Home
မြန်မာသတင်း
တရုတ်နိုင်ငံအား အိုးမဲသုတ်အပုပ်ချပြောဆိုမှု ဆန့်ကျင်ကြောင်း တရုတ်ဝန်ကြီးဝမ်ယိက မြန်မာစစ်ခေါင်းဆောင်နှင့် တွေ့ဆုံ ပြော
DVB
·
August 15, 2024
Photo-CINCDS တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ ၂၀၂၄ ခုနှစ် ဩဂုတ် ၁၄ ရက်က နေပြည်တော်၌ တွေ့ဆုံစဉ်။

တရုတ်-မြန်မာ ဆက်ဆံရေးကို သွေးကွဲအောင် လုပ်ဆောင်နေမှုနဲ့  တရုတ်နိုင်ငံအား အိုးမဲသုတ်အပုပ်ချနေတဲ့ ပြောဆိုလုပ်ဆောင်မှု မှန်သမျှကို ဆန့်ကျင်ကြောင်း  တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားလိုက်ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဩဂုတ် ၁၄ ရက်  မနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ စစ်ကောင်စီ ဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမှာ စစ်ခေါင်းဆောင်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ ပြောဆိုခဲ့တာလို့ တရုတ်ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက “မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ တရုတ်နိုင်ငံရဲ့ ချစ်ကြည်ရေးမူဝါဒဟာ မြန်မာနိုင်ငံ ပြည်သူတရပ်လုံးကို မျက်နှာမူကြောင်း၊ ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ခြင်းမူကို ခိုင်မာစွာ လက်ကိုင်ထားပြီး မြန်မာ့နိုင်ငံရေးအစဉ်အလာနဲ့ မြန်မာဘက်က မိမိနိုင်ငံရဲ့အခြေအနေအရ ရွေးချယ်တဲ့ ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်ကို လေးစားတယ်”လို့ ပြောပါတယ်။

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ လွတ်လပ်မှု၊ အချုပ်အခြာအာဏာ၊ နိုင်ငံတသားတည်းဖြစ်တည်မှုနဲ့  နယ်မြေပိုင်နက်ပြည့်စုံမှုအား ကာကွယ်ထိန်းသိမ်းခြင်းအပေါ် အခိုင်အမာ ထောက်ခံသလို ပြည်တွင်းတည်ငြိမ်အေးချမ်းရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို မြန်မာနိုင်ငံက အားထားဆောင်ရွက်နေတာကိုလည်း အခိုင်အမာ ထောက်ခံတယ်လို့ဆိုပါတယ်။ 

နိုင်ငံရေးအရ ရင်ကြားစေ့ရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်ရေးကို ဆောလျင်စွာ အကောင်အထည်ဖော်ဆောင်ကာ ရေရှည်တည်ငြိမ် အေးချမ်းတဲ့လမ်းကို ရှာဖို့လည်း တရုတ်ဝန်ကြီးက တိုက်တွန်းလိုက်သလို ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမှာ မတည်မငြိမ်ဖြစ်နေတာ စစ်ဖြစ်ပွားနေတာ၊ မြန်မာ့ပြည်တွင်းရေးအပေါ် ပြည်ပအင်အားစု ဝင်ရောက် စွက်ဖက်တာကို ဆန့်ကျင်တယ်လို့လည်းဆိုပါတယ်။

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့အတူ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုတွေကို နက်ရှိုင်းအောင် ဆောင်ရွက်သွားလိုတယ်၊ ရပ်ဝန်းနဲ့ပိုးလမ်းမ အပါအဝင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ စီမံကိန်းကြီးတွေ အတူတည်ဆောက်ရေးဖော်ဆောင်မှုကို အရှိန်မြှင့်ဖို့၊ တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း လည်ပတ်မှုကို ကောင်းမွန်စွာ ဆောင်ရွက်ဖို့၊ မြန်မာ ပြည်သူ့နေထိုင်မှုဘဝကို ကောင်းမွန်အောင် ဆောင်ရွက်ဖို့၊ တရုတ်-မြန်မာ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ဖို့ကိစ္စတွေကိုလည်း ဝန်ကြီး ဝမ်ယိက တိုက်တွန်းပြောသွားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့ရွာတွေ တိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့  တရုတ်နိုင်ငံအနေနဲ့ ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက ပြောဆိုခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပေမဲ့ တရုတ်သတင်းမှာတော့ အဲဒီပြောဆိုချက်ကို ဖော်ပြတာမရှိပါဘူး။

လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုတွေကို တရုတ်နိုင်ငံက ထောက်ခံပါကြောင်း၊ မြန်မာ နိုင်ငံ တည်ငြိမ်အေးချမ်းရေး တရုတ်နိုင်ငံ အနေနဲ့ အလးထားပူးပေါင်း ဆောင်ရွက်နေကြောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ EAO အဖွဲ့တွေရဲ့ မြို့ရွာတွေအပေါ် တိုက်ခိုက်မှုဖြစ်စဉ်တွေနဲ့ ပတ်သက်လို့  တရုတ်နိုင်ငံအနေနဲ့ ဆန့်ကျင်ကြောင်းဖြင့်ပြောဆိုခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံအကြား ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကိစ္စ၊ မြန်မာ့ ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကိစ္စ၊ အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှု ပပျောက်ရေးကိစ္စတွေ ဆွေးနွေး ခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း  အမြဲပြောလေ့ရှိတဲ့ရွေးကောက်ပွဲ အောင်မြင်အောင် ကျင်းပရေး၊ မဲစာရင်းတွေ တိကျမှန်ကန်ရေး၊ သန်းခေါင်စာရင်းကောက်ရေး၊ နိုင်ငံရေးပါတီတွေကို လွတ်လပ်စွာ ပါဝင်ယှဉ်ပြိုင်ခွင့်ပေးရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်း ဖွံဖြိုးတိုက်ရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားမဝင် အွန်လိုင်းလောင်းကစား လိမ်လည်မှုတွေ ပပျောက်စေရေးနဲ့  နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိုသာ ပြောဆိုခဲ့ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက "မင်းအောင်လှိုင်ဘက်က နဂါးနှစ်ကောင်ရုပ်တုပေးတယ်။ အဓိပ္ပါယ်ကတော့ ရှမ်းမြောက်ကိစ္စကို နှစ်နိုင်ငံပေါင်းပြီး ပြဿနာတွေကို ဖြေရှင်းဖို့ဆိုတဲ့ ရည်ရွယ်ချက်၊  အဲဒီကိစ္စတွေက ထိရှကွဲလွယ်တဲ့ကိစ္စတွေမှန်းသိအောင် တရုတ်ကကြွေပန်းအိုး ပြန်ပေးတယ်။ ရှမ်းမြောက်ကိစ္စကို ဆန့်ကျင်တယ်ပဲပြောတာ မှတ်ချက်ပေးတာမရှိဘူး "လို့ DVB ကိုပြောပါတယ်။

ညနေပိုင်းမှာလည်း  စစ်ကောင်စီအဖွဲ့နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဦးဆောင်တဲ့ တရုတ်ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲ  သံတမန်ခန်းမဆောင်မှာကျင်းပရာမှာ  တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမြဲထောက်ခံအားပေး နေပါကြောင်း၊ တရုတ်တနိုင်ငံတည်းမူဝါဒ (One China Policy )အပေါ် မြန်မာနိုင်ငံက အစဉ်တစိုက် ရပ်တည်ထောက်ခံအားပေးနေမှုအပေါ် တန်ဖိုးထားပါကြောင်းနဲ့ နိုင်ငံတကာမျက်နှာစာမှာ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံအပေါ် အမြဲ ရပ်တည်ပေးနေတယ်လို့ ဝန်ကြီး ဝမ်ယိက ပြောပါတယ်။

သန်းခေါင်စာရင်းကောက်ယူဖို့ လိုအပ်တဲ့ နည်းပညာအကူအညီပေးမယ်၊ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လိုအပ်တာကူညီဆောင်ရွက်ပေးသွားမယ်၊ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ ရွေးကောက်ပွဲမှာ သက်ဆိုင်သူအားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်စေရေး နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တိုက်တွန်း ဆွေးနွေးသွားပါတယ်။

မြန်မာဘက်က ပြန်ဆွေးနွေးရာမှာတော့ မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို ထိခိုက်စေမယ့် ဘယ်ကိစ္စရပ်တွေကိုမဆို မြန်မာနိုင်ငံမှတဆင့် လုပ်ဆောင်နေမှုတွေ လုံးဝ လက်ခံမှာမဟုတ်သလို တရုတ်နိုင်ငံ တည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေးတို့အပေါ် အထူးအလေးထား ဆောင်ရွက်နေကြောင်း ပြောဆိုခဲ့တယ်လို့ စစ်ကောင်စီ သတင်းမှာဖော်ပြပါတယ်။

