“မြန်မာနိုင်ငံမှာ အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက်မှာ အတော်များများက ခန့်မှန်းခဲ့ကြတာ နှစ်ခုရှိပါတယ်။ တခုက အထီးကျန်နိုင်ငံဖြစ်သွားဖို့နဲ့ နောက်တခုကတော့ တရုတ်လက်အောက်ခံ ဖြစ်သွားဖို့ပါပဲ။ သို့သော် နှစ်ခုလုံး မဖြစ်ခဲ့ပါဘူး။”
လွန်ခဲ့တဲ့ သုံးနှစ်ကျော်အချိန်က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေစီးကို ပိတ်ဆို့တားမြစ်ပြီး စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားဆက်ဆံရေးနဲ့အတူ သက်ဆိုင်ရာမူဝါဒတွေ အကြီးအကျယ် ပြောင်းလဲသွားလိမ့်မယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ပျက်ပြားခြင်းအပြင် စစ်အာဏာရှင်တွေအပေါ် အထပ်ထပ် ချမှတ်လာမယ့် ပိတ်ဆို့တားမြစ်မှုတွေကြောင့် လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း တိုးတက်ကောင်းမွန်လာနေတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံကြီးတွေနဲ့ သင့်တင့်မျှတစွာ ဆက်ဆံရေးနဲ့ မူဝါဒတွေဟာ အကြီးအကျယ် ထိခိုက်ပျက်စီးပြီး မြန်မာနိုင်ငံဟာ အထီးကျန်နိုင်ငံဖြစ်လာပြီး တရုတ်လက်အောက်ခံနိုင်ငံ ဖြစ်သွားနိုင်တယ်လို့ နိုင်ငံခြားရေးမူဝါဒ လေ့လာသူတွေ အတော်များများက ထင်မြင်ယူဆခဲ့ကြပါတယ်။
အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ပြည်တွင်းစစ်ပွဲတွေ အဆုံးသတ်မယ့် အရိပ်အယောင် မမြင်နိုင်သေးတဲ့ တချက်ကတော့ သူတို့ရဲ့ ခန့်မှန်းချက်တွေ မှားနေကြောင်း သက်သေပြနေသလိုပါပဲ။
စစ်တပ်ရဲ့ အာဏာသိမ်းမှုက မြန်မာနိုင်ငံရဲ့ နိုင်ငံတကာဆက်ဆံရေးပေါ်မှာတော့ အကြီးအကျယ် သက်ရောက်မှု ရှိခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ ၂၀၁၁ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ ကာလအတွင်း အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂတို့က နိုင်ငံချင်း ဆက်ဆံရေး ပိုမိုကောင်းမွန်အောင်၊ စီးပွားရေး ပိုမိုတိုးတက်ဖွံ့ဖြိုးအောင်၊ အုပ်ချုပ်ရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာတွေမှာ ပိုမိုတိုးတက်ကောင်းမွန်လာအောင် ပူးပေါင်းကူညီ ဆောင်ရွက်ခဲ့ကြတာတွေဟာ သဲထဲရေသွန် ဖြစ်စေသလို ဒေသတွင်းက အာဆီယံ အဖွဲ့အစည်းတွင်းမှာလည်း အကွဲအပြဲတွေ ဖြစ်စေခဲ့ပါတယ်။
အမြင်မတူ တော်လှန်သူတွေအပေါ် မြန်မာစစ်တပ်က ကြမ်းတမ်းရက်စက်စွာ နှိပ်ကွပ်ဖြိုခွင်းမှုတွေကြောင့် မြန်မာနိုင်ငံဟာ ၂၀၁၁ ခုနှစ် မတိုင်မီကလိုပဲ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းမှာ အပယ်ခံ ပြန်ဖြစ်လာခဲ့ပြီး စစ်အာဏာရှင်တွေရဲ့ အာဏာချုပ်ကိုင်ဖို့ ကြိုးစားမှုဟာလည်း တရားမဝင် အာဏာလုယူမှုအဖြစ် ထင်ရှားစေခဲ့ပါတယ်။
