မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဒေသတွင်း လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းခဲ့တယ်လို့ ထိုင်း နိုင်ငံခြားရေး အမြဲတမ်းအတွင်းဝန် အီကက်စီရီ ပင်တရူချီက သြဂုတ် ၁၆ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောလိုက်ပါတယ်။
ထိုင်း၊ တရုတ်၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ် အပါအဝင် အဖွဲ့ဝင်နိုင်ငံတွေက ဝန်ကြီးတွေဟာ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ သောကြာနေ့က တွေ့ဆုံခဲ့ကြပြီး နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှုတွေ၊ လေထု ညစ်ညမ်းမှုနဲ့ စားနပ်ရိက္ခာဖူလုံရေးတို့ကို ကိုင်တွယ်ဖြေရှင်းဖို့ သဘောတူခဲ့ကြပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက လန်ချန်းမဲခေါင် ပူးပေါင်းဆောင်ရွက်ရေးကနေတဆင့် အောင်မြင်မှုတွေကို အလေးပေးပြောကြားခဲ့ပြီး တရုတ် နိုင်ငံနဲ့ မဲခေါင်မြစ် ဖြတ်သန်းစီးဆင်းရာ ၅ နိုင်ငံကြား ကုန်သွယ်မှုပမာဏဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကထက်စာရင် ခုထိ ၂ ဆတိုးလာတယ်လို့ ပြောပါတယ်။
“ကျနော်တို့ဟာ စစ်မှန်တဲ့နိုင်ငံစုံဝါဒနဲ့ ပွင့်လင်းတဲ့ ဒေသတွင်းဝါဒကို လိုက်နာမယ်။ မြင့်မားတဲ့ တံတိုင်းတွေကိုဆန့်ကျင်ပြီး လေ့ကျင့်မှုကနေတဆင့် သီးသန့်အသိုင်းအဝိုင်းလေးတွေ တည်ဆောက်တာတွေကို ဆန့်ကျင်သွားမှာပါ။ ဒေသတွင်းနဲ့ ကမ္ဘာကြီးရဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီဖို့ ကျွန်ုပ်တို့ရဲ့ ကိုယ်ပိုင်တည်ငြိမ်မှုနဲ့ သေချာမှုကို အသုံးပြုရမယ်” လို့ ဝမ်ယိက ပြောပါတယ်။
၄ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေဟာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေဖို့၊ ပိုမိုနီးကပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်းသွားဖို့သဘောတူခဲ့ကြပြီး နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှုတွေဖြစ်တဲ့ အွန်လိုင်းလောင်းကစားနဲ့ တယ်လီကွန်း လိမ်လည်မှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနဲ့ လူကုန်ကူးမှုတို့ကို ပူးပေါင်းကာကွယ်ဖို့ သဘောတူခဲ့ကြပါတယ်။
Source-Reuter