ထိုင်းနိုင်ငံအနောက်တောင်ပိုင်း ပရကျူပ်ခီရီခန်ခရိုင်ထဲမှာ ဩဂုတ် ၁၃ ရက်ညက တရားမဝင် မြန်မာလုပ်သားတွေ တင်ဆောင်လာတဲ့ကားတစီး စစ်ဆေးရေးဂိတ်ကို တိမ်းရှောင်စဉ် မတော်တဆ တိမ်းမှောက်သွားပြီး ၇ ဦး ဒဏ်ရာရသွားတယ်လို့ CH7 News ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ပရကျူပ်ခိရီခန်ခရိုင် ဆမ်လွဲ့ယွတ်မြို့နယ် ပရမ်ပူရီ နဲ့ ခေါင်ဒဲန်ရွာကြားရှိ စစ် ဆေးရေးဂိတ်တခုမှာ တာဝန်ရှိသူတွေက ယာဉ်အသွားအလာတွေ စောင့်ကြပ်စစ်ဆေးစဉ် မီးခိုးရောင် ဖော်ကျွန်နာကားတစီး မောင်းဝင်လာတယ်၊ အဲဒီကားကို စစ်ဆေးဖို့ အချက်ပြလိုက်ရ အဆိုပါကားက ရပ်မပေးဘဲ အရှိန်မြှင့်မောင်းထွက်သွားတယ်လို့ တာဝန်ရှိသူတဦးက သတင်း ထောက်ကို ပြောပါတယ်။
ရဲတွေက အဲဒီကားနောက်ကို လိုက်လံဖမ်းဆီးရာမှာ လမ်းမကြီးကနေ ရွာလမ်း ဘက်ကိုချိုးဝင်သွားတယ်၊ ကွီပူရီနယ်မြေ ခေါင်ယိုင်အကွေ့မှာ အဆိုပါကားဟာ အရှိန်မထိန်းနိုင် ဘဲ လမ်းဘေးကိုချော်ပြီး တိမ်းမှောက်သွားတာလို့ ဆိုပါတယ်။
ရဲ နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက တိမ်းမှောက်သွားတဲ့ကားထဲကလူတွေကို ကယ်ဆယ်ရေးလုပ်ရာမှာ တရားမဝင် မြန်မာအလုပ်သမား ၆ ယောက် နဲ့ ယာဉ်မောင်းထိုင်းလူမျိုး ၁ ဦး ဒဏ်ရာရတာတွေ့ရှိပြီး ကွီပူရီဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။
ဒဏ်ရာမရသူ မြန်မာလုပ်သား ၃ ယောက်ရှိပြီး စစ်ဆေးချက်အရ သူတို့ ၉ ဦးဟာ ချွန်းဖွန်းခရိုင်ကနေ ဖူးကက်မှာ အလုပ်သွားလုပ်ဖို့ အဆိုပါကားကို ငှားရမ်းခဲ့ကြောင်း၊ အထောက်အထား မပြည့်စုံကြတာကြောင့် စစ်ဆေးရေးဂိတ်ကို ရှောင်တိမ်းစဉ် အခုလို ယာဉ်တိမ်းမှောက်မှုနဲ့ ကြုံရတာလို့ ပြောသွားပါတယ်။
sources-news.ch7