Home
မြန်မာသတင်း
လားရှိုးထောင်မှ လွတ်မြောက် နိုင်ကျဉ်းများ အဆက်အသွယ်မရသဖြင့် မိသားစုစိုးရိမ် 
DVB
·
August 1, 2024

တိုက်ပွဲတွေအတွင်း လာရှိုးအကျဉ်းထောင်ပွင့်ပြီး လွတ်မြောက်သွားတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် သူတို့ရဲ့ နေအိမ်တွေနဲ့  အဆက်အသွယ်မရကြသေးတာကြောင့် မိသားစုတွေ စိုးရိမ်ပူပန်နေကြပါတယ်။ 

လာရှိုးမြို့ကို ညီနောင်မဟာမိတ်တွေနဲ့  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဇူလိုင် ၂၈ ရက်က သိမ်းပိုက်ခဲ့ပြီးနောက် အကျဉ်းထောင်ပွင့်သွားပြီး ရာနဲ့ချီတဲ့ အကျဉ်းသားတွေ လွတ်မြောက်သွားတယ်လို့ သတင်းတွေ ပေါ်ထွက်လာခဲ့ပါတွယ်။

ဒါပေမဲ့ အကျဉ်းသားမိသားစုတွေအနေနဲ့  လာရှိုးမြို့ကိုသွားလာလို့မရသလို တယ်လီဖုန်းနဲ့ အင်တာနက်လိုင်းတွေလည်း ဖြတ်တောက်ခံထားရလို့  မိသားစု၀င်တွေ ဒီနေ့အထိ အဆက်အသွယ်မရကြဘဲ စိုးရိမ်နေကြတာပါ။

နိုင်ငံရေးအကျဉ်းသားတဦးရဲ့ မိခင်က “ သတင်းတွေသာ တွေ့ရတာ ဘာအဆက်အသွယ်မှလည်း မရဘူးရှင့်။ ဘယ်လို ဘယ်လို လိုက်ရမှန်းလဲမသိပါဘူး။ ကိုယ်နဲ့သိတဲ့အသိတွေအားလုံးကလည်း လာရှိုးမှာ မရှိကြတော့ဘူး။ မူဆယ်ရော လာရှိုးဘက်ကရော ဖုန်းလိုင်းတွေ ဖြတ်ထားတော့ ညီမတို့ ဆက်လို့လည်း ရပါဘူး။ ညီမတို့ကတော့ အဆက်အသွယ်ရချင်တာပေါ့။ နေကောင်းတယ်၊ ကျန်းမာတယ်၊ လုံခြုံတယ် ဘေးကင်းတယ်ဆိုတာလေးကြားရရင်ပဲ ရပါပြီ။ ဘယ်အဖွဲ့ ခွင့်ပြုပြု အဆက်အသွယ်လေးတော့ ညီမတို့ကိုလုပ်ပေးစေချင်တာပေါ့။ ဘာလို့လဲဆို အားလုံးကလည်း ဖုန်းနံပတ်တွေ မှတ်မိနေမှာပဲလေ၊ အိမ်ကဖုန်းနံပတ်တွေလည်း မှတ်မိနေမှာပဲ။ သူဆိုရင် လာရှိုးမှာထောင်ကျလို့သာ အရင်ကလာရှိုးကိုတခါမှ မရောက်ဘူးတော့ ပြေးဟယ် လွှားဟယ် ဆိုရင်ဘယ်ပြေးလို့ ပြေးရမှန်းတောင်သိမှမဟုတ်ဘူး”လို့ ပြောပါတယ်။

