ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်မီးများ အမြန်ဆုံးငြိမ်းအေးစေဖို့အတွက် ဝန်ကြီးချုပ်ကို စစ်ခေါင်းဆောင်က မာရဝိဇယနဲ့ အဘယရာဇမုနိ ရုပ်ပွားတော် ၂ ဆူ တည်ထားကိုးကွယ်ဖို့ အကြံပေးခဲ့ပါတယ်။
စစ်ခေါင်းဆောင်ရဲ့ အကြံပေးချက်အရ ဝန်ကြီးချုပ်ဦးထိန်လင်းဟာ သြဂုတ် ၁၂ ရက်မှာ ပြည်နယ်အစိုးရအဖွဲ့ကိုခေါ်ပြီး အစိုးရဘဏ္ဍာငွေထဲမှ ငွေသိန်း ၅,၀၀၀ မတည်ကာ ရုပ်ပွားတော် ၂ ဆူကို တည်ထားကိုးကွယ်ဖို့ဆုံးဖြတ်ခဲ့တာလို့ ပြည်နယ်အစိုးရနဲ့နီးစပ်သူတဦးက DVB ကို ပြောပါတယ်။
“၁၀ ရက်နေ့က ဝန်ကြီးချုပ်က ကာချုပ်ဆီသွားပြီး ရခိုင်ကိစ္စကူအညီတောင်းတာ ဘုရား တရားမရှိလို့ဆိုပြီး မာရဝိဇယနဲ့ အဘယရာဇမုနိဘုရား ရုပ်တုတွေထုပြီး ကိုးကွယ်ဖို့ ပြောလိုက်တာ ပြည်နယ်အစိုးရဘဏ္ဍာငွေထဲက သိန်း ၅,၀၀၀ မတည်တယ်၊ ကျန်တဲ့ငွေတွေက အလှူခံတာ။”
ရုပ်ပွားတော် ၂ ဆူ တည်ထားကိုးကွယ်ဖို့ သဘောတူညီချက်ရပေမဲ့ မာရဝိဇယရုပ်ပွားတော်ကို တိုင်းစစ်ဌာနအခြေစိုက်ရာ အမ်းမှာ ထားဖို့ပြောနေသလို ပြည်နယ်အစိုးရကလည်း အစိုးရအဖွဲ့ရုံး အခြေစိုက်ရာ စစ်တွေမှာထားမယ့်ကိစ္စနဲ့ ငြင်းခုံခဲ့ကြတယ်လို့ စစ်ဘက်နဲ့နီးစပ်သူတဦးက DVB ကို ပြောပါတယ်။
“တပ်ချုပ်က ဘုရား တရားလုပ်ဖို့ ပြောတာကို မာရဝိဇယဘုရားကြီးရဲ့ ရင်ငွေ့တော်ကိုယူပြီး ရခိုင်မှာ ပုံစံတူဆောက်ဖို့ ဝန်ကြီးချုပ်က ပြောတာ၊ အဲဒီငွေတွေကို နခခမှာ ငတ်နေတဲ့ရဲတွေ ရေဘေးသင့်နေရာတွေကို လှူရမှာ။”
လက်ရှိအခြေအနေမှာ ရုပ်ပွားတော် ၂ ဆူ တည်ထားဖို့အတွက် မြေနေရာ ရွေးနေပြီး အလှူခံအဖွဲ့ကို ပြည်နယ်အစိုးရနဲ့ ဌာနဆိုင်ရာပေါင်းကာ ဖွဲ့စည်းထားတယ်လို့ တိုင်းအစိုးရနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အာရက္ခတပ်တော် (AA) အဖွဲ့က ၁၀၂၇ စစ်ဆင်ရေးအတွင်း ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့တွေကို တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။