လားရှိုးဘက် စစ်ကူလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ လမ်းမှာ ကြားဖြတ် တိုက်ခိုက်ခံရလို့ အယောက် ၅၀ ခန့် သေဆုံး သွားတယ်လို့ သိရတယ်လို့ တန့်ယန်းက ဒေသခံတဦးက ပြောပါတယ်။

"တန့်ယန်း ကနေ လားရှိုးဘက် စစ်ကူသွားတဲ့ စစ်ကောင်စီ ကားတန်းလမ်းမှာ တိုက်ခံရတာ။ စစ်ကောင်စီတွေ အများကြီးသေတယ်" လို့ သူက ပြောပါတယ်။

ဇူလိုင် ၃၀ ရက် မနက် ၃ နာရီလောက်က တန့်ယန်းမြို့ကနေ လားရှိုးမြို့ဘက် စစ်ကောင်စီ စစ်ကား ၈ စီး အင်အား ၄၀၀ လောက်နဲ့ တပ်အင်အားဖြည့်လာတဲ့ စစ်ယာဉ်တန်းကို MNDAA နဲ့ BPLA ပူးပေါင်းတပ်ဖွဲ့က လားရှိုးမြို့နယ် မန်ပန်နဲ့ ဟိုနားရွာအနီး ကြားဖြတ်တိုက်ခိုက်ရာဦးဆောင်သူ ဗိုလ်မှူးချုပ် သန်းထွန်းအောင် ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားလို့  သျှမ်းသံတော်ဆင့် သတင်းမှာ ဖော်ပြပါတယ်။

အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်-ရလခ ခိုလမ်စစ်ဆေးရုံမှာ ဆေးကုသနေရပြီး စစ်ကောင်စီတပ်ဖွဲ့ ၅၀ ဝန်းကျင်လောက်က သေဆုံးကာ ၈၀ ဝန်းကျင်ခန့် ဒဏ်ရာရခဲ့ကြောင်း လည်း သတင်းမှာ ဖော်ပြထားပါတယ်။

လားရှိုးမှာ နေ့တိုင်း နီးပါးတိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီ ဘက်ကလည်း လေကြောင်းနဲ့ ရော ကုန်းကြောင်းနဲ့ပါ စစ်ကူတွေ ပို့ဆောင်နေတာဖြစ်ပါတယ်။

လားရှိုးတိုက်ပွဲတွင် စစ်မှုထမ်းအပတ်စဥ် ၁ က တပ်သားသစ်များ သေဆုံးမှုများ

စစ်မှုထမ်းသင်တန်းပြီးရင် မြို့ရွာတွေမှာ တာဝန်ပေးမယ်လို့ စစ်ကောင်စီက ပြောဆိုခဲ့ပေမဲ့ လားရှိုးမြို့သိမ်းတိုက်ပွဲမှာတော့ သေဆုံးရတဲ့ တပ်သားသစ်တွေ များလာတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။

ရန်ကုန်ကနေ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့ ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းမှာ သင်တန်းတက်ခဲ့ရပြီး သင်တန်းဆင်းပြီးနောက်ရက်မှာ ရှေတန်းကိုပို့လိုက်တာကြောင့် သားဖြစ်သူ သေဆုံးသွားတယ်လို့ မိသားစုဝင်တဦးက DVB ကို ပြောပါတယ်။

“စစ်မှုမထမ်းခင်က ရန်ကုန်က လက်ရုံးတပ်တွေမှာ တာဝန်ချပေးမှာ၊ စစ်မတိုက်ရဘူးလို့ ပြောတယ်။ သင်တန်းတက်တော့ ရှမ်းတောင်ကိုပို့တယ်။ ဇွန်လ ၂၈ ရက်က သင်တန်းဆင်းတယ်။ ဇူလိုင် ၁ ရက်မှာ ရှေ့တန်းကိုပို့တယ်။ ဇူလိုင်လ ၂၉ ရက်မှာ ရှေ့တန်းမှာ သေသွားတယ်။”

