တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ်တိန့်ရှီကျွင်းဟာ ဩဂုတ် ၈ ရက်က နေပြည်တော်ကို ရောက်လာပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံကာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ရွေးကောက်ပွဲကျင်းပရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်ကိုယ်စားလှယ်တို့ မနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ စစ်ကောင်စီဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမမှာ လက်ခံတွေ့ဆုံခဲ့တာဖြစ်ပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနဲ့ သံတမန်ဆက်ဆံရေး၊ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး ဆိုင်ရာကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပါတယ်။
ဒါ့အပြင် အွန်လိုင်းလောင်းကစားကိစ္စ၊ လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေတဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့လည်းဆိုပါတယ်။
တွေ့ဆုံပွဲကို စစ်ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့လည်း တက်ရောက်ခဲ့တယ်လို့ စစ်ကောင်စီသတင်းမှာ ဖော်ပြပါတယ်။ တရုတ်အထူးကိုယ်စားလှယ်ရဲ့ မြန်မာခရီးစဉ်နဲ့ ပတ်သက်ပြီး တရုတ်ဘက်ကတော့ ထုတ်ပြန်တာမရှိသေးပါဘူး။
ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ လေကြောင်းတိုက်ခိုက်မှုမလုပ်နိုင်အောင် ကူညီပေးဖို့ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေက တရုတ်အစိုးရထံ အကူအညီတောင်းလိုက်ပြီး ရက်ပိုင်းအတွင်း တရုတ်အထူးကိုယ်စားလှယ် နေပြည်တော်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။
တရုတ်ကြားဝင်စေ့စပ်ဆောင်ရွက်ပေးနေတဲ့ ဟိုင်ဂင်ဆွေးနွေးပွဲကို စစ်ကောင်စီဘက် မတက်ရောက်တဲ့အတွက် ဆွေးနွေးပွဲပျက်သွားပြီးနောက်မှာ တရုတ်ကိုယ်စားလှယ် နေပြည်တော်ကို ရောက်လာတာလည်း ဖြစ်ပါတယ်။