Home
မြန်မာသတင်း
ဖူးကက်တွင် မြန်မာရေလုပ်သားများ ပါသွားသည့် ငါးဖမ်းစက်လှေ နစ်မြုပ် 
DVB
·
August 13, 2024

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးကက်ခရိုင်တွင်းရှိ ပင်လယ်ပြင်ထဲမှာ ဩဂုတ် ၁၂ ရက် မနက်က မြန်မာလုပ်သားတွေပါတဲ့ ငါးဖမ်းစက်လှေတစီး နစ်မြုပ်သွားတယ်လို့  Thai post  သတင်းမှာ ဖော်ပြပါတယ်။ 

ဩဂုတ် ၁၂ ရက် မနက် ၇ နာရီခွဲလောက်က ဖူးကက်ဆိပ်ကမ်း ဆာရဆင်တံတား အနောက်တောင်ဘက် ရေမိုင် ၇ မိုင်အကွာအဝေးမှာ ငါးဖမ်းလှေတစီး မတော်တဆ နစ်မြုပ်သွားကြောင်း ဖူးကက်ဆိပ်ကမ်းလုံခြုံရေးစင်တာ CCTC က အကြောင်းကြားလာတယ်လို့ အမှတ် ၃ ဒေသ အမျိုးသားရေးကြောင်း အကျိုးစီးပွား ထိန်းသိမ်းစောင့်ရှောက်ရေး တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။ 

ရနောင်းခရိုင် ထဝီလပ် ၇ အမည်ရ အဆိုပါ ငါးဖမ်းစက်လှေပေါ်မှာ ထိုင်းလူမျိုး လှေဦးစီးတဦး၊ စက်ပြင်ဆရာတဦးနဲ့ မြန်မာရေလုပ်သား ၆ ဦး စုစုပေါင်း ၈ ဦး ပါရှိတယ်၊ အမြန်ဆုံး သွားရောက်ကူညီကယ်ဆယ်ဖို့ အဆိုပါဧရိယာနဲ့ အနီးဆုံးရှိ အခြားငါးဖမ်းလှေတွေကို ဆက်သွယ်အကြောင်းကြားခဲ့တယ်လို့ အမှတ် ၃ ရေကြောင်းထိန်းသိမ်းရေးဌာနက  ပြောပါတယ်။ 

အဲဒီနောက် မနက် ၈ နာရီချိန်မှာ ဘွန်းချွန်း အမှတ် ၂ စက်လှေက လှေနစ်မြုပ်ရာမှာ ပါဝင်သူ ၅ ဦးနဲ့  ဆပ်ကျန်ထရာ ၁၉ စက်လှေက လှေဦးစီး၊ စက်ပြင်ဆရာနဲ့ လှေထိုးသား ၁ ဦး ပေါင်း ၃ ဦးတို့ကို ရေထဲကနေ ရှာဖွေကယ်တင်နိုင်ခဲ့တယ်။ 

နေ့ခင်း ၁ နာရီလောက်မှာ လိုမ့်ဒိန်ဥဒုမ်းချိုင်း ၁၃ အမည်ရှိ လှေက သူတို့ ၈ ဦးလုံးကို ကယ်တင်ထားတဲ့ လှေတွေပေါ်ကနေ သွားရောက်တင်ဆောင်လာခဲ့ပြီး ဖန်ငခရိုင်၊ ထိုင်မိုင်းမြို့နယ် ထပ်လမုကမ်းခြေကို ပို့ဆောင်ပေးခဲ့ပါတယ်။ 

လှေဦးစီးရဲ့ ပြောပြချက်အရ ဩဂုတ် ၁၁ ရက် ညက ပင်လယ်ထဲမှာ မုန်တိုင်းမိပြီး  လှေအမြီးပိုင်းဘက်ကို ရေတွေစဝင်လာခဲ့တယ်။ မိုးသည်းထန်တဲ့အတွက် စက်လှေက ရေတွေ အလျဉ်မီ မစုပ်ထုတ်နိုင်တော့ဘဲ  နစ်မြုပ်သွားရတာလို့ တာဝန်ရှိသူတွေကို ပြောသွားပါတယ်။ 

Source: thaipost.net

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024