ရန်ကုန်မှာရှိတဲ့ အမှတ် ၁ စစ်အခြေခံလေ့ကျင့်ရေးတပ်နဲ့ အမှတ် ၁ တန်းမြင့်သင်တန်းကျောင်းက တပ်သားသစ်တွေကိုတော့ ဇူလိုင် ၆ ရက်ကစတင်ကာ ရှမ်းမြောက်နဲ့ ရခိုင်ကို ပို့ခဲ့တာကြောင့် သေဆုံးရသူတွေလည်း ရှိတယ်လို့ မိသားစုဝင်တဦးက DVB ကို ပြောပါတယ်။

“ကျနော့်ညီလေးက ရှမ်းမြောက်ကိုရောက်သွားတယ်။ သူ့သူငယ်ချင်းတွေက ရခိုင်ကိုရောက်တယ်။ လားရှိုးတိုက်ပွဲမှာ ဇူလိုင်လ ၃၀ ရက်က သေသွားတယ်။ မသေခင် အဆက်အသွယ်ရတယ်။ ကိုကြီး ညီလေးပြန်ချင်နေတယ်ဆိုပြီး စိတ်မကောင်းဘူး၊ စစ်မှုထမ်းခိုင်းတာဟာ ရှေ့တန်းပို့ဖို့ဆိုတာ သိလိုက်ရတယ်။”

ရှေတန်းပို့ခဲ့တဲ့ တပ်သားသစ်တွေဟာ မတ် ၃၀ ရက်က စစ်မှုထမ်းအပတ်စဥ် ၁ သင်တန်းကို တက်ခဲ့ပြီး ဇွန် ၂၈ ရက်မှာ စစ်သင်တန်းကျောင်း ၁၇ ကျောင်းမှာ သင်တန်းဆင်းခဲ့သူတွေပါ။

စစ်ခေါင်းဆောင်တွေအနေနဲ့ စစ်တပ်အတွင်းမှာ လူအင်အားနည်းပါးလာပြီး တပ်သားသစ် စုဆောင်းရတာ မလွယ်ကူတာကြောင့် စစ်မှုထမ်းဥပဒေကို ထုတ်ခဲ့တာဖြစ်တယ်လို့ အငြိမ်းစား စစ်မှုထမ်းဟောင်းတဦးက သုံးသပ် ပြောဆိုပါတယ်။

“စစ်သားစုဆောင်းရေးတပ်ကသူတွေကို တပ်သားသစ်တယောက်ရရင် သိန်းအစိတ်၊ သိန်းသုံးဆယ် ပေးမယ်ဆိုတာတောင် ဝင်မယ့်သူမရှိဘူး၊ ရအောင် မစည်းရုံးနိုင်ဘူး။ ဒီလိုအခြေအနေမှာ စစ်မှုထမ်းဥပဒေထုတ်တယ်။ ရည်ရွယ်ချက်ကိုက ရှေ့တန်းမှာ တပ်သားသစ်တွေကို သုံးမယ်ဆိုတာ သိသာတယ်။ ဒါတွေကို ကန့်ကွက်ရမယ်၊ ဆန့်ကျင် ရမယ်။”

စစ်ခေါင်းဆောင်က ဖေဖော်ဝါရီ ၁၀ ရက်မှာ လူတိုင်း မဖြစ်မနေ စစ်မှုမထမ်းမနေရ အမိန့်ကို ထုတ်ပြန်ခဲ့ပြီး မတ် ၂၈ ရက်မှာ အပတ်စဥ် ၁ ကို စပြီး ခေါ်ခဲ့တာ ဖြစ်ပါတယ်။

ဘုတလင်တွင် တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အလုံမင်းဒေါင့်ဆိပ်ကမ်းမှ ချင်းတွင်းမြစ်အထက်ပိုင်းကို ဆန်တက်လာတဲ့ စစ်ကောင်စီ မော်တော်ပေါ်က စစ်သားတွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ ဩဂုတ် ၁ ရက် မနက် ၁၀ နာရီလောက်က တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာနေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