စစ်တပ်က အာဏာလုယူပြီးနောက် မြန်မာနိုင်ငံကနေ တိမ်းရှောင်ခဲ့ရတဲ့ အရပ်သား အစိုးရအဖွဲ့ဝင်တွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဖွဲ့စည်းလိုက်ပြီး ကမ္ဘာ့နိုင်ငံရေးစာမျက်နှာမှာ အသိအမှတ်ပြုခံရရေးအတွက် စစ်အာဏာရှင်အစိုးရနဲ့ အားပြိုင်ခဲ့ပါတယ်။ စစ်တပ်ရဲ့ အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံဟာ နိုင်ငံရေးနဲ့ မူဝါဒဆိုင်ရာ မဟာဗျူဟာတွေ ချမှတ်ဖော်ဆောင်ဖို့ အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရရုံသာမကဘဲ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံမှာ မြန်မာနိုင်ငံအတွက် နေရာကောင်း ပြန်လည်ရရှိစေရေး ကူညီပေးနေတဲ့ မိတ်ဖက်နိုင်ငံတွေကိုပါ ဆုံးရှုံးလိုက်ရပါတယ်။
စစ်တပ်ရဲ့ အာဏာသိမ်းမှုကြောင့် ထိခိုက်နစ်နာမှုနဲ့ ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့ပေမဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားဆက်ဆံရေးမှာ ထူးခြားတဲ့ ပြောင်းလဲမှုတွေ မရှိခဲ့ပါဘူး။ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို သဘောကျ နှစ်သက်ခြင်း မရှိပေမဲ့ စစ်အာဏာရှင်တွေနဲ့ ဆက်လက်ဆက်ဆံနေဆဲ နိုင်ငံတွေလည်း ရှိနေဆဲဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ အထီးကျန်နိုင်ငံ ဖြစ်မလာခဲ့ပါ။ အနောက်နိုင်ငံတချို့နဲ့လည်း ဆက်ဆံရေး ဆက်လက်ရှိနေဆဲ ဖြစ်ပြီး ဂျပန်နဲ့ အိန္ဒိယတို့ကလည်း အမေရိကန် ဦးဆောင်တဲ့ စီးပွားရေး ပိတ်ဆို့ ဖြတ်တောက်မှုတွေကို လိုက်နာခဲ့ခြင်းမရှိခဲ့ပါဘူး။
မြန်မာနိုင်ငံဟာလည်း တရုတ်လက်အောက်ခံအဖြစ် ပြောင်းလဲသွားခြင်း မရှိခဲ့ဘဲ အာဏာသိမ်းမှုနဲ့ သူ့ရဲ့ နောက်ဆက်တွဲ ပြဿနာတွေကြောင့် နှစ်နိုင်ငံကြား အယုံအကြည်မဲ့စေသော အခြေအနေတွေ ပေါ်ပေါက်ကာ တရုတ်-မြန်မာ ဆက်ဆံရေးကို ထိခိုက်စေခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ ဒီမိုကရေစီဘက်တော်သားတွေကို နောက်ကွယ်ကနေ ထောက်ပံ့နေတယ်လို့ သံသယရှိနေပြီး မြန်မာနိုင်ငံရဲ့ သဘာဝအရင်းအမြစ်တွေကို ကုပ်သွေးစုပ်ကာ ခေတ်သစ်ကိုလိုနီကဲ့သို့ ပြုမူနေတယ်လို့ စစ်အာဏာရှင်တွေက ယူဆနေပါတယ်။ တရုတ်နိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ အကျိုးအမြတ်တွေကို မကာကွယ်ပေးနိုင်ခြင်း၊ ပြည်တွင်းစစ်ပွဲတွေကို ရပ်တန့်အောင် မစွမ်းဆောင်နိုင်ခြင်း၊ မြန်မာနိုင်ငံအတွင်း အထူးသဖြင့် တရုတ်နယ်စပ်ဒေသတွေမှာ အာဏာတည်မြဲပြီး ငြိမ်းချမ်းအောင် မစွမ်းဆောင်နိုင်ခြင်း တို့ကြောင့် တရုတ်အစိုးရကလည်း မြန်မာစစ်အာဏာရှင်တွေကို စိတ်ပျက်နေတာ ဖြစ်ပါတယ်။
စစ်အာဏာရှင်တွေက နိုင်ငံခြားရေးမူဝါဒကို သတိထား ဖော်ဆောင်ကာ အပယ်ခံနိုင်ငံတခု အနေနဲ့လည်း ကိုယ့်ကြမ္မာကိုယ်ဖန်တီးပြီး ကိုယ့်လမ်းကိုယ်လျှောက်နိုင်ကြောင်းကို ပြနေပါတယ်။ အနောက်နိုင်ငံတွေက ပြန်လည်ဆုတ်ခွာ ရှောင်ကြဉ်သွားတာကြောင့် လွတ်သွားတဲ့ နေရာတွေမှာ အစားထိုးဖို့ တခြားနိုင်ငံတွေကို ရှာဖွေကာ ဆက်ဆံရေးအသစ် တည်ဆောက်ရင်း တရုတ်ရဲ့ လွှမ်းမိုးမှုကနေလည်း ကျားကန်ရှောင်ကြဉ်ဖို့ ကြိုးစားခဲ့ပါတယ်။
