Home
ဆောင်းပါး
နိုင်ငံရေး ဖြစ်စဉ်များ
DVB
·
August 14, 2024

(၁)

ဘင်္ဂလားဒေ့ရှ်ဖြစ်စဉ်က မြန်မာနိုင်ငံက ရှစ်လေးလုံးဖြစ်စဉ်နဲ့ အတော်တူပါတယ်။ မတူတာက နောက်ဆက်တွဲ ဖြစ်စဉ်တွေပါ။

ဘင်္ဂလားဒေ့ရှ်မှာတော့ လူထုအုံကြွမှုနဲ့ ဆန္ဒပြသူတွေ အသက်သေဆုံးမှု အမြင့်ဆုံးကို ရောက်ရှိလာတဲ့ခါ ရှိတ်ခ်ဟာဆီနာဟာ ဝန်ကြီးချုပ်ရာထူးက ဆင်းသွားပြီး စစ်တပ်က ဆန္ဒပြ ကျောင်းသားခေါင်းဆောင်တွေရဲ့ ဆန္ဒသဘောထားအတိုင်း ကြားဖြတ်အစိုးရအဖွဲ့ကို ဖွဲ့စည်းတယ်။

ဩဂုတ်လ ၅ ရက်မှာ ဟာဆီနာ ထွက်ပြေးသွားပြီး ဩဂုတ်လ ၈ ရက်မှာ ကြားဖြတ်အစိုးရကို အဖွဲ့ဝင် ၁၇ ဦးနဲ့ ကျမ်းသစ္စာဆို ဖွဲ့စည်းနိုင်ခဲ့တယ်။ ကြားဖြတ်အစိုးရအဖွဲ့ခေါင်းဆောင်က နိုဘယ်လ်ဆုရ စီးပွားရေးပညာရှင် အသက် ၈၄ နှစ်အရွယ်ရှိ ပါမောက္ခ မိုဟာမက် ယူနွတ်ပါ။ ကျောင်းသားတွေက သူ့ကို ကြားဖြတ်အစိုးရအဖွဲ့ရဲ့ အဓိကအကြံပေးအဖြစ် တာဝန်ယူစေခဲ့တယ်။ မိုဟာမက်ယူနွတ်က ပို့ဆောင်ရေး၊ ကာကွယ်ရေး၊ မြေယာ၊ လေကြောင်း၊ စွမ်းအင် အစရှိတဲ့ ဝန်ကြီးဌာနတွေကို တာဝန်ယူထားတယ်။ ကျန်တဲ့ ကြားဖြတ်အစိုးရ အဖွဲ့ဝင်တွေလည်း ဝန်ကြီးဌာန တာဝန်တွေ ယူထားကြပေမဲ့ အားလုံးသော အဖွဲ့ဝင်တွေကို ဝန်ကြီးလို့ မခေါ်ဝေါ်ဘဲ အကြံပေးများအဖြစ်သာ ခေါ်ဝေါ်သုံးစွဲကြတယ်။

ကြားဖြတ်အစိုးရ ဖွဲ့စည်းချိန်ကစပြီး ဆူပူမှုတွေလည်း ငြိမ်သက်သွားခဲ့ပြီ ဖြစ်တယ်။ ဦးစားပေးအချက်တခုက တရားဥပဒေစိုးမိုးရေးပဲ ဖြစ်တယ်။ ပြည်ထဲရေးဝန်ကြီး အငြိမ်းစားဗိုလ်မှူးချုပ် ဆာခါဝပ် ဟူစိန်ကတော့ တရားမဝင်ကိုင်ဆောင်တဲ့ လက်နက်တွေ အားလုံး တပတ်အတွင်း ပြန်အပ်ကြဖို့ တိုက်တွန်းထားတယ်။ ခုတော့ အစိုးရရုံးတွေ၊ တက္ကသိုလ်တွေ၊ စက်ရုံ၊ အလုပ်ရုံတွေ အားလုံးပြန်ဖွင့်နေပြီ ဖြစ်တယ်။ ဒီအတောအတွင်း အိန္ဒိယရောက်နေတဲ့ ရှိတ်ခ်ဟာဆီနာက သူ ပြန်လာမယ်ဆိုပြီး သတင်းတွေ ထွက်လာတာ တွေ့ရတယ်။ သားဖြစ်သူ ဝါဇိဒ် ဂျွိုင်းကတော့ ဒီသတင်းတွေဟာ မမှန်ပါဘူး။ fake news တွေပါလို့ ငြင်းထားတယ်။ သူ့အမေက ဝန်ကြီးချုပ်ရာထူးက နုတ်ထွက်ပြီးဖြစ်တယ်လို့ ဆိုတယ်။