တိုက်ပွဲစဖြစ်တဲ့နေရာကတော့ ဘုတလင်မြို့နယ်၊ ညောင်သူများကျေးရွာအနီးမှာ စတင်ဖြစ်ပွားတာလို့လည်း သိရပါတယ်။

ညောင်သူများရွာခံတဦးက “စစ်မော်တော်က ဖလက်သံခွံမော်တော် ၄ စီး၊ လူစီးအမြန်မော်တော် ၁ စီး စုစုပေါင်း ၅ စီး ဆန်တက်လာတယ်။ သူတို့ဘက်က ရွာတွေဘက်ကို အမြန်မော်တော်ပေါ်ကနေ လက်နက်ကြီးနဲ့ ပစ်တာ။ အဲလိုပစ်လို့ ပြည်သူ့ကာကွယ်ရေးဘက်က ပြန်ပစ်ရင်း တိုက်ပွဲဖြစ်ကြတာ။ ကျနော်တို့ ဒေသခံတွေကတော့ ချင်းတွင်းမြစ်ထဲကနေ ဆန်တက်လာတိုင်း မြစ်ကမ်းဘေးရွာထဲက ပြည်သူတွေက ထွက်ပြေးရတယ်” လို့ ပြောပါတယ်။

စစ်မော်တော်ဆန်တက်လာလို့ ထွက်ပြေးနေကြရတဲ့ ကျေးရွာတွေကတော့ ဘုတလင်မြို့နယ်အတွင်းက စလွန်းရွာ၊ ကွမ်းခြံရွာ၊ ညောင်သူများရွာ၊ လေးမြေရွာ၊ ဝန်ဘိုရွာ၊ ရွှေစာရေးရွာနဲ့ ယင်းမာပင်မြို့နယ်အတွင်းက ကျောက်မှော်ရွာ၊ ကနီမြို့နယ်အတွင်းက နတ်လာပို့ရွာ၊ မီးသွေးကျင်းရွာ၊‌ အုန်းပင်ဆိပ်ရွာ၊ သပြေတောရွာတို့ ဖြစ်တယ်လို့လည်း သိရပါတယ်။

ချင်းတွင်းဘရားသားအဖွဲ့ တာဝန်ရှိသူက “မော်တော်တွေကတော့ အုန်းပင်ဆိပ်ရွာ ရောက်သွားပြီဗျ။ ကျနော်တို့နဲ့ကတော့ မနက်ခင်းပိုင်းက တိုက်ပွဲဖြစ်တာ။ ကနီမြို့နယ်အတွင်းလည်း တိုက်ပွဲဖြစ်ကြဦးမယ်ဗျ။ မြစ်ကြောင်းတလျှောက်က ရွာတွေကတော့ ထပ်ပြီး ထွက်ပြေးကြရဦးမယ်။ မပြေးလို့လည်း မရဘူး။ သူတို့က ရမ်းသန်းပစ်တာတွေက အတင်းပစ်တာ” လို့ ပြောပါတယ်။

စစ်ကောင်စီ မော်တော်တွေ ချင်းတွင်းမြစ်ဆန်လာတိုင်း ပြည်သူ့ကာကွယ်ရေးတပ်နဲ့ တိုက်ပွဲဖြစ်ပွားလေ့ရှိပြီး တိုက်ပွဲဖြစ်ပွားတိုင်း ပြည်သူ့ကျေးရွာတွေကိုလည်း မီးရှို့တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဆားလင်းကြီးတွင် စစ်တပ်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာရှိ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်ကို ဇူလိုင် ၃၁ ရက် ညနေ ၄ နာရီကျော်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က စစ်အင်အားဖြည့်တင်းကာ အနီးပတ်ဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ သိရပါတယ်။

