Home
အားကစား
အိုလံပစ်ပြိုင်ပွဲတွင် အမေရိကန် ထိပ်ဆုံးမှဦးဆောင်၊ ကနေဒါ ရေကူးမယ် ရွှေ ၃ ခု ဆွတ်ခူး
DVB
·
August 6, 2024

အိုလံပစ်ပြိုင်ပွဲ နိုင်ငံအလိုက် ဆုတံဆိပ်ရပ်တည်မှုစာရင်းမှာ အမေရိကန်က ထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။

အမေရိကန်အသင်းဟာ ဩဂုတ် ၅ ရက်မှာ ရွှေ ၂ ခု ဆွတ်ခူးနိုင်ခဲ့ပြီး ငွေ ၄ ခု၊ ကြေး ၂ ခု ရရှိခဲ့ကာ လက်ရှိအချိန်မှာ ဆုတံဆိပ်ပေါင်း ၇၉ ခုနဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။

အမေရိကန်အသင်းဟာ ပြီးခဲ့တဲ့နေ့က အမျိုးသမီး သံပြားပစ်နဲ့ အမျိုးသမီး လှိုင်းစီးပြိုင်ပွဲတို့မှာ ရွှေတံဆိပ်တခုစီ ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒုတိယနေရာမှာ ရပ်တည်နေတဲ့ တရုတ်အသင်းဟာ အမေရိကန်အသင်းနဲ့ ရွှေ ၂၁ ခုစီ ရရှိထားပြီး စုစုပေါင်းဆုတံဆိပ် ၅၃ ခု ရရှိထားပါတယ်။

တရုတ်အသင်းကလည်း ပြီးခဲ့တဲ့နေ့မှာ အမျိုးသား သေနတ်ပစ်နဲ့ အမျိုးသား ကျွမ်းဘားပြိုင်ပွဲတွေမှာ ရွှေ  ၂ ခု ဆွတ်ခူးနိုင်ခဲ့ပြီး ငွေ ၂ ခု၊ ကြေး ၃ ခု ရရှိခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ပြင်သစ်အသင်းကတော့ အမျိုးသား လှိုင်းစီးပြိုင်ပွဲမှာ ရွှေ ၁ ခု ရရှိခဲ့ပြီး ငွေ ၂ ခု၊ ကြေး ၁ ခု ရရှိခဲ့တာကြောင့် နိုင်ငံအလိုက် အဆင့်ရပ်တည်မှုမှာ တတိယနေရာမှာ ရပ်တည်နေပါတယ်။

၂၀၂၄ နွေရာသီအိုလံပစ်ပြိုင်ပွဲ ပြီးဆုံးဖို့ ၄ ရက်အလိုမှာ အမေရိကန်အသင်းကပဲ ထိပ်ဆုံးမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

အမေရိကန်အသင်းဟာ ပြီးခဲ့တဲ့ အိုလံပစ်ပြိုင်ပွဲ ၃ ခုမှာလည်း ၃ ကြိမ်ဆက်တိုက် နိုင်ငံအလိုက် အဆင့်ရပ်တည်မှုမှာ ထိပ်ဆုံးမှာရပ်တည်ခဲ့တဲ့အသင်း ဖြစ်ပါတယ်။

ရေကူးအားကစားပြိုင်ပွဲမှာတော့ အသက် ၁၇ နှစ်အရွယ်ရှိ ကနေဒါရေကူးမယ် ဆန်းမားမက်အင်တို့က ရွှေ ၃ ခုထိ ဆွတ်ခူးထားပြီး အိုလံပစ်ပြိုင်ပွဲ တခုတည်းကနေ ကနေဒါနိုင်ငံအတွက် ပထမဆုံး ရွှေ ၃ ခု ဆွတ်ခူးနိုင်တဲ့ ပထမဆုံးကစားသမား ဖြစ်လာပါတယ်။