အဆိုပါတွေ့ဆုံပွဲကို စစ်ကောင်စီဘက်က ဒုကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းတက်ရောက်တာ မတွေ့ရဘဲ စစ်ခေါင်းဆောင်နဲ့ အတူ ဒုဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဗိုလ်ချုပ်ဇော်မင်းထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေနဲ့ ဝန်ကြီးဦးကိုကိုလှိုင်နဲ့အဖွဲ့ တက်ရောက်ခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့အတူ နိုင်ငံခြားရေးဒုဝန်ကြီး ဆန်ဝီဒေါင်၊ မကြာသေးခင်မှ အသစ်ခန့်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စမာကျားနဲ့ အာရှရေးရာအထူး ကိုယ်စားလှယ်တိန့်ရှီကျွင်းနဲ့ အဖွဲ့တွေ တက်ရောက်ခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့အဖွဲ့ဟာ စစ်ကောင်စီရဲ့ ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့လည်း မနေ့ ညနေပိုင်းက နေပြည်တော်မှာ သီးခြား တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးရာမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေ လုံခြုံချောမွေ့စွာ လည်ပတ်နိုင်ရေး စီးပွားရေးစင်္ကြံတွေတည်ဆောက်မှုကို တည်ငြိမ်ရေး၊ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ကာ နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှုကို အတူတကွ ပူးပေါင်းတိုက်ဖျက်ရေး၊ လယ်ယာစိုက်ပျိုးရေး ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ ပြည်သူလူထု နေထိုင်မှုဘဝ ပိုမိုကောင်းမွန်လာစေရေး အားဖြည့်ပေးရမယ်လို့ ဝန်ကြီး ဝမ်ယိက ပြောပါတယ်။

မြန်မာနိုင်ငံ ခရီးစဉ်ကာလအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ နအဖ စစ်အစိုးရခေါင်းဆောင် (အငြိမ်းစား) ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေနဲ့လည်း နေပြည်တော်မှာ သီးခြား တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

တရုတ်ရဲ့  အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရှီကျွင်း လာရောက်ပြီး ရက်သတ္တပတ်ဝန်းကျင်အကြာမှာပဲ တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးတန်ကြီး ဝမ်ယိရဲ့ နေပြည်တော်ခရီးစဉ် ရှိလာတာပါ။

မြန်မာအရေးနဲ့ပတ်သက်လို့ အခုလို တရုတ်ရဲ့ သံတမန်ခရီးစဉ်တွေ ခပ်စိတ်စိတ်ဖြစ်လာတဲ့အပေါ် မေးခွန်းတွေလည်း အများကြီးရှိလာပါတယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ဝမ်ယိခရီးစဉ်ဟာ မအောင်မြင်ခဲ့တဲ့ တိန့်ရှီကျွင်းခရီးစဉ်ရဲ့ အဆက်လို့ သုံးသပ်ပါတယ်။

တရုတ်က အားလုံးပါဝင်တဲ့ဆွေးနွေးပွဲတရပ် ဖော်ဆောင်ပြီး ရွေးကောက်ပွဲလမ်းကြောင်း ပေါ်တင်ပေးနိုင်ရေး ကြိုးစားနေပေမဲ့ အောင်မြင်မှုမရှိသေးတာကြောင့် နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် အခုလိုလာရောက်တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

တရုတ်အနေနဲ့ ပြည်တွင်းရေးကို ဝင်စွက်မှာမဟုတ်ဘဲ၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ စီးပွားရေးပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဘက်အသီးသီးအနေနဲ့ အခြေခံဉပဒေမူဘောင်ထဲကနေ နိုင်ငံရေးဆွေးနွေးတဲ့နည်းနဲ့ ဖြေရှင်းနိုင်ရေးကို ရည်ရွယ်တယ်လို့ ဝမ်ယိခရီးစဉ်နဲ့ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ထုတ်ပြန်ထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးရဲ့ နောက်ဆက်တွဲ စစ်ဆင်ရေးမှာ အခြေအနေမလှတဲ့နောက်  ဩဂုတ် ၅ရက်နေ့က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်နိုင်ငံအပေါ် ပြင်းပြင်းထန်ထန် ပြောဆိုတာတွေရှိသလို စစ်တပ်ထောက်ခံသူတွေရဲ့ တရုတ်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေလည်း ရှိလာပါတယ်။

ဆုတ်ယုတ်သွားတဲ့ ဆက်ဆံရေးတွေကို ပြန်လည်တည်ဆောက်လိုတာကြောင့် ဝန်ကြီးဝမ်ယိ အခုလို မြန်မာပြည်ကို လာရောက်တာလို့ တရုတ်အရေးကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။

ဒါ့အပြင် ရှေ့မဆက်နိုင်တဲ့ ဟိုင်ဂင်ဆွေးနွေးပွဲနောက်ဆက်တွဲ ဆွေးနွေးပွဲတွေအပြင် အားလုံးစားပွဲဝိုင်းပေါ် ရောက်ရှိရေးအတွက်လည်း ကြိုးစားမယ့်သဘောရှိတယ်လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ လက်ရှိအခြေအနေတွေအရ တရုတ်လိုလားတဲ့အခြေအနေကို ရောက်ရှိဖို့ခက်ပြီး ပြည်တွင်း အခြေအနေတွေက ဆက်လက်တင်းမာနေဦး မယ်လို့လည်း ဒေါက်တာလှကျော်ဇောက ပြောပါတယ်။

မစ္စတာဝမ်ယိ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ရှိတယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် စစ်ကောင်စီဘက်က ငြင်းဆိုထားပါတယ်။

ထက်အောင်/DVB

Photo-CINCDS

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024