ဆားလင်းကြီးမြို့နယ်၊ ထန်းတောရွာ ပြည်သူတဦးက “မုံရွာဘက်ကနေ ချင်းတွင်းမြစ်ကိုဖြတ်ပြီး ဇက်နဲ့ကူးလာတဲ့ ပြည်သူနဲ့ ကားတွေကို စစ်ဆေးရေးလုပ်တဲ့ စစ်ဆေးရေးဂိတ် ဝင်ပစ်တာဗျ။ ပစ်တဲ့အသံတွေကတော့ ဆူညံနေတာပါပဲဗျ။ ဘယ်ဘက်က ဘယ်လောက်သေတယ် ဆိုတာကတော့ အတိအကျ မသိရဘူး။ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေလည်း ရှိခဲ့ပါတယ်။ အဲလိုပစ်ခတ်လို့ ပြည်သူထိခိုက်တယ်ဆိုတဲ့ အသံကတော့ မကြားရဘူး” လို့ ပြောပါတယ်။

အခုတိုက်ခိုက်မှုကို ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ လက်ရုံးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့လည်း DVB က စုံစမ်းသိရှိရပါတယ်။

ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဗိုလ်မိုးကောင်းက “ကျနော်တို့ အဲဒီတိုက်ပွဲကို ဇူလိုင်လ ၃၁ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်အချိန် စတိုက်ပွဲဖြစ်ခဲ့တယ်ဗျ။ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရတယ်ဗျ။ တိုက်ပွဲကြာချိန်က ၁၅ မိနစ်လောက်တော့ ကြာခဲ့တယ်ဗျ။ ကျနော်တို့ဘက်ကတော့ အထိအခိုက် မရှိခဲ့ဘူး” လို့ ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က G3 ၃ လက်နဲ့ အူဇီ ၁ လက် သိမ်းဆည်းရမိခဲ့တယ်လို့လည်း သိရပါတယ်။

ဆားလင်းကြီးမြို့နယ်အတွင်း ညောင်ပင်ကြီးရွာမှာ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က ကျေးရွာကို မီးရှို့လို့ ဒေသခံတွေ စစ်ဘေးရှောင်‌ေနကြရကာ အခု ၂၀၂၄ ခုနှစ်အထိ ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်နေထိုင်လို့ မရဘဲ စစ်ဘေးရှောင်နေဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။

ရေးမြို့နယ်တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး ၁၅ ဦးသေဆုံး

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကနင်ကမော့ကျေးရွာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့သလို တော်လှန်ရေးရဲဘော်တဦးလည်း ကျဆုံးခဲ့တယ်လို့ တောင်ညိုစစ်ကြောင်းဆီက သိရပါတယ်။

ရေးမြို့နယ်၊ ကနင်ကမော့ရွာကို အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား ဇူလိုင် ၂၇ ရက် မနက် ၈ နာရီလောက်က ‌မိနစ် ၃၀ ကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၅ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရတာတွေရှိသလို တော်လှန်ရေး ပူးပေါင်းတပ်ဘက်ကလည်း ရဲဘော်တဦးကျဆုံးခဲ့ပြီး MA1 တလက်၊ RPG တလက်နဲ့ ခဲယမ်းတွေ ဆုံးရှုံးခဲ့ပါတယ်။

တောင်ညိုစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက “ကျနော်တို့ပူးပေါင်းအဖွဲ့နဲ့ ရေးဘက်က စစ်ကြောင်းထိုးတာနဲ့ စစ်သားတွေနဲ့ တိုက်ပွဲဖြစ်တာ။ ကျနော်တို့ပူးပေါင်းစစ်ကြောင်းဘက်က ရဲဘော်တဦး သေဆုံးခဲ့တယ်။ လက်နက်နှစ်လက်လည်း ပါသွားတယ်။ သူတို့ဘက်က ခန့်မှန်းပေါ့ ၁၅ ဦးထက်မနည်း သေတယ်။ ဒဏ်ရာရသူတွေလည်း သေတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်မှုထမ်း အပတ်စဉ် ၁ တပ်သားသစ်တွေနဲ့ မွန်ပြည်နယ်အတွင်းရှိ ရေးမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက်ထိုမြို့နယ်တွေကို စစ်ကြောင်းထိုးနေပြီး နှစ်ဖက် တိုက်ပွဲပြင်းထန်နေပါတယ်။