လူထုအုံကြွမှုအပြီး ထွက်ပေါ်လာတဲ့ ကြားဖြတ်အစိုးရအပေါ် လူထုရဲ့တုံ့ပြန်ပုံက ညင်သာတယ်လို့ ဆိုရမယ်။ ကြီးကြီးမားမား ငြင်းခုံကန့်ကွက်သံတွေတော့ ခုချိန်ထိ မကြားရသေးဘူး။ ဘင်္ဂလားဒေ့ရှ် စစ်တပ်နဲ့ ရဲဟာ သူ့အလုပ်သူ လုပ်နေတယ်။ ကြားဖြတ်အစိုးရအဖွဲ့အပေါ် ဝင်စွက်တာမျိုး မရှိသလို ကြားဖြတ်အစိုးရထဲ ကျောင်းသားကိုယ်စားလှယ်တွေ ပါဝင်နေတာကိုလည်း ကြည်ကြည်ဖြူဖြူ လက်ခံပေးတာ တွေ့ရတယ်။ မိုဟာမက်ယူနွတ်ကို ကြားဖြတ်အစိုးရအဖွဲ့ ခေါင်းဆောင်တင်တော့ သူက ပါရီအိုလံပစ်ပွဲတော်ကို အထူးဧည့်သည်တဦးအနေနဲ့ ရောက်ရှိနေတယ်။ ပါရီကနေ ဘင်္ဂလားဒေ့ရှ်ကို ပြန်လာတော့ လေဆိပ်မှာ ယူနွတ်ကို စစ်တပ် ခေါင်းဆောင်တွေက အလေးပြုတာ တွေ့လိုက်ရတယ်။

မနေ့တနေ့က ဘင်္ဂလားဒေ့ရှ် ဒေးလီးစတား သတင်းတပုဒ်မှာ ကြားဖြတ်အစိုးရ အဖွဲ့ခေါင်းဆောင် မိုဟာမက် ယူနွတ် စီးနင်းလိုက်ပါလာတဲ့ ယာဉ်တန်းဟာ ဒါကာမြို့၊ မီးပွိုင့်တခုမှာ ပိတ်မိနေတဲ့အကြောင်း ဖော်ပြထားတာ တွေ့ရတယ်။ ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာ လက်ထက်က ဝန်ကြီးချုပ်ယာဉ်တန်း ခုလိုဖြတ်သန်းတော့မယ်ဆိုရင် လမ်းပေါ်ရှိသမျှ ကားအားလုံး ရှင်းထားရပြီး ဘယ်သူမှ ဖြတ်ခွင့်မရှိ လုံခြုံရေး တင်းကျပ်ခဲ့တယ်။ အခု မိုဟာမက်ယူနွတ်ရဲ့ ယာဉ်တန်းကတော့ ပြည်သူနဲ့အတူ မီးပွိုင့်မှာ ရပ်စောင့်နေတာ တွေ့ရတယ်။

(၂)

