ဒါဇင်နဲ့ချီတဲ့ မက္ကဆီကိုလယ်သမားတွေဟာ သြဂုတ် ၆ ရက်က စတင်ပြီး နိုင်ငံအလယ်ပိုင်းရှိ မက္ကဆီကိုစီးတီးနဲ့ ပွေဘလာမြူနီစီပယ်နယ်မြေကြားရှိ အဝေးပြေးလမ်းမကြီးကို နာရီပေါင်း ၄၀ ကျော် ပိတ်ဆို့ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ က အမြန်လမ်းကြီး ဖောက်လုပ်ခဲ့တုန်းက အစိုးရက သိမ်းယူခဲ့တဲ့ မြေနေရာတွေအတွက် အချိန်လွန်လျော်ကြေးကို တောင်းဆိုဆန္ဒပြခဲ့ပါတယ်။
ဆန္ဒပြမှုကြောင့် လူပေါင်းရာနဲ့ချီ သောင်တင်နေခဲ့ပြီး နာရီ ၄၀ ကျော်ကြာ မော်တော်ယာဉ်တွေ တန့်နေခဲ့ပါတယ်။
လယ်သမားတွေဟာ သူတို့ပိတ်ထားတဲ့ အတားအဆီးတွေကို ပြန်မစခင် သြဂုတ် ၇ ရက် မွန်းလွဲပိုင်းမှာ အချိန် ၂ နာရီ လောက် ဖြတ်သန်းခွင့်ပြုခဲ့ပြီး သူတို့ရဲ့ တောင်းဆိုချက်တွေကို မရပြီးမချင်း ရုတ်သိမ်းမှာမဟုတ်ဘူးလို့ ပြောပါတယ်။
မက္ကဆီကိုအစိုးရဟာ မက္ကဆီကို- ပွေဘလာ အဝေးပြေးလမ်းမကြီး ဖောက်လုပ်မှုကြောင့် ပျက်စီးသွားမှုတွေအတွက် တောင်သူတွေကို လျော်ကြေးပေးဖို့ သဘောတူခဲ့ပေမယ့် တရားဝင် အကဲဖြတ်ထားတဲ့ အစိုးရသတ်မှတ် တန်ဖိုးအတိုင်းသာ ပေးဆောင်ဖို့ သဘောတူထားတာပါ။
ဆန္ဒပြလယ်သမားတွေကတော့ လက်ရှိကာလပေါက်ဈေးနဲ့ ပေးဆောင်စေချင်ပြီး အစိုးရသတ်မှတ်ဈေးကို လက်မခံနိုင်ပဲ မျှမျှတတ လုပ်စေချင်ကြောင်း ပြောကြပါတယ်။
တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းမှာ ဆက်လုပ်သွားချင်ပြီး လတ်တလော ဆွေးနွေးကြတုန်းကလည်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနဲ့ ပြည်ထဲရေးအတွင်းဝန်တို့က ဆွေးနွေးပွဲကနေ ထွက်သွားတယ် လို့ ဆန္ဒပြမက္ကဆီကိုလယ်သမား ဟိုဆေးဗားဂါ့စ်က ပြောပါတယ်။
မက္ကဆီကိုသမ္မတ အန်ဒရေးစ် မန်နူရယ်လိုပက်ဇ်အိုဘရာဒေါက လယ်သမားတွေက သူတို့မြေတွေအတွက် လျော်ကြေးမရသေးဘူး၊ သင့်တင့်တဲ့လျော်ကြေး သူတို့ကို မပေးဘူးလို့ပဲ ပြောနေကြကြောင်းနဲ့ ပြည်သူ့ဝန်ထမ်းအနေနဲ့ အစိုးရကလည်း အကဲဖြတ်မှုမှာ ချမှတ်ထားတဲ့ နှုန်းထားထက် ပိုပေးလို့မရကြောင်း ပြောပါတယ်။