ရိုးရိုးအကျဉ်းသားတွေကတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်ချင်သူတွေကို ခွင့်ပြုထားပေမဲ့  နိုင်ငံရေးအကျဉ်းသားတွေကိုတော့ လုံခြုံရေးအရ လုံခြုံစိတ်ချတဲ့နေရာတွေမှာ ထားထားကြောင်း ဒေသခံ ပကဖအဖွဲ့တွေက တဆင့်သိရတဲ့အပေါ်မှာ စိတ်သက်သာရကြောင်း မိသားစုဝင်က ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားတဦးရဲ့ ဇနီးက “ပကဖအဖွဲ့တခုနဲ့ အဆက်အသွယ်ရတယ်။ သူတို့ လုံခြုံစိတ်ချတဲ့နေရာမှာထားပေးတယ်ပေါ့။ အမျိုးသားနဲ့တော့ အဆက်အသွယ်မရပါဘူး။ ပြန်ဖို့က လွတ်မြောက်နယ်မြေမဟုတ်သေးတဲ့နေရာတွေရှိသေးတယ်လေနော။ အဲ့ဒါ့ကြောင့်မလို့ ခေါ်ထားပြီးတော့မှ လွတ်မြောက်နယ်မြေကို ပြန်ပို့ပေးမှာ အဲ့လိုမျိုး တခြားအမှုနဲ့ အကျဉ်းသားတွေကတော့ လမ်းလျှောက်ပြန်တဲ့သူတွေရှိတယ်။ တချို့တွေ မွေးရပ်မြေ ပြန်ရောက်နေကြပြီလို့ကြားတယ်။ နိုင်ကျဉ်းတွေကိုပဲခေါ်ထားတာ။ လုံခြုံရေးအရပေါ့။ မနေ့ညကအထိတော့ တော်တော်လေးစိတ်ပူတယ်။ ယောကျ်ား ဘယ်ရောက်နေလဲ၊ ဘယ်များထွက်ပြေးသွားပြီလဲ၊ တိုက်ပွဲတွေကြားထဲကနေ ပြေးရတာကိုး။ အဆက်အသွယ်လည်း မရတော့စိတ်ပူတာပေါ့။ ဒါပေမဲ့ မနေ့ကနီးစပ်တဲ့ အစ်ကိုတယောက်နဲ့ အဆက်အသွယ်ရတော့မှ သူတို့ အကုန်လုံခြုံတဲ့နေရာမှာရှိတယ်။ သူတို့ Safe ဖြစ်တယ်။ လုံခြုံရေးအရပြောလို့မရလို့ ကျန်းမာရေးလည်း  အကုန်ကောင်းကြတယ်ပေါ့နော်  အဲ့ဒိတော့မှ နည်းနည်း စိတ်အေးသွားတာ” လို့ ပြောပါတယ်။

လာရှိုးထောင်ကလွတ်လာတဲ့ NLD ဗဟိုအလုပ်အမှုဆောင် ပြည်သူ့လွှတ်တော် ဒု-ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် အပါအဝင်  နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ကို လက်ရှိမှာ လာရှိုးခရိုင်ပကဖနဲ့ ဒေသခံတော်လှန်ရေးအင်အားစုတွေက လုံခြုံစိတ်ချတဲ့နေရာမှာ ကူညီစောင့်ရှောက်ထားကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက DVB ကို ပြောပါတယ်။ 

“ဆရာဦးထွန်းထွန်းဟိန်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်လောက်ကို လာရှိုးခရိုင်ပကဖနဲ့ ဒေသခံ တော်လှန်ရေးအင်အားစုတွေက လုံခြုံစိတ်ချတဲ့နေရာမှာ ကူညီစောင့်ရှောက်ထားနိုင်ပါပြီ။ တချို့ နိုင်ငံရေးအကျဉ်းသား ဆရာ-ဆရာမတွေက ထောင်ပွင့်သွားတဲ့အချိန်မှာ မိုင်းစထိမှန်တဲ့ဒဏ်ရာတွေရထားတာရှိလို့ အဲ့ဒါတွေကိုလည်း ကုသပေးဖို့ ဆောင်ရွက်နေတာရှိပါတယ်။  အားလုံးကတော့ ကျန်းမာရေးနဲ့ ပတ်သက်လာရင် ကောင်းမွန်တယ်လို့ပြောလို့ရပါတယ်။”

လတ်တလောမှာတော့ လာရှိုးမြို့ကြီးက ရှုပ်ထွေးနေတဲ့အခြေအနေမှာပဲရှိတာကြောင့် နိုင်ငံရေး အကျဉ်းသားတွေကို အပြင်ထွက်ဖို့နဲ့ တယ်လီဖုန်းဆက်သွယ်တာတွေမလုပ်ဖို့  ကန့်သတ် ထားပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေရဲ့ လုံခြုံရေးကို စိုးရိမ်ရတာကြောင့် ခဏသည်းခံကြဖို့နဲ့ စိတ်ချရတဲ့အခြေအနေရောက်ရင်တော့ သူတို့အားလုံးကို အိမ်တွေနဲ့ ဆက်သွယ်ခိုင်းမှာဖြစ်တယ်လို့ ရှမ်းပြည်နယ်ပြည်သူ့လွှတ်တော်အမတ် ခွန်နေမျိုးက DVB ကို ပြောပါတယ်။ 

   မင်းညို 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013