ဥပမာအားဖြင့် ရုရှားနဲ့ ပိုမိုရင်းနှီးတဲ့ ဆက်ဆံရေး တည်ဆောက်လာတာဟာ ဒီရည်ရွယ်ချက်ကြောင့် ဖြစ်ပါတယ်။ တရုတ်အစိုးရနဲ့ အဆင့်မြင့်အရာရှိချင်း တွေ့ဆုံဆွေးနွေးမှုတွေ ရှိမနေချိန်မှာ ရုရှားနဲ့ နှစ်ဖက်သဘောတူ ဆွေးနွေးမှုတွေကို ရင်းရင်းနှီးနှီးနဲ့ အကြိမ်ကြိမ် ဆောင်ရွက်ခဲ့ကြပြီးနောက် ရုရှားနိုင်ငံကို မြန်မာနိုင်ငံရဲ့ ကာကွယ်ရေးဆိုင်ရာ မိတ်ဖက်နိုင်ငံအဖြစ် တရုတ်နိုင်ငံရဲ့နေရာမှာ စစ်အာဏာရှင်တွေက အစားထိုးခဲ့ကြပါတယ်။
အဲဒါအပြင် မြန်မာစစ်အာဏာရှင်တွေဟာ အိန္ဒိယ၊ ဂျပန်တို့နဲ့လည်း တိတ်တဆိတ် ဆက်ဆံမှုတွေ ရှိနေပြီး သူတို့ကလည်း မြန်မာကို တရုတ်လက်အောက်ခံအဖြစ် မမြင်လိုကြပါဘူး။ စိတ်ဝင်စားစရာကောင်းတဲ့ အချက်ကတော့ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှာ အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးရဲ့ နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်မှု တန်ဖိုးစုစုပေါင်းဟာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၉ ဘီလီယံ ရှိခဲ့တာဖြစ်ပါတယ်။ ဒါဟာ ၂၀၁၆ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးစံချိန်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ထို့အတူ မြန်မာနိုင်ငံအတွင်းမှာ လုပ်ငန်းဆောင်ရွက်လျက်ရှိနေတဲ့ ဂျပန်ကုမ္ပဏီတွေရဲ့ ၇၀ ရာခိုင်နှုန်းဟာလည်း ဆက်လက်လုပ်ကိုင်ဖို့၊ သို့မဟုတ် လုပ်ငန်းတိုးချဲ့ဖို့ စီစဉ်ထားကြကြောင်း ၂၀၂၂ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတစောင်က ပြောပါတယ်။
တချိန်တည်းမှာပဲ မြန်မာစစ်အာဏာရှင်တွေ တရုတ်အစိုးရကို ချဉ်းကပ်နေတဲ့ ပုံစံဟာ တလေးတစား ဆက်ဆံပုံရော၊ အာခံရှောင်ဖယ်တဲ့ပုံစံပါ ရောထွေးနေပါတယ်။ မြန်မာစစ်တပ်အနေနဲ့ တရုတ်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိနေတာကို လေးစား တန်ဖိုးထားပေမဲ့ နိုင်ငံ့အရေးအရာကိစ္စတွေ ဆုံးဖြတ်ရာမှာတော့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လွတ်လပ်စွာ ရွေးချယ်သွားမယ့် လက္ခဏာတွေကို ပြသနေပါတယ်။
ဒီအချက်တွေကို ထောက်ရှုကြည့်ခြင်းအားဖြင့် စစ်ကောင်စီဟာ ခန့်မှန်းမြင်နိုင်လောက်တဲ့ အချိန်အတိုင်းအတာတခုအထိ သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒကို ပြောင်းလဲမှာမဟုတ်ဘဲ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျင့်သုံးခဲ့သလိုဘဲ မိတ်ဖက်နိုင်ငံအချို့နဲ့ ဆက်ဆံရေး ကောင်းမွန်အောင် ထိန်းသိမ်းနေရင်း နိုင်ငံရေးကိုလည်း သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်အတိုင်းသာ လွတ်လပ်စွာ ဆက်လက်ဆောင်ရွက်သွားလိမ့်မယ်လို့ ယူဆရပါတယ်။
ဥဿာဆန်း
Source: South China Morning Post
(South China Morning Post သတင်းစာရဲ့ ဝက်ဘ်ဆိုက်တွင် ဆောင်းပါးရှင် Andrea Passeri နဲ့ Daniel Wagner တို့ ရေးသားထားသည့် “Post-coup Myanmar has not turned into a Chinese vassal state ဆောင်းပါးကို ဘာသာပြန်သည်။)