“အသက် ၁၇ နှစ်ပဲ ရှိသေးတာကြောင့် လာမယ့်နှစ်တွေမှာ အောင်မြင်မှုတွေပိုရအောင် ကြိုးစားမှာပါ။ စိတ်အားထက်သန်မှုတွေကို နေ့တိုင်း ဆက်ထိန်းထားပြီး လေ့ကျင့်မှုတွေနဲ့ ရှေ့ဆက်နိုင်ဖို့ ကြိုးစားမှာပါ” လို့ မက်အင်တို့က ပြောပါတယ်။

ဒီပြိုင်ပွဲမှာ မက်အင်တို့ဟာ အမျိုးသမီး မီတာ ၂၀၀ တဦးချင်းပြိုင်ပွဲမှာ အိုလံပစ်စံချိန် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် မာအင်တို့ဟာ အမျိုးသမီး မီတာ ၄၀၀ စိတ်ကြိုက်ကူးပြိုင်ပွဲမှာ ငွေတံဆိပ် ၁ ခု ဆွတ်ခူးနိုင်ခဲ့ပါသေးတယ်။

ကနေဒါအသင်းဟာ အိုလံပစ်ပြိုင်ပွဲမှာ ကစားနည်း ၃၁ မျိုးကို ကစားသမား ၃၁၅ ဦးနဲ့ ပါဝင်ယှဉ်ပြိုင်နေပြီး ရေကူးအားကစားကနေ ရွှေအများဆုံးရရှိခဲ့တာ ဖြစ်ပါတယ်။

ကနေဒါအသင်းဟာ ရွှေ ၅ ခု၊ ကြေး ၄ ခု၊ ငွေ ၈ ခုနဲ့ စုစုပေါင်း ဆုတံဆိပ် ၁၇ ခု ဆွတ်ခူးထားပြီး နိုင်ငံအလိုက် အဆင့် ၁၁ နေရာမှာ ရပ်တည်နေပါတယ်။

ဆွီဒင်အားကစားသမား ဒူပလန်တစ်ဟာ တုတ်ထောက်ခုန်ပြိုင်ပွဲမှာ ရွှေရခဲ့ပြီး ကမ္ဘာ့စံချိန်သစ် ရရှိခဲ့ပါတယ်။

ဒူပလန်တစ်ဟာ သူ့ရဲ့ ကမ္ဘာ့စံချိန်ကို ကျော်ဖြတ်ပြီး ၆ ဒသမ ၂၅ မီတာနဲ့ ကမ္ဘာ့စံချိန်သစ် စိုက်ထူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ပွဲမှာ ဒူပလန်တစ်ဟာ အမေရိကန်နဲ့ ဂရိကစားသမားတွေကို ကျော်ဖြတ်ပြီး ရွှေရခဲ့တာကြောင့် ဆွီဒင်နိုင်ငံအတွက် တတိယမြောက် ရွှေဆွတ်ခူးပေးနိုင်တဲ့ ကစားသမား ဖြစ်လာပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိ ဒူပလန်တစ်ဟာ ကမ္ဘာ့ချန်ပီယံ ၂ ကြိမ်၊ ဥရောပချန်ပီယံ ၃ ကြိမ်နဲ့ ရုံတွင်းကမ္ဘာ့ချိန်ပီယံ ၂ ကြိမ် ရထားသူဖြစ်ပြီး အိုလံပစ်ပြိုင်ပွဲမှာလည်း ဒုတိယမြောက် ရွှေတံဆိပ်ရရှိခဲ့တာ ဖြစ်ပါတယ်။

ဆွီဒင်နိုင်ငံဟာ အိုလံပစ်ပြိုင်ပွဲ အားကစားနည်း ၁၈ မျိုးမှာ ကစားသမား ၁၁၈ ဦး ပါဝင်ယှဉ်ပြိုင်နေပြီး ရွှေ ၃ ခု၊ ငွေ ၃ ခု၊ ကြေး ၂ ခု ရရှိထားပါတယ်။

Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024