ရွှေဘိုတွင် စစ်ကောင်စီ ခရိုင်ရဲမှူး ၁ ဦး ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ မီးရထားဘူတာရုံအနီးမှာ စစ်ကောင်စီလက်အောက်ခံ ရဲအရာရှိ ခရိုင်မှူး  အောင်ဇော်မျိုး ဩဂုတ် ၁ ရက် မနက် ၈ နာရီလောက်က  ပစ်ခတ်ခံရတယ်လို့  မြို့ခံတွေဆီက သိရပါတယ်။

ခရိုင်ရဲမှူး ပစ်ခတ်ခံရပြီး ရွှေဘိုမြို့ရဲစခန်းကနေ စစ်သားနဲ့ ရဲအများအပြားလာရောက်ခဲ့တယ်လို့ လည်း သိရပါတယ်။

မျက်မြင်တွေ့ရှိသူတဦးက “ထင်မှတ်မထားဘဲ ကားနဲ့ရောက်လာပြီး အုန်းဒိုင်း၊ အုန်းဒိုင်းနဲ့ ဝင်ပစ်သွားတယ်။ ကားလေးပေါ်က ဆင်းလာပြီး လက်နက်တလက်ပါ ကောက်သွားတာ မြင်လိုက်တယ်။ ခဏနေတော့ ရဲတွေရော စစ်သားတွေ ရောက်ရာက်လာလို့ ကျနော်တို့ ထွက်လာခဲ့တယ်”လို့  DVBကို ပြောပါတယ်။

အဆိုပါပစ်ခတ်မှုကို  နဂါးညီနောင်နဲ့ မိုင်းဘီလူးအဖွဲ့ပူးပေါင်းပြီး မြို့တွင်း စစ်ဆင်ရေးအဖြစ် ပြုလုပ်ခဲ့တာလို့ ရွှေဘိုသားတဦးက ပြောပါတယ်။

“သူ့အိမ်ပြန်လာတဲ့အချိန်ကို ကျနော်တို့စောင့်ပြီး ဝင်ပစ်ခဲ့တာဗျ။ ကျနော်တို့ ဒီမစ်ရှင်ကို ကားတစီးရယ်၊ ရဲဘော် ၅ ဦးနဲ့ သေနက် ၅ လက်သုံးပြီး မြို့ပေါ် မစ်ရှင်ကို ပြုလုပ်ခဲ့တာဗျ။ မစ်ရှင်ကနေ m၁၆ တလက်နဲ့ သူသုံးနေတဲ့ကားတစီးပါရခဲ့ပါတယ်။” 

ခရိုင်ရဲမှူးအောင်ဇော်မျိုး ပစ်သတ်ခံရပြီး စစ်ကောင်စီဘက်က ရွှေဘိုမြို့ အမှတ် ၁ ရပ်ကွက် အတွင်းပိတ်ဆို့စစ်ဆေးနေကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။

မတူပီစစ်ရှောင်များကို AA တပ်ဖွဲ့ဝင်များက လက်နက်ပြ ခြိမ်း​ခြောက်နေ

ချင်းညီနောင်-CB ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ချင်းပြည်နယ်၊ မတူပီမြို့နယ်က စစ်ဘေးရှောင်တွေကို အာရက္ခတပ်တော် (AA) တပ်သားတွေက လက်နက်ပြ ခြိမ်း​ခြောက်နေတယ်လို့ မတူပီဒေသခံတွေက ပြောပါတယ်။

မတူပီမြို့နယ်ထဲက ဝလံပီး၊ ကုလားရွာ၊ ဝလံတဲရွာ၊ ကုလားရွာ၊ လေဆင်းရွာ စတဲ့ကျေးရွာတွေက ပြည်သူတွေဟာ မတူပီမြို့သိမ်းတိုက်ပွဲ စတင်ကတည်းက ရွာနဲ့အနီး တောင်ယာတွေမှာ စစ်ဘေးရှောင်နေကြရတာ ဖြစ်ပါတယ်။

ရွာထဲမှာ AA တပ်သားတွေ တပ်စွဲထားတဲ့အတွက် ရွာသားတွေ အိမ်မပြန်ရဲတာကို အတင်းပြန်ခိုင်းပြီး သွားပုန်းနေသူတွေကိုလည်း ဒဏ်ပေးတဲ့အနေနဲ့ မိုးရေထဲ တနေကုန် ထိုင်ခိုင်းတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

