Home
နိုင်ငံတကာ
ထိုင်းပြည်သူ့ပါတီကို ဖျက်သိမ်းရန် တောင်းဆိုမှု ရွေးကောက်ပွဲကော်မရှင် ပယ်ချ
DVB
·
August 13, 2024
Photo - REUTERS/Chalinee Thirasupa

ဖျက်သိမ်းခံလိုက်ရတဲ့ Move Forward Party (MFP) က ကျန်ရှိတဲ့အမတ်တွေနဲ့ ထူထောင်ထားတဲ့ People's Party (ပြည်သူ့ပါတီ) ကိုပါ ဖျက်သိမ်းဖို့ တောင်းဆိုမှုကို ထိုင်းရွေးကောက်ပွဲကော်မရှင် (EC) ရဲ့ အတွင်းရေးမှူးချုပ်က ပယ်ချလိုက်ပါတယ်။

ပါတီသစ်ဟာ နိုင်ငံတွင်းရဲ့ ဒေသအားလုံးမှာ ရုံးခွဲတွေ ဖွင့်လှစ်ထားပြီး ဖြစ်တယ်လို့လည်း ဖြေရှင်းခဲ့ပါတယ်။

ပါတီမရှိတော့တဲ့ MFP အမတ်တွေဟာ မထင်မရှား ပါတီငယ်လေးတခုဖြစ်တဲ့  ထင်ကာခေါဝ်ချောင်ဝီလိုင်းပါတီကို ဝင်လိုက်ကြပြီး ပါတီနာမည်ကို ပြန်ပြောင်းလိုက်တာ ဖြစ်ပါတယ်။

အဲဒီအခါမှာ မူလပါတီဟာ ဒေသအားလုံးမှာ ရုံးခွဲဖွင့်လှစ်ထားနိုင်ခြင်း မရှိတဲ့အတွက် ဖျက်သိမ်းဖို့နဲ့ နာမည်ပြောင်းလိုက်တဲ့ People's Party ဟာလည်း တရားမဝင်ဘူးလို့ တော်ဝင်ဝါဒီတွေက တိုင်ကြားတာဖြစ်ပါတယ်။

ဒါပေမဲ့ People's Party  ဟာ ပါတီရပ်တည်မှုကို ထိန်းသိမ်းဖို့ ဒေသအားလုံးမှာ ရုံးဖွင့်ဖို့ အစည်းအဝေး ကျင်းပပြီးဖြစ်သလို ရုံးခွဲဖွင့်လှစ်မှုတွေကိုလည်း မှတ်ပုံတင်အရာရှိထံ တင်ပြပြီးဖြစ်တယ်လို့ EC အတွင်းရေးမှူးချုပ်က  ဖြေရှင်းပါတယ်။

ဒီတင်ပြမှုကို သိရှိပြီးဖြစ်ပြီး စိစစ်အတည်ပြုဖို့တော့ လိုသေးတယ်လို့ ပါတီမှတ်ပုံတင် အရာရှိလည်း ဖြစ်တဲ့ EC အတွင်းရေးမှူးချုပ်က ဆိုပါတယ်။

အမတ်အဖြစ်က ရုပ်သိမ်းခံရတဲ့ Move Forward ပါတီခေါင်းဆောင်ပိုင်း အမတ်တချို့ရဲ့ လစ်လပ်သွားတဲ့ နေရာတွေအတွက်လည်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမှာဖြစ်ပါတယ်။

တော်ဝင်ဝါဒီ ထိုင်းပက်ခ်ဒီးပါတီ ခေါင်းဆောင်က People's Party သစ်ရဲ့ တရားဝင်မှုကို မေးခွန်းထုတ်၊ တိုင်ကြားခဲ့အပြီးမှာ ကော်မရှင်က ဖြေရှင်းခဲ့တာ ဖြစ်ပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024