ပြီးခဲ့တဲ့နှစ် ထိုင်းရွေးကောက်ပွဲမှာ အမတ်နေရာ အများဆုံးနဲ့ အနိုင်ရခဲ့တဲ့ Move Forward Party ကို ဩဂုတ်လ ၇ ရက်နေ့က ထိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက တရားဝင် နိုင်ငံရေးပါတီ အဖြစ်က ဖျက်သိမ်းလိုက်ပါတယ်။ ပါတီခေါင်းဆောင် ဖိထား လိုမ့်ကျရွန်းရတ်နဲ့ ငါးဦးကိုလည်း နိုင်ငံရေးလုပ်ခွင့် ၁၀ နှစ် ပိတ်လိုက်ပါတယ်။

Move Forward ပါတီကို ဖျက်သိမ်းနိုင်တယ်ဆိုတာ ပါတီခေါင်းဆောင်တွေရော၊ လေ့လာအကဲခတ်သူတွေကပါ ကြိုတင်မှန်းဆထားကြပြီးသားပါ။ ထိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေက ထိုင်းစစ်တပ်နဲ့ ထိုင်းဘုရင်ကို အကာအကွယ်ပေးထားပြီး အသာစီး ရယူထားတယ်။ ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ Move Forward ပါတီက တိုးတက်တဲ့ အမြင်ရှိတဲ့ လူငယ်ခေါင်းဆောင် ဖိထားကို ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ဖို့ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်စဉ်ကတည်းက ရွေးချယ်တင်မြှောက်ခံမဟုတ်ဘဲ အထက်လွှတ်တော်မှာ အခန့်သားထိုင်နေကြတဲ့ စစ်ဗိုလ်ချုပ်ဟောင်း ပရာရွတ်က ခန့်အပ်ထားတဲ့ အမတ်တွေက ကန့်ကွက်ခဲ့ကြလို့ ဝန်ကြီးချုပ်ဖြစ်ခွင့် မရခဲ့ဘူး။ အဲဒီအချိန်ကတည်းက Move Forward ပါတီရဲ့ အလားအလာက သိပ်မကောင်းဘူး။ ဘုရင့်မိသားစုအပေါ် ဝေဖန်ရင် ကြီးလေးတဲ့ ရာဇဝတ်ပြစ်ဒဏ် သင့်မယ်ဆိုတဲ့ ဥပဒေ ပြဋ္ဌာန်းချက်ကို ရွေးကောက်ပွဲအနိုင်ရရင် ပြင်ဆင်မယ်လို့ ကြွေးကြော်ခဲ့တဲ့ Move Forward ကို ပြည်သူတွေက နှစ်သက်ထောက်ခံကြပေမဲ့ ဘုရင်စနစ်လိုလားသူတွေနဲ့ စစ်တပ်အသိုင်းအဝိုင်း မကြိုက်နှစ်သက်ကြဘူး။

ပါတီခေါင်းဆောင် ဖိထား ကိုလည်း ရွေးကောက်ပွဲဥပဒေအရ လွှတ်တော်အမတ် အရည်အချင်းနဲ့ မကိုက်ညီဘူးဆိုပြီး အစောပိုင်းက တရားစွဲခဲ့ကြသေးတယ်။ ဖိထားက မီဒီယာကုမ္ပဏီကြီးတခုမှာ ရှယ်ယာတွေ ပါဝင်ထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လွှတ်တော်အမတ်အဖြစ်က ပယ်ဖျက်ဖို့ ကြိုးစားခဲ့ကြတာပါ။ နောက်ဆုံးတော့လည်း သူ့ကို မလိုလားသူတွေ အတိုက်အခံတွေရဲ့ ဆန္ဒအတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ပါတီကို ဖျက်သိမ်းလိုက်တဲ့အပြင် နိုင်ငံရေးလုပ်ခွင့်ကိုပါ ၁၀ နှစ် ပိတ်လိုက်တယ်။