မတူပီစစ်ဘေးရှောင်တဦးက “ရိုက်တာတွေရှိတယ်၊ ပြီးတော့ ခရီးသွားနေတဲ့ ပြည်သူတွေကိုလည်း လမ်းမှာဖမ်းပြီး တနေကုန် မိုးထဲထိုင်ခိုင်းတယ်။ မင်းတို့ CNA နဲ့ပတ်သက်ရင် အာမခံမရှိ အပြစ်ပေးခံရမယ်၊ ဒီစစ်ရှောင်ကနေ ရွာကိုပြောင်းပါ၊ မပြောင်းရင် အသက်အာမခံချက် မရှိပါ၊ ရွာကိုလည်း မီးရှို့မယ်လို့ပြောတယ်” လို့ ပြောပါတယ်။

ရွာထဲကနေအိမ်တွေကို မွှေနှောက်ပြီး ကြက်၊ ဝက်နဲ့ အိမ်မွေးတိရစ္ဆာန်တွေကိုလည်း သတ်စားကြတယ်လို့ ဆိုပါတယ်။

CDF မတူပီ တပ်မဟာ-၁ တာဝန်ရှိသူက “အဲဒီဘက်က ပြည်သူတွေကို ချင်းညီနောင်နဲ့ မဟာမိတ်တွေ အနေနဲ့ မတူပီတိုက်ပွဲ မဖြစ်ခင်ကတည်းက သူတို့ရဲ့ ရပ်မိရပ်ဖတွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ ပဋိပက္ခဖြစ်တာ မရှိပါဘူး၊ အဆင်ပြေကြပါတယ်။ မြေပြင်ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး တိုက်ခိုက်တာ ဖြစ်ဖို့များပါတယ်။ အဲဒီလိုလုပ်တာက အချက်အလက်လည်း မရှိဘူး၊ သက်သေလည်း မရှိပါဘူး။ တဖက်က နိုင်ငံရေးအရသော်လည်းကောင်း တိုက်ခိုက်ချင်လို့ လုပ်တာမျိုးတွေ ရှိပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်မှာ ချင်းပြည်နယ်၊ မတူပီမြို့ကို ချင်းညီနောင် Operation CB အဖြစ် အာရက္ခတပ်တော် (AA)၊ Yaw Army (YA), Yaw Defense Force (YDF) တို့က သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

ရပ်စောက်တွင် SSPP တပ်များ စခန်းချနေသဖြင့် ဒေသခံများ ထိတ်လန့်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့မှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့ကြား ဇူလိုင်လ အစောပိုင်းကတည်းက တိုက်ပွဲတွေဖြစ်ပွားနေပြီး ရှမ်းလူမျိုးတွေ အများစုနေထိုင်တဲ့ ကျေးရွာ​တွေမှာ SSPP က စခန်းချကာ စစ်ဆေးရေးတွေ ပြုလုပ်နေတာကြောင့် ဒေသခံတွေ ထိတ်လန့်နေတယ်လို့ သိရပါတယ်။

ဒေသခံတဦးက “တချို့ရွာတွေမှာဆို ဒေသခံတွေက ကြောက်ပြီး ထွက်ပြေးကြတော့ အိမ်တွေ ဒီအတိုင်း ထားခဲ့ကြတာ။ အဲဒီအိမ်တွေမှာ SSPP အဖွဲ့သားတွေက တက်နေကြတယ်။ ရွာအဝင်အထွက်တွေမှာ ဂိတ်တွေချထားတယ်။ ဒေသခံတွေလည်း သူတို့ခွင့်ပြုချက်မရဘဲ ဘယ်မှသွားလို့ မရကြဘူးဗျ။ ကျေးရွာပတ်ဝန်းကျင်နဲ့ မထင်မှတ်ထားတဲ့ နေရာတွေမှာ ထောင်ထားတဲ့မိုင်းတွေ မကြာခန တွေ့နေရတယ်။ ဘယ်အဖွဲ့က ထောင်ထားလဲဆိုတာ မသိရဘူး” လို့ DVB ကို ပြောပါတယ်။

