မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို တရုတ်နိုင်ငံအနေနဲ့ ပံ့ပိုးကူညီမှာဖြစ်ပြီး ဖြစ်ပွားနေတဲ့အကျပ်အတည်းက လွတ်မြောက်မယ့်နည်းလမ်းရှာတွေ့မယ့် အာဆီယံအစီအစဉ်ကို ကျောထောက်နောက်ခံပြုသွားမယ်လို့ ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက သြဂုတ် ၁၆ ရက်မှာ ပြောပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက“တရုတ်၊ လာအို၊ မြန်မာနဲ့ ထိုင်း စတဲ့ ၄ ဖွဲ့ကလည်း ဒီမှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးကြမယ်။ မြန်မာနိုင်ငံ အပါအဝင် ဘုံစိုးရိမ်မှုဆိုင်ရာ ကိစ္စရပ်တွေအတွက် ကျွန်ုပ်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဆက်သွယ်ရေးကို ခိုင်မာစေမှာဖြစ်တယ်” လို့ ပြောပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေ အဆုံးသတ်ရေး၊ တည်ငြိမ်မှု ထိန်းသိမ်းရေး၊ ပြည်သူတွေရဲ့ လုံခြုံရေး အာမခံချက်နဲ့ ပြင်ပက ဝင်ရောက်စွက်ဖက်မှုတွေကို ဆန့်ကျင်တဲ့ အင်အားစုအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိကြောင်းနဲ့ အာဆီယံမိသားစုမှာ မြန်မာနိုင်ငံ မပါလို့ မဖြစ်နိုင်ပါဘူးလို့လည်း တရုတ်ဝန်ကြီးက ချင်းမိုင်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
တရုတ်နိုင်ငံဟာ အာဆီယံရဲ့ ကိုယ်ပိုင်စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းဖို့ကို ထောက်ခံပြီး မြန်မာနိုင်ငံအရေးမှာ အာဆီယံရဲ့ အချက် ၅ ချက်ပါ ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ ထောက်ခံကြောင်းလည်း ဝမ်ယိက ပြောပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာပြဿနာကို ဖျန်ဖြေရေးရဲ့ အဓိကလမ်းကြောင်းအဖြစ် အာဆီယံကို ထောက်ခံပြီး မြန်မာအရေးကို အာဆီယံရဲ့ နည်းလမ်းနဲ့ အဖြေရှာဖို့ အားပေးတယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံမှာ တည်ငြိမ်ရေး၊ ပြန်လည်သင့်မြတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်နေတဲ့ အင်အားစု အားလုံးကိုလည်း မျှော်လင့်နေပါတယ်လို့ ပြောသွားပါတယ်။
လာမယ့်နှစ်မှာ ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်ထားကြောင်း စစ်အစိုးရရဲ့ မီဒီယာတွေက ပြောကြားခဲ့အပြီးမှာ သန်းခေါင်စာရင်း ကောက်ယူဖို့ တရုတ်က နည်းပညာ အကူအညီ ပေးမယ်လို့ ကတိပြုထားပါတယ်။
Source-Reuters