Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ် ဒီမိုကရေစီအောင်ပွဲအတွက် မြန်မာတော်လှန်ရေးအင်အားစုများ ဂုဏ်ပြု
DVB
·
August 16, 2024
Photo -REUTERS

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ အာဏာ စွန့်လွှတ်ခဲ့လိုက်ရတဲ့ ကျောင်းသားလူငယ် အင်အားစုတွေနဲ့ ဖိနှိပ်ခံ ပြည်သူတို့ရဲ့ ဆယ်စုနှစ်ကျော် တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြတဲ့ အောင်မြင်မှုအတွက်ထပ်တူ ဂုဏ်ယူဝမ်းမြောက်ဂုဏ်ယူကြောင်း မြန်မာ့တော်လှန်ရေး အင်အားစုတွေနဲ့ အရပ်ဘက်အဖွဲ့အစည်း စုစုပေါင်း ၂၅၅ ဖွဲ့က ပူးတွဲကြေညာချက် သဝဏ်လွှာကို ဩဂုတ် ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိင်ငံရဲ့ ဒီမိုကရေစီအောင်ပွဲအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းနဲ့ နှစ်နိုင်ငံပြည်သူတွေ အပြန်အလှန်ကူညီပြီး ချီတက်ပြီးမှ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပေါ်ပေါက်လာဖို့ကြိုးစားသွားမယ်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (AJAY) ကိုနန်းလင်းက ပြောပါတယ်။

"ဘင်္ဂလားဒေ့ရှ်နိင်ငံရဲ့ ပြည်သူ့အောင်ပွဲ ဒီမိုကရေစီအောင်ပွဲအတွက် ကျနော်တို့ မြန်မာပြည်သူတွေ အင်မတန်ဝမ်းသာအားရကြပါတယ်၊ ဂုဏ်ယူကြပါတယ်၊ ပြည်သူထက် ကြီးမြတ်တာ ဘယ်အရာမှ မရှိဘူး။ ဘယ်လိုအာဏာရှင်မှ ပြည်သူ့အားကို တောင့်မခံနိုင်ဘူး ဆိုတာ ဘင်္ဂလားဒေ့ရှ်ပြည်သူတွေရော မြန်မာပြည်သူတွေရောက အသက်တွေ ဘဝတွေနဲ့ စတေးပြီး ခိုင်ခိုင်မာမာပြသနေကြတာဖြစ်ပါတယ်။ ရှေ့ဆက်ကြမယ့် ခရီးမှာလည်း နှစ်နိုင်ငံပြည်သူတွေ တဖက်နဲ့ တဖက် အပြန်အလှန် ကူညီဝန်းရံ ချီတက်ပြီးမှ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ပီပီပြင်ပြင် ပေါ်ထွန်းလာဖို ဆက်ကြိုးစားသွားဖို့ မျှော်လင့်တယ်လို့ ပြောချင်ပါတယ်။”

ပူးတွဲထုတ်ပြန်ချက်ထဲမှာတော့ ဘင်္ဂလားဒေ့ရှ် ကျောင်းသားလူငယ်တွေနဲ့ အလုပ်သမား လယ်သမား ပြည်သူ့ အင်အားစုတွေရဲ့ တောင်းဆိုမှုအရ ကြားဖြတ်အစိုးရအဖြစ် တာဝန်ယူကြမယ့် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါက်တာ မိုဟာမက် ယူနွတ်စ်ဦးဆောင်တဲ့ အကြံပေး တာဝန်ခံတွေအနေနဲ့ ကြီးလေးများမြောင်တဲ့ တာဝန်တွေကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်စေကြောင်း ဆန္ဒပြု ဆုမွန်ကောင်း ပေးပို့အပ်တဲ့အကြောင်း ရေးသားထားပါတယ်။

မိမိတို့ မြန်မာ့နွေဦးတော်လှန်ရေး အင်အားစုတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေဟာ စစ်အာဏာရှင်နဲ့ အာဏာရှင်စနစ်မှန်သမျှ ချုပ်ငြိမ်းရေး၊ လူမျိူးကြီးဝါဒနဲ့ မဟာဖိုဝါဒ ချုပ်ငြိမ်းရေး၊ ကျုးလွန်သူတွေ တာဝန်ခံစေရေးနဲ့ ကျူးလွန်ခံရသူတွေအတွက် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု ရရှိစေရေးတို့အတွက် ဘင်္ဂလားဒေ့ရှ်မှ ကျောင်းသား လူငယ်၊ အလုပ်သမား၊ လယ်သမား ပြည်သူတွေနဲ့ ထပ်တူ သွေးစည်း ညီညွတ်စွာ ပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အစိုးရရဲ့ အလုပ်ခွဲဝေမှုစနစ်ကိုဆန့်ကျင်ရာကနေ လူထုဆန္ဒပြပွဲ ပြင်းထန်လာခဲ့ပြီး လူ ၃၀၀ ကျော်သေဆုံးကာ ဝန်ကြီးချုပ်ရှိတ်ဟာဆီနာက ရာထူးကနုတ်ထွက်သွားခဲ့ပြီး နိုင်ငံကနေ ထွက်ပြေးသွားခဲ့ရပါတယ်။

အဲဒီနောက်မှာတော့ အချိန်တိုအတွင်းမှာပဲ ပြည်သူက ရွေးချယ်တဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် စီးပွား‌ရေးပညာရှင် မိုဟာမက်ယူနွတ်က ကြားဖြတ်အစိုးရကို ဦးဆောင်ဖို့ ရွေးချယ်ခံခဲ့ရပါတယ်။ 

Photo- Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013