Home
မြန်မာသတင်း
ကျပ်ငွေတန်ဖိုး ကျဆင်းမှုကြောင့် အိန္ဒိယရောက် ရခိုင်ကုန်သည်များ အခက်ကြုံ
DVB
·
August 17, 2024

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်ကို ရောက်ရှိနေကြတဲ့ ရခိုင်ကုန်သည်တွေဟာ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းသွားတာကြောင့် ကုန်အရောင်းအဝယ်လုပ်ရာမှာ အရှုံးပေါ်မယ့် အရေးနဲ့ ရင်ဆိုင်နေရတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

အရင်က အိန္ဒိယငွေ ၁ ရူပီးကို မြန်မာကျပ်ငွေ ၅၃ ကျပ်နဲ့ လဲလှယ်ရတာဖြစ်ပြီး လက်ရှိမှာ အိန္ဒိယငွေ ၁ ရူပီးကို မြန်မာကျပ်ငွေ ၈၀ ကျော်အထိ ကျပ်ငွေတန်ဖိုး ကျဆင်သွားလို့ ကုန်သည်တွေဟာ အရှုံးပေါ်မယ့်အရေးနဲ့ ရင်ဆိုင်နေကြရတာလို့ ရခိုင်ကုန်သည်တဦးက ပြောပါတယ်။

“ဒီရက်ပိုင်းမှာ မြန်မာငွေ ကျဆင်းသွားတာက အိန္ဒိယ-ရခိုင် ကုန်သည်တွေအပေါ်မှာ တော်တော်‌လေးကို ရိုက်ခတ်မှုရှိတယ်။ မြန်မာကျပ်ငွေ ကိုင်ထားသူတွေမှာ အရင်က ကျပ်သိန်းတထောင်ဆိုရင် အိန္ဒိယရူပီး သိန်း ၂၀ ရ‌ပေမဲ့ အခု ကျပ်ငွေသိန်းတထောင်ဆိုရင် ရူပီးငွေ ၁၀ သိန်းသာသာ ရှိတော့တာကြောင့် ကုန်သည်တွေမှာလည်း ကိုယ်လိုချင်တဲ့ အဝယ်ပစ္စည်း တားဂတ်ကို ပြည့်အောင် မဝယ်နိုင်တော့ဘူး။ ရခိုင်ပြန်ရောက်ရင်လည်း စျေးတင်လို့ ရောင်းလို့ရမှာမဟုတ်တော့ တချို့ကုန်သည်တွေဆိုရင် အရှုံးမခံနိုင်တာကြောင့် ပစ္စည်းမဝယ်ဘဲ ပြန်လှည့်သွားတဲ့သူတွေတောင် ရှိတယ်။”

လက်ရှိမှာ ကုန်သည်အများစုက ငွေဈေးမငြိမ်သက်မှုကြောင့် အရောင်းအဝယ် နည်းပါးနေပေမဲ့ အရင်ကတည်းက ဈေးဖြတ်ထားပြီးဖြစ်တဲ့ ကုန်သည်တွေမှာ အရှုံးခံပြီး ဝယ်ယူနေကြရတယ်လို့ သူက ဆက်ပြောပါတယ်။

အခုရက်ပိုင်းတွင်း မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုကြောင့် အမေရိကန် ၁ ဒေါ်လာကို ကျပ်ငွေ ၇,၀၀၀ ကျော်အထိ ပေါက်စျေးရှိခဲ့သလို အခေါက်ရွှေတကျပ်ကိုလည်း ကျပ်သိန်း ၈၀ ကျော်အထိ ဈေးမြင့်တက်ခဲ့ကြပါတယ်။

လက်ရှိမှာ ရခိုင်ပြည်အတွက် ကုန်စည်တွေကို အိန္ဒိယနိုင်ငံကသာ အားကိုးပြီး တင်သွင်းနေတဲ့အတွက် ကျပ်ငွေတန်ဖိုး ကျဆင်းခြင်းက စားသုံးသူ ပြည်သူတွေအပေါ်မှာ များစွာထိခိုက်လာနိုင်တယ်လို့ ရခိုင်စီးပွားရေးသမားတဦးက ပြောပါတယ်။

“လက်ရှိ ရခိုင်မှာက အဓိက စားသောက်ကုန်စည်တွေကို အိန္ဒိယဘက်က တိုက်ရိုက် တင်သွင်းနေရတာ ဖြစ်တယ်။ ကျပ်ငွေတန်ဖိုး ကျဆင်းတော့ ကုန်သည်တွေအပေါ်မှာ ရိုက်ခတ်တာကြောင့် ကုန်သည်တွေမှာလည်း စားသုံးသူတွေဆီက အမြတ်ယူမှာ ဖြစ်တဲ့အတွက် အဓိက အထိနာတာက စားသုံးသူ ပြည်သူလူထုပဲဖြစ်တယ်။”

ရခိုင်ပြည် တိုက်ပွဲစတင်ဖြစ်ပွားတဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက စစ်ကောင်စီက ရခိုင်ပြည်ကို ကုန်စည်စီးဆင်းခွင့် ပိတ်ပင်ထားတာဖြစ်ပြီး ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော်က သိမ်းပိုက်ရရှိပြီးနောက် အိန္ဒိယ-ရခိုင်ကုန်သွယ်ရေးကို စတင် လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။

ချင်းပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့်လည်း ဗဟိုလိုင်လူငယ်အစည်းအရုံးက မကြာခဏဆိုသလို အဲဒီလမ်းကြောင်းကို ပိတ်ပင်တာမျိုးရှိပြီး လက်ရှိမှာ စက်သုံးဆီ၊ ဆေးဝါးနဲ့ ဓာတ်မြေဩဇာကလွဲပြီး တခြားကုန်စည်တွေကို ကုန်သွယ်ခွင့်ပြုထားတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013