Home
နိုင်ငံတကာ
ထိုင်း MFP အမတ်များဖြင့်ဖွဲ့ထားသည့် People's Party သစ်ကို ဖျက်သိမ်းရန် တောင်းဆို
DVB
·
August 12, 2024
Photo-Reuters

ဖျက်သိမ်းခံလိုက်ရတဲ့ Move Forward Party (MFP) က လွှတ်တော်အမတ်တွေ ရွှေ့ပြောင်းပြီး ထူထောင်လိုက်တဲ့ People’s Party ကိုပါ ဖျက်သိမ်းဖို့ ကြိုးစားနေကြပြန်ပြီလို့ ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြပါတယ်။

လုံလောက်တဲ့ ရုံးခွဲအရေအတွက်မရှိတဲ့ People’s Party ကို ဖျက်သိမ်းဖို့ ရွေးကောက်ပွဲကော်မရှင် (EC) မှာ တောင်းဆိုသွားမယ်လို့ တော်ဝင်ဝါဒီ Thai Pakdee Party  ခေါင်းဆောင်က ဖေ့စ်ဘွတ်ခ်မှာ ရေးသားခဲ့ပါတယ်။

People’s Party ဟာ တကယ်တမ်းမှာ မူလရှိပြီးသား Thinkakhaochaovilai Party (သင်ကက်ခေါင်ချောင်ဗီလိုင်းပါတီ) ကို နာမည်ပြောင်းယူလိုက်တာ ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီမူလပါတီဟာ နိုင်ငံရေးပါတီအဆင့်အတန်းကို ထိန်းသိမ်းဖို့ နိုင်ငံနဲ့အဝန်း ရုံးခွဲလုံလောက်အောင် ဖွင့်လှစ်ထားရဲ့လားလို့ Thai Pakdee Party ခေါင်းဆောင် Warong Dechgitvigrom က မေးခွန်းထုတ်ခဲ့ပါတယ်။

နိုင်ငံရေးပါတီဥပဒေအရ ပါတီတခုဟာ တနှစ်တာအတွင်း ဒေသတခုမှာ အနည်းဆုံး ရုံးခွဲတခု မရှိရင် အလိုအလျောက် ဖျက်သိမ်းပြီးဖြစ်တယ်လို့ အဲဒီပုဂ္ဂိုလ်က ဆိုပါတယ်။

ရွေးကောက်ပွဲကော်မရှင် ဝက်ဘ်ဆိုက်မှာ ဖော်ပြထားချက်အရဆိုရင် ၂၀၁၂ ခုနှစ်က ထောင်ခဲ့တဲ့ အဲဒီပါတီဟာ မြောက်ပိုင်းမှာ ရုံး ၂ ရုံး၊ အလယ်ပိုင်းမြေပြန့်မှာ ရုံး ၁ ရုံးသာရှိပြီး တောင်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းမှာတော့ ရုံးခွဲတွေရှိမနေဘူးလို့ ထောက်ပြပါတယ်။

ဒါကြောင့် ပါတီတခုဟာ နှစ်စဉ် ဒေသတိုင်းမှာ ရုံးခွဲရှိမရှိ ကော်မရှင်က စစ်ရမှာဖြစ်ပြီး အကယ်၍ မရှိဘူးဆိုရင် ပါတီအဆင့်အတန်းကို ဆုံးရှုံးမှာဖြစ်တယ်လို့ Pakdee Party ခေါင်းဆောင်က ပြောပါတယ်။

အဲဒီလိုဆိုရင် အဲဒီပါတီကို နာမည်ပြောင်းလိုက်တဲ့ People’s Party လည်း အရည်အချင်း ပြည့်မီတဲ့ပါတီ ဖြစ်တော့မှာမဟုတ်ဘူးလို့ စွပ်စွဲပါတယ်။

ဒါကြောင့် ဒီကိစ္စကို ရွေးကောက်ကော်မရှင်ကို တင်ပြသွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ရွေးကောက်ပွဲနိုင် Move Forward ပါတီကို ရွေးကော်က ဖျက်သိမ်းလိုက်တဲ့အခါ အမတ်အဖြစ်က ရုပ်သိမ်းမခံရတဲ့ ကျန်ရှိအမတ်တွေဟာ ပါတီဝင်အဖြစ် ဆက်ရှိနေဖို့ လိုတာကြောင့် ပါတီငယ်တခုကို ဝင်လိုက်ကြပြီး နာမည်ပြန်ပြောင်းခဲ့တာ ဖြစ်ပါတယ်။

အခုအခါ အဲဒီပါတီငယ်ရဲ့ အားနည်းချက်ကို လိုက်ရှာပြီး ဖျက်သိမ်းခံရအောင် ကြိုးပမ်းလာကြတာ ဖြစ်ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013