Home
မြန်မာသတင်း
အမေရိကန်နှင့် မြန်မာတော်လှန်ရေးအင်အားစုတို့တွေ့ဆုံ၊ အကူအညီများ တိုးပေးမည်ဟု ကတိပြု
DVB
·
August 17, 2024
Photo Crd-NUG

အမေရိကန်တာဝန်ရှိသူတွေဟာ ဩဂုတ် ၁၆ ရက် မနေ့က မြန်မာတော်လှန်ရေးအင်အားစုတွေနဲ့ အွန်လိုင်းကနေ အစည်းအဝေးပြုလုပ်ခဲ့ပြီး အရပ်သားအစိုးရ အသွင်ကူးပြောင်းရေးကို ကူညီဖို့အတွက် တိုက်ရိုက်ပံ့ပိုးကူညီမှုတွေ တိုးချဲ့သွားဖို့ ကတိပြုသလို စစ်အာဏာရှင်တွေအပေါ် ဖိအားတွေဆက်ပေးထားဖို့ လိုအပ်ကြောင်းကိုလည်း သဘောတူညီခဲ့တယ် လို့ နိုင်ငံခြားရေးဌာနက ပြောပါတယ်။ 

ဝါရှင်တန်ရဲ့ ဒေသတွင်းပြိုင်ဘက် တရုတ်နိုင်ငံဟာ လာအို၊ မြန်မာနဲ့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံချိန်မှာ စစ်ဒဏ်ခံနေရတဲ့ မြန်မာနိုင်ငံကို ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေ တိုးတက်အောင် ကူညီဆောင်ရွက်ပေးဖို့ အိမ်နီးချင်းနိုင်ငံတွေကို တိုက်တွန်းခဲ့ပြီးနောက်မှာ ခုလို အမေရိကန်နဲ့ မြန်မာအတိုက်အခံတွေနဲ့ တွေ့ဆုံမှုသတင်း ထွက်ပေါ်လာတာပါ။ 

သောကြာနေ့ အစည်းအဝေးမှာ နိုင်ငံခြားရေးဌာနရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် တွမ် ဆာလဗန်၊ USAID လက်ထောက်အုပ်ချုပ်ရေးမှူး မိုက်ကယ် ရှစ်ဖှာ နဲ့ မြန်မာဘက်ကတော့ ဒီမိုကရေစီလိုလားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံတော်အတိုင်ပင်ခံကောင်စီ (NUCC)၊ အဓိက တော်လှန်ရေး အဖွဲ့အစည်းတွေ၊ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီနဲ့ ချင်းအမျိုးသားတပ်ဦးတို့က ဦးဆောင်ပုဂ္ဂိုလ်တွေပါဝင်တယ် လို့ အမေရိကန်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဒီအစည်းအဝေးမှာ ဆာလဗန်နဲ့ မြန်မာအတိုက်အခံအင်အားစုတွေဟာ စစ်အာဏာရှင်အုပ်စုကို သူ့ရဲ့လမ်းစဉ်ပြောင်းလဲအောင် ဖိအားဆက်ပေးထားဖို့က အရေးကြီးကြောင်းကို သဘောတူညီခဲ့ကြတယ်လို့ အမေရိကန် ထုတ်ပြန်ချက်က ဆိုပါတယ်။ 

ဝါရှင်တန်ဟာ ဒီမိုကရေစီလိုလားသူတွေရဲ့ ပေါင်းစည်းမှုတွေကို ကူညီတည်ဆောက်ပေးဖို့အတွက် သူတို့ဆီကို တိုက်ရိုက်ပံ့ပိုးကူညီမှုနဲ့ အကူအညီတွေကို ဆက်လက်တိုးချဲ့သွားမှာဖြစ်ပြီး လိုအပ်နေသူတွေဆီကို အရေးကြီးတဲ့ ပြည်သူ့ဝန်ဆောင်မှုတွေနဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ပေးအပ်ဖို့ သူတို့ရဲ့စွမ်းဆောင်ရည်ကို မြှင့်တင်ပေးသွားမယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။

မြန်မာနိုင်ငံအကျပ်အတည်းကို အဆုံးသတ်ဖို့အတွက် ကုလသမဂ္ဂနဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) တို့က အထူးကိုယ်စားလှယ်တွေ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ လက်တွဲလုပ်ဆောင်သွားဖို့လည်း အမေရိကန်နဲ့ မြန်မာ့ ဒီမိုကရေစီဘက်တော်သားတွေ နှစ်ဖက်လုံးက ကတိပြုခဲ့ပါတယ်။ 

အစောပိုင်းက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ဟာ မြန်မာနိုင်ငံရဲ့ အခြေအနေကို စိုးရိမ်စရာ လို့ ပြောဆိုခဲ့ပြီး အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သင့်ပြီးတော့ ပဋိပက္ခတွေကို ကူညီတားဆီးနိုင်ဖို့ စီးပွားရေးနဲ့ လူမှုရေးအခြေအနေတွေ ဖန်တီးသင့်ကြောင်း အကြံပြုခဲ့ပါတယ်။ 

ကြာသပတေးနေ့က မြန်မာစစ်အုပ်စု လက်အောက်ခံ မီဒီယာကနေ တရုတ်နိုင်ငံဟာ ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်ယူဖို့ နည်းပညာပံ့ပိုးပေးမယ်လို့ ကတိပြုခဲ့ပြီး လက်နက်ကိုင်ပုန်ကန်မှုကြောင့် ချောင်ပိတ်ခံနေရတဲ့ စစ်အုပ်စုကို ပေကျင်းရဲ့ ကျောထောက်နောက်ခံပြုမှုကို အချက်ပြခဲ့ပါတယ်။ 

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ထောက်ခံပြီး လက်ရှိဖြစ်ပွားနေတဲ့ အကျပ်အတည်းမှ လွတ်မြောက်ဖို့ အာဆီယံအစီအစဉ်ကို ထောက်ခံကြောင်းလည်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013