Home
မြန်မာသတင်း
မြန်မာ့အရေး တရုတ်တိုက်တွန်းချက် မအောင်မြင်နိုင်ဟု သုံးသပ် 
DVB
·
August 20, 2024
Photo -REUTERS

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမူဘောင်အောက်ကနေ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကို ဖြေရှင်းဖို့ တရုတ်နိုင်ငံရဲ့ တိုက်တွန်းချက်တွေဟာ အောင်မြင်လာမှာမဟုတ်သလို မြန်မာတနိုင်ငံလုံး ငြိမ်းချမ်းဖို့ထက် တရုတ်နယ်စပ်နဲ့ သူတို့ရဲ့အကျိုးစီးပွားတွေကို ကာကွယ်ပေးရေးကိုသာ ဦးစားပေးဆောင်ရွက်နေတာလို့  နိုင်ငံရေးအသိုက်အဝန်းက သုံးသပ်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ နေပြည်တော်ခရီးစဉ်အပြီး ထုတ်ပြန်ချက်တွေနဲ့ နီးစပ်တဲ့ အသိုက်အဝန်းတွေက ပြောဆိုလာတဲ့ သတင်းစကားတွေအပေါ် မြန်မာ့နိုင်ငံရေးအသိုက်အဝန်းက  အခုလိုသုံးသပ်ကြတာပါ။

တရုတ်နိုင်ငံဘက်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမူဘောင်ထဲကနေ လုပ်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်အပေါ်ထောက်ခံတယ်လို့ ပြောဆိုခဲ့သလို အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲကို အလျင်အမြန်လုပ်ပြီး တိုင်းရင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း ပေါ်ကနေသွားဖို့လည်း ဝမ်ယိက မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ တွေ့ဆုံခဲ့တဲ့ စစ်ခေါင်းဆောင်တွေကို ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံငြိမ်းချမ်းဖို့အတွက် စစ်ကောင်စီတဖက်တည်းကိုသာ လက်ခံရပ်တည်ပေးနေတဲ့ တရုတ်နိုင်ငံရဲ့ ချဉ်းကပ်မှုဟာ သူတို့ ကျောထောက်နောက်ခံပေးနေတဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေကိုသာ သေနတ်သံတွေ တိတ်အောင် ဆောင်ရွက်ကောင်း ဆောင်ရွက်နိုင်ပေမဲ့ လက်ရှိနွေဦးတော်လှန်ရေးအရှိန်ကို ရပ်တန့်ဖို့အတွက်က မဖြစ်နိုင်ဘူးလို့ နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိရဲ့ နေပြည်တော်ခရီးစဉ်ဟာ သူတို့ရဲ့ လိုလားချက်တွေကို အာဏာသိမ်းစစ်တပ်ဘက်ကနေ အကောင်အထည်ဖော်ပေးဖို့ အပေးယူဆန်တဲ့ သံတမန် စကားလုံးတွေကို သုံးနှုန်းခဲ့ပြီး မြန်မာနိုင်ငံထဲမှာရှိနေတဲ့ တရုတ်နိုင်ငံသားတွေနဲ့ သူတို့တွေရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ပေးစေလိုပြီး ပိုးလမ်းမစီမံကိန်းကိုအရှိန်မြှင့်လုပ်ကိုင်လိုတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်တပ်ဘက်က လုပ်ဖို့ဆောင်ရွက်နေတဲ့ ရွေးကောက်ပွဲကို တရုတ်နိုင်ငံဘက်က ကူညီဆောင်ရွက်ပေးမှာဖြစ်ပြီး သက်ဆိုင်သူအားလုံးပါဝင်တဲ့ ရွေးကောက်ပွဲဖြစ်လိုတယ်လို့လည်း ဝမ်ယိက ဆိုပါတယ်။

တရုတ်နိုင်ငံအနေနဲ့ အနာဂတ်အတွက်ဖေါ်ဆောင်နေတဲ့ စီးပွားရေးဆိုင်ရာလုပ်ငန်းတွေမှာ မြန်မာနိုင်ငံဟာ လိုအပ်ချက်တခုဖြစ်ပြီး နိုင်ငံရေးနဲ့ စီးပွားရေး တည်ငြိမ်တဲ့ စနစ်တခုကို ဖော်ဆောင်မယ့် အစိုးရတရပ်ရှိမှ သူတို့ရဲ့ လုပ်ငန်းတွေ အကောင်အထည်ဖော်နိုင်မှာဖြစ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ခရီးစဉ်ဟာ ဒါတွေကို အဓိကထား ပြောဆိုခဲ့တာလို့ သေနင်္ဂအင်စတီကျု အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ကို ထောက်ခံသူတွေကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နယ်မြေသိမ်းတိုက်ပွဲတွေ ဖော်ဆောင်နေတာဟာ တရုတ်နိုင်ငံရဲ့ ကူညီမှုကြောင့်ဆိုပြီး အပြစ်တင်နေသလို တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေဆောင်ရွက် နေချိန်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ ခရီးစဉ်ပေါ်ပေါက်လာခဲ့တာပါ။

တရုတ်အစိုးရအနေနဲ့ အာဏာသိမ်းစစ်တပ်နဲ့ တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တချို့ကြားမှာ  ကျင့်သုံးနေတဲ့ မီးစတဖက် ရေမှုတ်တဖက် မူဝါဒတွေကို ပြင်ဆင်ပြီး မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးအပေါ် စေတနာအမှန်နဲ့ ဆောင်ရွက်ပေးဖို့ လိုတယ်လို့ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးအေးလွင်က ပြောပါတယ်။

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီက (NUCC) ကတော့ စစ်ကောင်စီက ပြုလုပ်ဖို့ ဆောင်ရွက်နေတဲ့ အတုအယောင်ရွေးကောက်ပွဲဟာ နိုင်ငံရဲ့အခြေအနေကို အလွန်အမင်း ရှုပ်ထွေးစေနိုင်တဲ့အတွက် စစ်ကောင်စီသာမက အားပေးထောက်ခံတဲ့ နိုင်ငံတွေ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေအနေနဲ့ တာဝန်ယူရလိမ့်မယ်လို့ ဩဂုတ် ၁၆ ရက်က ထုတ်ပြန်ထားပါတယ်။ 

အောင်သူ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013