ပြင်သစ်နိုင်ငံမှာကျင်းပနေတဲ့ ပါရီအိုလံပစ်ပြိုင်ပွဲ အမျိုးသား မီတာ-၁၀၀ အပြေးပြိုင်ပွဲမှာ အမေရိကန်ကိုယ်စားပြု အပြေးသမား နိုအာလိုင်းစ်ဟာ တစက္ကန့်ရဲ့ ၅၀၀၀ ပုံ ၁ ပုံ အသာနဲ့ အနီးကပ်ဆုံးပြိုင်ဘက်ကို အနိုင်ရပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။
နှစ်ပေါင်း ၂၀ အတွင်း ဒီပြိုင်ပွဲအမျိုးအစားမှာ အမေရိကန်အသင်းရဲ့ ပထမဆုံးရွှေတံဆိပ် ဖြစ်လာခဲ့ပါတယ်။
တာထွက်အစမှာ ဂျမေကာအပြေးသမား ကစ်ရှိန်း သော်မ်ဆင်အနေနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ လိုင်းစ်က သူ့ကို နှာတစ်ဖျားအသာနဲ့ အနိုင်ယူခဲ့တာပါ။
ဒီလိုမျိုး အကြိတ်အနယ်ရှိခဲ့တဲ့ အပြေးပြိုင်ပွဲဝင်အားလုံးရဲ့ ပန်းဝင်ချိန်ဟာ ၉ စက္ကန့်ချင်း တူညီပေမယ့်လည်း ဒသမသာ ကွာခြားခဲ့ကြတာ ဖြစ်ပါတယ်။
ဒါကြောင့် လိုင်းစ်က ရွှေ၊ သော်မဆင်က ငွေနဲ့ နောက်ထပ် အမေရိကန်အပြေးသမား ဖရတ်ဒ် ကာလီက ကြေးတံဆိပ်ဆုကို အသီးသီး ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။
အမျိုးသမီး မီတာ ၈၀၀ အလွတ်ရေကူးပြိုင်ပွဲမှာလည်း အမေရိကန်အားကစားမယ် ကေတီ လဒက်ကီက အနိုင်ရရှိခဲ့တာကြောင့် ၉ ခုမြောက် အိုလံပစ်ရွှေတံဆိပ်အဖြစ် မှတ်တိုင်စိုက်ထူနိုင်ခဲ့ပါတယ်။
ဒီပြိုင်ပွဲမှာ လဒက်ကီက အဓိကပြိုင်ဘက် ဩစတြေးလျရေကူးမယ် အာရီယန်တစ်မက်စ် ကိုကျော်ဖြတ်ပြီး ၈ မိနစ် ၊ ၁၁ ဒသမ ၀၄စက္ကန့်နဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။
ဒီပြိုင်ပွဲမှာ ပေ့ဂျ် မတ်ဒန်ကလည်း အမေရိကန်အသင်းအတွက် ကြေးတံဆိပ်ဆုကို အရယူ ပေးနိုင်ခဲ့ကြောင်း သိရပါတယ်။
Source-Reuters