“ညီမတို့ဘက်မှာတော့ အပြင်ထွက် သွားလာလို့တော့ ရပါတယ်။ ဒါပေမဲ့ ကြောက်ရတယ်။ သူတို့က မထင်မှတ်ထားတဲ့ နေရာတွေမှာ ဗုံးတွေထောင်ထားတော့ ရွာသူရွာသားတွေက သိပ်ပြီး မသွားရဲကြဘူးလေ။ အခုလည်း ဆင်တောင်ရွာက လူတွေကို ရှောင်ခိုင်းထားတယ်။”

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) အဖွဲ့ဟာ ရပ်စောက်မြို့မြောက်ဘက်ရှိ ညောင်ပင်သာ၊ မြေနီ၊ ထင်းကွင်း၊ တပ်ဦး၊ ဟွေး၊ ဘန်းကွေး စတဲ့ ကျေးရွာတွေမှာလည်း ဝင်ထွက်သွားလာမှုတွေ ရှိသလို စခန်းချနေတာလည်း ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်ကလည်း ဆင်တောင်ရွာနဲ့ မြေနီရွာအနီးမှာ SSPP နဲ့ RCSS တို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် မြေနီရွာဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးပြီး ကိုရင်ငယ်တပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါ​တယ်။

တမူးစစ်ရှောင် ၃ ဦး မိုင်းနင်းမိပြီး ၂ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရ

အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့နယ်က စစ်ဘေးရှောင်ပြည်သူ ၃ ဦး မိုင်းနင်းမိလို့ ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ဘေးရှောင်အကူအညီပေးသူတွေဆီက သိရပါတယ်။

ဇူလိုင် ၂၈ ရက် မနက် ၁၀ နာရီမှာ စစ်ရှောင်ပြည်သူ ၃ ဦးဟာ သူတို့ဇာတိရွာကိုအပြန် မြန်မာပြည်ဘက်ခြမ်း နှစ်နိုင်ငံနယ်စပ် မှတ်တိုင် ၉၁ နဲ့ ၉၂ ကြားမှာ မိုင်းနင်းမိခဲ့တာပါ။

မိုင်းနင်းမိတဲ့အတွက် အသက် ၁၆ နှစ်အရွယ် အမျိုးသားတဦးနဲ့ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတဦးတို့ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

အသက် ၁၆ နှစ်အရွယ် အမျိုးသားတဦးလည်း ခြေထောက်နဲ့ ခါးမှာ ဒဏ်ရာပြင်းထန်လို့ ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်တွေနဲ့ နီးစပ်သူတဦးက “သူတို့က အိန္ဒိယနယ်စပ် ကျေးရွာတရွာမှာ စစ်ဘေးခိုလှုံနေကြတာပါ။ မိုင်းနင်းမိတာက မြန်မာပြည်ဘက်ခြမ်း နှစ်နိုင်ငံနယ်စပ် မှတ်တိုင် ၉၁ နဲ့ ၉၂ ကြားမှာ ဖြစ်တာပါ။ သူတို့စစ်ရှောင်တဲ့ရွာနဲ့ နယ်စပ်က နီးကပ်တော့ မြန်မာပြည်ဘက်ကို ခဏသွားမယ်ဆိုပြီး အထွက်မှာ နင်းမိတာ။ ပြီးခဲ့တဲ့လကလည်း အဲဒေသမှာပဲ အမျိုးသား ၂ ဦး မိုင်းနင်းမိလို့ သေဆုံးခဲ့သေးတယ်” လို့ ပြောပါတယ်။

အခုမိုင်းနင်းမိတဲ့ စစ်ဘေးရှောင်တွေဟာ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် တိုက်ပွဲကြောင့် အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် ကမ်ဂျွန်ခရိုင်ထဲက နယ်စပ်ကျေးရွာမှာ စစ်ဘေးတိမ်းရှောင်နေကြရတာ ၁ နှစ်နီးပါးရှိပြီ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024