Home
နိုင်ငံတကာ
အမေရိကန်စီးပွားကျနိုင်ခြေကြောင့် ကမ္ဘာ့စတော့ဈေးများ ကျဆင်း
DVB
·
August 6, 2024
Photo - Reuters

အမေရိကန်စီးပွားရေး နှေးကွေးမယ့်အလားအလာကြောင့် ဥရောပနဲ့ အာရှစတော့ဈေးကွက် ကျဆင်းခဲ့အပြီးမှာ အမေရိကန်စတော့စျေးကွက်လည်း ဩဂုတ် ၅ ရက်မှာ  သိသိသာသာ ကျဆင်းခဲ့ပါတယ်။

ဩဂုတ် ၅ ရက်မှာ စျေးကွက် ဝါရင့်တွေတောင် အံ့အားသင့်ရလောက်အောင် စတော့ဈေးဖန်သားပြင်မှာ ကိန်းဂဏန်းတွေက ထိုးဆင်းနေပါတယ်။

တိုကျိုမှာ Nikkei စတော့စျေးကွက်ကလည်း ၁၂ ရာခိုင်နှုန်းကျသွားသလို ဆိုးလ်မှာ Kospi ဈေးကွက်က ၉ ရာခိုင်နှုန်းကျသွားကာ နယူးယောက်မှာ အဖွင့်ဘဲလ်တီးလိုက်ချိန် Nasdaq ဈေးကွက်က စက္ကန့်ပိုင်းအတွက် ၆ ရာခိုင်နှုန်းကျသွားပါတယ်။

ခရစ်ပတို ငွေကြေးကလည်းကျပြီး စတော့စျေးကွက် မတည်ငြိမ်မှုပြတဲ့ VIX မီတာကလည်း မိုးထိုးတက်သွားပါတယ်။

ရင်းနှီးမြှုပ်နှံသူတွေဟာ ဘေးအကင်းဆုံးဖြစ်တဲ့ အစိုးရငွေချေးစာချုပ်တွေဘက် ဦးတည်သွားကြပါတယ်။ နောက်ပိုင်းမှာတော့ ကမ္ဘာ့စျေးကွက်အချို့ ပြန်တည်ငြိမ်လာခဲ့ပါတယ်။

ဒါပေမဲ့ အဆိုပါဖြစ်စဉ်ဟာ ဘဏ္ဍာရေးစျေးကွက် အားကောင်းလာအောင် အဓိက ထောက်မထားတဲ့  ကမ္ဘာ့ဘဏ္ဍာရေး ရင်းနှီးမြှုပ်နှံသူတွေ အဓိက အားကိုးအားထားပြုတဲ့ ယူဆချက်တွေ  ယိမ်းယိုင်လာပြီဆိုတော့ ပြသနေတယ်လို့ Bloomberg သတင်းဌာနက သုံးသပ်ပါတယ်။

အမေရိကန်စီးပွားရေးဟာ ရပ်တန့်မရနိုင်အောင် အားကောင်းတယ်၊ အသိဉာဏ်တုနည်းပညာဟာ နေရာအနှံ့မှာ လုပ်ငန်းတွေကို တော်လှန်ပြောင်းလဲတော့မယ်၊ ဂျပန်နိုင်ငံဟာ ဘယ်တော့မှာ အတိုးနှုန်းမမြှင့်ဘူးဆိုတဲ့ ယူဆချက်တွေဟာ မခိုင်မာခဲ့တော့ဘူးလို့ သုံးသပ်ပါတယ်။ 

အသိဉာဏ်တု (AI) နည်းပညာမှာ အကြီးအကျယ်ရင်းနှီးမြှုပ်နှံနေကြတဲ့ အိုင်တီကုမ္ပဏီကြီးတွေကို တန်ဖိုးပိုတွက်ထားကြတယ်၊ လက်ရှိမှာ ထင်သလောက် ခရီးမရောက်သေးဘူးဆိုတဲ့ အချက်တွေကလည်း စျေးကွက်ကို ထိခိုက်စေခဲ့ပါတယ်။ 

ဂျပန်မှာ Nikkei စတော့စျေးကွက်ကျဆင်းခဲ့သလို ထိုင်ဝမ်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ ဩစတြေးလျ၊ ဟောင်ကောင်၊ ရှန်ဟိုင် စျေးကွက်အားလုံးဟာလည်း အနည်းနဲ့အများ ကျဆင်းခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ စျေးကွက်အများစုဟာ ပြန်လည်တည်ငြိမ်လာခဲ့ပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024