တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ မြန်မာနိုင်ငံခရီးစဉ် သွားရောက်ဖို့ရှိနေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ် ၁၃ ရက် ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဟာ ထိုင်းနိုင်ငံမှာကျင်းပမယ့် ၉ ကြိမ်မြောက် လန်ချန်း-မဲခေါင် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်ဖို့ သွားရောက်မှာဖြစ်ပြီး ဩဂုတ် ၁၄ ရက်ကနေ ၁၇ ရက်အထိ ဝန်ကြီးရဲ့ ၄ ရက်ကြာ ဒီခရီးစဉ်မှာ တရုတ်၊ လာအို၊ မြန်မာနဲ့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးဖို့လည်း ရှိနေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ဂျီအန်းက ပြောပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံကို ဘယ်နေ့ဘယ်ရက်မှာ သွားရောက်မယ် ဆိုတာကိုတော့ တိတိကျကျ ပြောမထားပါဘူး။
ဝန်ကြီး ဝမ်ယိရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ နယ်ပယ်အသီးသီးမှာ နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုကို နက်နက်ရှိုင်းရှိုင်း တိုးမြှင့်ဖို့၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ခိုင်မြဲစေရေး၊ အနာဂတ် တရုတ်-မြန်မာ အသိုက်အဝန်း တည်ဆောက်ရေးကို မြှင့်တင်ဖို့ ရည်ရွယ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောတဲ့အကြောင်း တရုတ်နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ မိတ်ဆွေနဲ့ အိမ်နီးချင်းနိုင်ငံအနေနဲ့ တရုတ်နိုင်ငံဟာ တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်မစွက်ဖက်ရေး မူဝါဒကိုလည်း တင်းတင်းကျပ်ကျပ် လိုက်နာပြီး မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူတွေ အသက်မွေးဝမ်းကြောင်း တိုးတက်စေဖို့ အပါအဝင် မြန်မာနိုင်ငံက သက်ဆိုင်ရာ အစုအဖွဲ့တွေအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်း နိုင်ငံရေး ညှိနှိုင်းဆွေးနွေးမှုတွေကတဆင့် ကွဲလွဲမှုတွေကို မှန်ကန်စွာ ဖြေရှင်းနိုင်ဖို့အတွက် အပြုသဘောဆောင်တဲ့ အကူအညီတွေ ပေးဖို့ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်က တရုတ်ကိုယ်စားလှယ် တိန့်ရှီကျွင်းဟာ နေပြည်တော်ကို ရောက်လာပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်လာမယ့်သတင်း ထွက်ပေါ်လာတာပါ။
တရုတ်အထူးကိုယ်စားလှယ်နဲ့ စစ်ခေါင်းဆောင်တို့ တွေ့ဆုံရာမှာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနဲ့ သံတမန်ဆက်ဆံရေး၊ မြန်မာပြည်တွင်း ငြိမ်းချမ်းရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပေမဲ့ တိန့်ရှီကျွင်းနဲ့ တွေ့ဆုံချိန်မှာ တွေ့ဆုံဆွေးနွေးမှု အဆင်မပြေခဲ့ဘူးလို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်သစ် မစ္စ မာကျားနဲ့ ကောင်စစ်ဝန်ချုပ် မစ္စ ကောင်းဖျင် တို့လည်း စတင်တာဝန်ထမ်းဆောင်ဖို့အတွက် မြန်မာနိုင်ငံကို ဩဂုတ် ၁၂ ရက် မနေ့ကပဲ ရောက်ရှိလာပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇူလိုင် ၄ ရက်က မြန်မာနိုင်ငံ ပုဂံမြို့မှာ အိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့ ၇ ကြိမ်မြောက် လန်ချန်း-မဲခေါင် နိုင်ငံခြားရေးဝန်ကြီးအဆင့် ဆွေးနွေးပွဲကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ တက်ရောက်ခဲ့ပေမဲ့ နေပြည်တော်ကို သွားရောက်ခြင်း မရှိသလို စစ်ခေါင်းဆောင်နဲ့လည်း တွေ့ဆုံခြင်း မရှိပါဘူး။
အခုလာမယ့် ခရီးစဉ်မှာ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဖြစ်ခဲ့ရင်တော့ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်ခေါင်းဆောင်တို့ ပထမဆုံးတွေ့ဆုံဆွေးနွေးမှု ဖြစ်လာမှာပါ။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ ဒီတကြိမ် မြန်မာပြည်ခရီးစဉ်အတွင်း နေပြည်တော်မှာ အကျဉ်းကျနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနိုင်တယ်လို့လည်း အတည်မပြုနိုင်သေးတဲ့ ခန့်မှန်းသတင်းတွေ ထွက်ပေါ်နေပါတယ်။