Home
နိုင်ငံတကာ
ထိုင်းတွင် တရုတ်စက်ရုံမှ အန္တရာယ်ရှိဓာတုစွန့်ပစ်ပစ္စည်း တန်ချိန် ၁၅၀၀၀ ကျော် ဖမ်းဆီးရမိ
DVB
·
August 12, 2024
Photo - Khaosod

ထိုင်းနိုင်ငံအလယ်ပိုင်း နခွန်းပထုန်နဲ့ စမွတ်စခွန်းမြို့နယ်ထဲမှာ တရုတ်နိုင်ငံသားပိုင် အလျူမီနီယံ သံရည်ကျိုစက်ရုံမှ တန်ချိန်ပေါင်း ၁၅၀၀၀ ကျော်ရှိ အန္တရာယ်ရှိ ဓာတုစွန့်ပစ်ပစ္စည်းတွေ ဖမ်းဆီးရမိတယ်လို့  ခေါဝ်ဆွတ်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

သဘာဝပတ်ဝန်းကျင်နဲ့သယံဇာတ မှုခင်းနှိမ်နင်းရေးဌာန၊ ဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့နဲ့ နယ်မြေခံရဲတပ်ဖွဲ့ဝင်တို့ဟာ ဩဂုတ် ၁၁ ရက်က နခွန်းပထုန်မြို့ ဖုန်းမဒေရပ်ကွက်ရှိ ဖိန်းဖွန်းဆက်ပ် အလျူမီနီယံစက်ရုံကို လည်းကောင်း၊ စမွတ်စခွန်းခရိုင် ဘန်ကယောက် ရပ်ကွက်ထဲရှိ ထိုင်ပေါဝ် အရည်ကျိုစက်ရုံကို လည်းကောင်း သွားရောက်စစ်ဆေးပြီး အဆိုပါအန္တရာယ်ရှိ ဓာတုစွန့်ပစ်ပစ္စည်းတွေ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဒီမတိုင်ခင် ပြီးခဲ့တဲ့ ဩဂုတ် ၁၀ ရက်က နခွန်းပထုန်ခရိုင် အဝေးပြေးလမ်းမကြီးပေါ်မှာ အိတ်တွေအပြည့် တင်ဆောင်လာတဲ့ ၂၂ ဘီးကုန်တင်ကားကြီး ၁ စီးကို အဝေးပြေးရဲတပ်ဖွဲ့က တားဆီးစစ်ဆေးခဲ့ပါတယ်။ စစ်ဆေးချက်အရ အထုပ်တွေထဲမှာ ဓာတုစွန့်ပစ်ပစ္စည်းတွေ တွေ့ရှိတာကြောင့် စက်မှုဇုန် တာဝန်ရှိသူတွေပါ ခေါ်ယူပြီး အတူတကွ စစ်ဆေးခဲ့ပါတယ်။ 

စစ်ဆေးချက်အရ အဆိုပါပစ္စည်းတွေဟာ နခွန်းပထုန် ဖိန်းဖွန်းဆက်ပ် အလျူမီနီယံစက်ရုံက ဖြစ်ပြီး  စမွတ်စခွန်းကို ပို့ဆောင်ပေးဖို့ ဖြစ်တယ်၊  စက်မှုဇုန်တာဝန်ရှိသူတွေ စစ်ဆေးချက်အရ အန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းတွေလို့ ဆိုပါတယ်၊ အဓိကကတော့ ဓာတုပစ္စည်းများ ရွှေ့ပြောင်းသယ်ယူခွင့် ထောက်ခံစာမပါရှိတာ ဖြစ်ပါတယ်။

ယာဉ်မောင်းဖြစ်သူ နိုင်းပရမစ်မှာ ဘာလိုင်စင်မှ မရှိကြောင်း၊ သူဟာ လူမှုကွန်ရက်ကနေ ပစ္စည်းသယ်ဖို့ ယာဉ်မောင်းအလိုရှိကြောင်း ကြော်ငြာတွေ့လို့  ကားလာမောင်းပေးတာလို့ ထွက်ဆိုပါတယ်။

တာဝန်ရှိသူတွေက နခွန်းပထုန်စက်ရုံကို သွားရောက်စစ်ဆေးရာမှာ အလုပ်သမားတွေသာရှိပြီး ပိုင်ရှင်မရှိ၊ တာဝန်ခံအမျိုးသမီးတဦးကတော့ သူဟာ အလုပ်ကိစ္စနဲ့ ခရီးထွက်နေတယ်၊ စက်ရုံကို ရှာဖွေစစ်ဆေးခွင့်ပြုပြီး ပြန်လာမှ တာဝန်ရှိသူတွေကို လာတွေ့မယ်လို့ ပြောပါတယ်၊ အဆိုပါစက်ရုံရှိ ဂိုဒေါင် ၂ လုံးကနေ အိတ်ပေါင်း ၁၄၀၀ ထဲ ထည့်ထားတဲ့ ဓာတုစွန့်ပစ္စည်း တန်ချိန် ၂၁၀၀ ကိုသိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

စမွတ်စခွန်းရှိ စက်ရုံဂိုဒေါင်ကနေလည်း နောက်ထပ်အိတ်ပေါင်း ၈၂၅၈ လုံးထဲထည့်ထားတဲ့ ဓာတုစွန့်ပစ်ပစ္စည်း တန်ချိန် ၁၂၃၈၇ တန်ဖမ်းမိတယ်၊  စက်ရုံ ၂ နေရာလုံးကနေ စုစုပေါင်း ဓာတုစွန့်ပစ်ပစ္စည်း အလေးချိန်  ၁၄၅၁၄ တန် သိမ်းဆည်းရမိတယ်။  အဆိုပါစက်ရုံရဲ့ ပိုင်ရှင်မှာ တရုတ်နိုင်ငံသား ကျိန့်ပင်ယန်ဖြစ်ပြီး  လက်ရှိမှာတော့ ရွှေ့ပြောင်းအလုပ်သမား ၁၀ ဦး ကျော်နဲ့အတူ ထွက်ပြေးတိမ်းရှောင်နေတယ်၊ စက်ရုံကို ဦးစီးဖို့အတွက် ထိုင်းနိုင်ငံသားတွေကို ခန့်ထားတယ်လို့  3Plus News သတင်းမှာ ဖော်ပြပါတယ်။

စက်ရုံတည်ဆောက်ထားတဲ့နေရာမှာ ခွင့်ပြုချက်မပေးတဲ့ လူနေအိမ်ခြေရပ်ကွက်ထဲမှာ တည်ရှိပြီး အဆိုပါဓာတုစွန့်ပစ်ပစ္စည်းတွေဟာ လေထုထဲ ပျံ့လွင့်သွားသည်ဖြစ်စေ၊ ရေထဲစီး မျောသွားသည်ဖြစ်စေ အဆိပ်အတောက် ဖြစ်ပေါ်စေတယ်၊ အစိုဓာတ်ရပါက အမိုးနီးယားအဖြစ် ဓာတ်ပြုပြီး အဆိုပါနံ့အသက်တွေဟာ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ဖြစ်ပေါ်စေတယ်လို့ သဘာဝပတ်ဝန်းကျင်နဲ့ သယံဇာတ မှုခင်းနှိမ်နင်းရေးဌာန ဒုညွှန်မှူးရဲမှူးကြီး အရွန်ဝပ်ချရဆီ ရီဆုကန်းယားက သတင်းထောက်တွေကို ပြောပါတယ်။ 

Source : Khaosod

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013