နောက်ဆုံးတနေ့ ဒီလိုဖြစ်လာမယ်ဆိုတာ Move Forward ပါတီဝင်တွေ စဉ်းစားထားကြပြီးသားပါ။ ညစ်မယ့်သူက နည်းမျိုးစုံနဲ့ ဆက်ပြီး ညစ်ပတ်နေဦးမှာပါ။ ခုလို Move Forward ပါတီ ပေါ်ပေါက်လာတာကိုက အရင်ပါတီ Future Forward ပါတီကို ဖျက်သိမ်းပြီး ပါတီခေါင်းဆောင်ကို နိုင်ငံရေးလုပ်ခွင့် ပိတ်ခဲ့လို့ပဲ မဟုတ်လား။

ပါတီဖျက်လိုက်တော့လည်း ဖျက်ပေါ့။ ကျန်တဲ့ပါတီဝင်တွေက နောက်ထပ်ပါတီအသစ်တခုကို ရက်မဆိုင်းဘဲ ထူထောင်လိုက်ကြတယ်။ ဩဂုတ် ၇ ရက် ဗုဒ္ဓဟူးနေ့မှာ ပါတီဖျက်သိမ်းခံရပြီးနောက် ဩဂုတ်လ ၉ ရက်၊ သောကြာနေ့မှာ ကျန်တဲ့ Move Forward ပါတီခေါင်းဆောင်တွေက “ပြည်သူ့ပါတီ” လို့ အဓိပ္ပာယ်ရတဲ့ “ပရာချာချွန် (Prachachon)” ပါတီကို ထူထောင်လိုက်ကြတယ်။

ဖျက်သိမ်းခံ Move Forward ပါတီထဲက ပိတ်ပင်မခံရတဲ့ လွှတ်တော်အမတ်တွေ အနေနဲ့ ရက်ပေါင်း ၆၀ အတွင်း အခြားပါတီတခုကို ကူးပြောင်းခွင့်ရှိတယ်လို့ ဥပဒေက ပြဋ္ဌာန်းထားတဲ့အတွက် ပါတီသစ်တခုကို ခေါင်းဆောင်အသစ်တွေနဲ့ ထပ်မံ ထူထောင်လိုက်ကြတာ ဖြစ်တယ်။ Move Forward ပါတီဟာ လက်ရှိ ထိုင်းလွှတ်တော်မှာ ကိုယ်စားလှယ် ၁၄၈ ဦးရှိပြီး ၅ ဦး နိုင်ငံရေးလုပ်ခွင့် ပိတ်ပင်ခံလိုက်ရတဲ့အတွက် ၁၄၅ ဦး ကျန်ရှိနေပါသေးတယ်။

အသစ်ထူထောင်လိုက်တဲ့ ပရာချာချွန်(ပြည်သူ့ပါတီ) ရဲ့ ပါတီခေါင်းဆောင်အဖြစ် အသက် ၃၇ နှစ်သာ ရှိသေးတဲ့ အိုင်တီပညာရှင် နတ်ထာဖောင် ရူအန်ပန်ညာဝတ်ကို ရွေးချယ်လိုက်ကြတယ်လို့ သိရတယ်။

ဒါက လတ်တလော ထိုင်းနိုင်ငံရေးဖြစ်စဉ်ပါ။

နိုင်ငံရေးဖြစ်စဉ်တွေက ရှုပ်ထွေးလှတယ်။ ညစ်ပတ်မှုတွေ၊ ကိုယ်ကျိုးစီးပွားတွေ၊ ပဋိပက္ခတွေ၊ လိုလားချက်တွေ အမျိုးစုံလှတယ်။ ပဋိပက္ခတွေကို တုံ့ပြန်ဖြေရှင်းကြရာမှာတော့ နိုင်ငံတွေ မတူသလို နိုင်ငံရေးဖြစ်စဉ်တွေကလည်း မတူကြဘူး။

CWM

ref: Daily Star, AP, BKKpost.

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013