Home
မြန်မာသတင်း
စစ်အာဏာရှင်ဟောင်း သန်းရွှေနှင့် တရုတ်နိုင်ငံခြားဝန်ကြီးတွေ့ဆုံ၊ ပြည်တွင်းတည်ငြိမ်ရေးကို ကူညီပေးရန် တောင်းဆို
DVB
·
August 15, 2024

ပြည်ပဝင်ရောက်စွက်ဖက်မှုနဲ့ မြန်မာပြည်တွင်းတည်ငြိမ်ရေးအတွက် လိုအပ်တဲ့ အထောက်အပံ့တွေကို ဆက်လက်ကူညီပေးဖို့စစ်အာဏာရှင်ဟောင်း  အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေက တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနဲ့ တွေဆုံစဥ်မှာ  တောင်းဆို လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနဲ့ သြဂုတ် ၁၄ ရက် ညနေ ၄ နာရီလောက်က နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရီမြို့နယ် ခြောက်လုံးတန်းအိမ်ရာမှာ တွေ့ဆုံစဉ်  ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေက တောင်းဆိုခဲ့တာလို့ တရုတ်ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။

မြန်မာအစိုးရအ​နေနဲ့ တရုတ်နိုင်ငံအပေါ် အစဥ်အမြဲချစ်ကြည်ရင်းနှီးစွာ ဆက်ဆံသလို ဘယ်အခါမှ သဘောထားပြောင်းလဲမှာမဟုတ်ဘူးလို့လည်း  ပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိကလည်း   တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ လွတ်လပ်မှု၊ အချုပ်အခြာအာဏာ နယ်မြေပိုင်နက်ကာကွယ်ထိန်းသိမ်းရေး၊ ပြည်တွင်းရေးကို နိုင်ငံရေးအရ ရင်ကြားစေ့ရေး၊ တပြည်လုံးရွေးကောက်ပွဲအဆင်ပြေချောမွေ့စွာ ကျင်းပရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ပြန်လည်စတင်ရေးတို့ကို ထောက်ခံတယ်လို့ ဆင်ဟွာမှာ ရေးသားထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအတွင်း ပြည်ပအင်အားစုတွေ ဝင်ရောက်စွက်ဖက်မှု၊ တည်ငြိမ်အေးချမ်းရေးနဲ့  ဖွံ့ဖြိုးတိုးတက်ရေးကို ဖျက်ဆီးတဲ့ ပြောဆိုပြုမူမှုတွေကို  ဆန့်ကျင်ပြီး အပြန်အလှန်ဖေးမကူညီကာ မြန်မာနိုင်ငံအစိုးရနဲ့  ပြည်သူတွေ ယုံကြည်အားထားရအောင် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနဲ့ တရုတ်-မြန်မာ ချစ်ကြည်ရေးအတွက် ရေရှည်ကြိုးပမ်းဆောင်ရွက်ခဲ့သူဖြစ်လို့ တရုတ်နိုင်ငံဘက်က မြန်မာနိုင်ငံအပေါ် အိမ်နီးချင်း သံတမန် ဆက်ဆံရေးအရ အရေးကြီးတဲ့နေရာမှာ အမြဲတမ်းထားတယ်လို့ တွေ့ဆုံစဥ်မှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ၂၀၂၃ ခုနှစ် မေ  ၂ ရက်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ချင်ကန်းလာရောက်တွေ့ဆုံခဲ့သလို ၂၀၂၃ ခုနှစ် ဧပြီ ၁၈ ရက်ကလည်း တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေး ညွှန်ကြားရေးမှူးချုပ် မစ္စတာ ပန်ရှီဘင်ကလည်း တွေဆုံခဲ့တာရှိပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝန်ယိဟာ ထိုင်းနိုင်ငံမှာကျင်းပမယ့် ၉ ကြိမ်မြောက် လန်ချန်း-မဲခေါင် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မတက်ရောက်ခင် မြန်မာနိုင်ငံကို ဝင်ရောက်လာတာဖြစ်ပြီး လက်ရှိ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း မနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013