အမေရိကန်ပြည်ထောင်စု ဒီမိုကရက်တစ်သမ္မတလောင်း ကမ်မလာ ဟားရစ်က သူနဲ့အတူ ရွေးကောက်ပွဲဝင်ပြိုင်မယ့် ဒုသမ္မတလောင်းအဖြစ် မင်နီဆိုးတားပြည်နယ် အုပ်ချုပ်ရေးမှူး တင်မ်ဝါ့လ်ဇ်ကို ဩဂုတ် ၆ ရက်မှာ ရွေးချယ်လိုက်ပါတယ်။
ဒါဟာ ကျေးလက်နဲ့ လူဖြူ မဲဆန္ဒရှင်တွေဆီကနေ မဲရရှိဖို့ အမေရိကန်ရဲ့ အရေးအကြီးဆုံး ဗဟိုနေရာက တိုးတက်တဲ့ မူဝါဒချန်ပီယံနဲ့ ရိုးရိုးရှင်းရှင်း ပြောဆိုသူတဦးကို ရွေးချယ်လိုက်တာလို့ ဆိုပါတယ်။
ဟားရစ်က သူ့ရွေးချယ်မှုကို ဆိုရှယ်မီဒီယာပို့စ်တွေမှာသာမက ထောက်ခံသူတွေဆီကို မက်ဆေ့ချ်ပို့ပြီးတော့လည်း ကြေညာခဲ့ပါတယ်။
အသက် ၆၀ အရွယ် အမေရိကန်စစ်တပ် အမျိုးသားအစောင့်တပ်ဖွဲ့မှ စစ်ပြန် တင်မ်ဝါ့လ်ဇ်ဟာ ၂၀၀၆ ခုမှာ အမေရိကန်အောက်လွှတ်တော်ရှိ ရီပတ်ဘလစ်ကန်ဘက်ယိမ်းတဲ့ ခရိုင်တခုအတွက် ရွေးချယ်ခံခဲ့ရပြီး ၂၀၁၈ ခုမှာ မင်နီဆိုးတားပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် ရွေးကောက်မခံရခင်အထိ ၁၂ နှစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ကျောင်းဆရာဟောင်း၊ ဘောလုံးနည်းပြ၊ မုဆိုး၊ သေနတ်ပိုင်ရှင် စသဖြင့် နယ်ပယ်စုံမှာလည်း ဝင်ဆံ့တဲ့ ဝါ့လ်ဇ်ဟာ ကျောင်းမှာ အစားအစာ အခမဲ့ကျွေးမွေးတာ၊ ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းမယ့် ရည်မှန်းချက်တွေ၊ လူလတ်တန်းစားတွေအတွက် အခွန်ဖြတ်တောက်တာနဲ့ အလုပ်သမားတွေအတွက် အခကြေးငွေ တိုးမြှင့်ပေးတာတွေ ပါဝင်တဲ့ တိုးတက်တဲ့ အစီအစဉ်တွေကို တွန်းအားပေးခဲ့ပါတယ်။
ဒေသခံတွေကလည်း လူမှုရေးပြဿနာတွေမှာ ဝါ့လ်ဇ်ရဲ့ ပါဝင်ပတ်သက်မှုကို သဘောကျကြပါတယ်။
ဝါ့လ်ဇ်ဟာ မကြာသေးမီနှစ်တွေအတွင်း ထရမ့်ပ်ကို ကျယ်ကျယ်ပြန့်ပြန့် မဲပေးခဲ့ကြတဲ့ ကျေးလက်ရှိ အမေရိကန် မဲဆန္ဒရှင်တွေနဲ့ နက်နက်ရှိုင်းရှိုင်း ချိတ်ဆက်မှုရှိပြီး ဒါတွေအားလုံးဟာ ဝါ့လ်ဇ်ကို မိတ်ဖက်ကောင်းတဦး ဖြစ်စေတဲ့ အရည်အသွေးတွေ ဖြစ်ကြောင်း ရွေးချယ်ရေးလုပ်ငန်းစဉ်နဲ့ နီးစပ်သူတဦးက ပြောကြားခဲ့ပါတယ်။
ဝါ့လ်ဇ်ကို ရွေးချယ်ထားကြောင်း ကြေညာပြီးကတည်းက အခြေခံလူတန်းစားတွေရဲ့ အလှူငွေ ဒေါ်လာ ၁၀ သန်းကျော် ရရှိထားတယ်လို့ ဒုသမ္မတရဲ့ မဲဆွယ်စည်းရုံးရေးမှူးက ပြောပါတယ်။
ဟားရစ်နဲ့ ဝါ့လ်ဇ်တို့ဟာ တမ်ပဲလ်တက္ကသိုလ်က လူ ၁၀,၀၀၀ သောင်းဆံ့တဲ့နေရာမှာ ပထမဆုံး ပူးတွဲမဲဆွယ်စည်းရုံးပွဲကို ဖီလာဒဲလ်ဖီးယားမှာ ကျင်းပမှာဖြစ်ပါတယ်။
Source-Reuters