မြန်မာ့အရေးမှာ ဝင်ရောက်စွက်ဖက်နေမှုနဲ့ အကြမ်းဖက်စစ်တပ်ကို အားပေးနေတဲ့ တရုတ်အစိုးရကို ဂျပန်ရောက် မြန်မာ့အရေး လှုပ်ရှားနေသူတွေက တိုကျိုမြို့ရှိ တရုတ်သံရုံးရှေ့မှာ ဩဂုတ် ၂ ရက်က ဆန္ဒပြခဲ့ကြပါတယ်။
ပြည်သူ့ဆန္ဒမပါဘဲ စစ်အာဏာသိမ်းခဲ့တဲ့ စကစကို တိုင်းရင်းသားပြည်သူတွေက ဆန့်ကျင် လက်နက်ကိုင် တွန်းလှန်တိုက်ခိုက်နေကြတာ အရှိန်အဟုန်ရလာနေချိန်မှာ တရုတ်က ဝင်ရောက်စွက်ဖက်လာတဲ့ ကိစ္စတွေ ရှိနေလို့ တရုတ်နိုင်ငံအနေနဲ့ မြန်မာပြည်သူတွေဆန္ဒကို လေးစားဖို့ လာရောက်ဆန္ဒပြတာပါလို့ လာရောက်ဆန္ဒပြတဲ့ တိုကျိုမြို့နေ ဒေါက်တာခင်ဇေယျာမြင့်က ရှင်းပြပါတယ်။
ဆန္ဒပြပွဲ ဦးဆာင်သူတဦးဖြစ်တဲ့ ဦးမြင့်ဆွေက “ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုအဖြစ် ကျနော်တို့ နိုင်ငံတကာရောက် မြန်မာတိုင်းရင်းသားတွေ ပြုလုပ်ကြတာပါ။ ဒီနေ့ ကျနော်တို့ မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထားကို လေးစားပြီး မြန်မာပြည်သူတွေဘက်က ရပ်တည်ပေးဖို့ တောင်းဆိုစာကိုလည်း တရုတ်သံရုံးကတဆင့် ပေးခဲ့ပါတယ်” လို့ ပြောပါတယ်။
တိုကျိုမြို့ တရုတ်သံရုံးရှေ့ ဆန္ဒပြပွဲမှာ လာရောက်ဆန္ဒပြသူတွေက တရုတ်ဘာသာ၊ ဂျပန်ဘာသာတွေနဲ့ ဆန္ဒပြ ကြွေးကြော်ခဲ့ကြပါတယ်။
မြန်မာ့အရေး တရုတ်အစိုးရ ဝင်မစွက်ဖက်ရေး ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုတွေကို အမေရိကန်၊ ဗြိတိန် စတဲ့ နိုင်ငံတွေမှာရှိတဲ့ တရုတ်သံရုံးတွေရှေ့မှာ မြန်မာ့အရေးလှုပ်ရှားသူတွေက သွားရောက် ဆန္ဒပြခဲ့ကြပါတယ်။