ကလေးသူငယ် ကိုယ်ရေးကိုယ်တာ အချက်အလက် လုံခြုံမှု ဆိုးဆိုးရွားရွား ချိုးဖောက်မှုနဲ့ TikTok ကို အမေရိကန်အစိုးရက တရားစွဲလိုက်ပါတယ်။
TikTok ဟာ ကလေးသူငယ်တွေရဲ့ အချက်အလက်တွေကို ဥပဒေနဲ့ဆန့်ကျင်ပြီး စုဆောင်းခဲ့သလို ကလေးတွေရဲ့ အကောင့်တွေကို ဖျက်ဖို့ မိဘတွေက ကြိုးစားတဲ့အခါမှာလည်း တုံ့ပြန်ဖို့ ပျက်ကွက်တယ်လို့ အမေရိကန်တရားရေးဌာနက စွပ်စွဲလိုက်ပါတယ်။
TikTok ရဲ့ လုပ်ထုံးလုပ်နည်းတွေဟာ အွန်လိုင်းကုမ္ပဏီတွေအနေနဲ့ အသက် ၁၃ နှစ်အောက် ကလေးတွေရဲ့ အချက်အလက် စုဆောင်းမယ်ဆိုရင် မိဘတွေရဲ့ ခွင့်ပြုချက် ယူရမယ်ဆိုတဲ့ စည်းကမ်းချက်တွေကို ချိုးဖောက်ရာရောက်တယ်လို့ ဆိုပါတယ်။
TikTok ရဲ့ မိခင်ကုမ္ပဏီ ByteDance ဟာ “ထပ်တလဲလဲပြစ်မှုကျူးလွန်သူ” ဖြစ်တယ်လို့ပါ စွပ်စွဲထားပါတယ်။
TikTok ကတော့ ဒီစွဲချက်ကို ငြင်းဆိုခဲ့ပြီး ကလေးသူငယ်တွေကို ကာကွယ်ပေးဖို့ အားထုတ်မှုတွေကို ဂုဏ်ယူတယ်လို့ ဆိုပါတယ်။
TikTok ဟာ သက်မပြည့်သုံးစွဲသူတွေကို ဖယ်ရှားပြီး ကြည့်ချိန်ကန့်သတ်တာ၊ သက်မပြည့်တွေအတွက် ထပ်တိုး ကိုယ်ရေးလုံခြုံမှု အစီအမံတွေ ထည့်သွင်းပေးထားတာတွေ လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။
၂၀၁၉ ကနေ ၂၀၂၀ အတွင်း အကောင့် ၁၇,၀၀၀ ကို ဖျက်ပစ်ဖို့ မိဘတွေက တောင်းဆိုခဲ့ရာမှာ ၂၀၂၁ နိုဝင်ဘာအထိ အဲဒီထဲက အကောင့် ၃၀ ရာခိုင်နှုန်း ဆက်ရှိနေသေးတယ်လို့ စွဲချက်မှာ ဖော်ပြပါတယ်။
TikTok ဟာ ကမ္ဘာမှာ လူကြိုက်အများဆုံး လူမှုကွန်ရက်တွေထဲက တခုဖြစ်ပြီး တကမ္ဘာလုံးအတိုင်းအတာနဲ့ သုံးစွဲသူ သန်း ၁,၀၀၀ ကျော်တယ်လို့ ဆိုပါတယ်။ အမေရိကန် တနိုင်ငံတည်းမှာတင် သုံးစွဲသူ သန်း ၁၇၀ ရှိပါတယ်။