Home
မြန်မာသတင်း
စားအုန်းဆီ ရည်ညွှန်းဈေး ထပ်မံမြင့်တက်
DVB
·
August 5, 2024

မြန်မာကျပ်ငွေတန်ဖိုး ထိုးကျပြီး နိုင်ငံခြား‌ငွေဈေးတွေ မြင့်လာတာနဲ့အတူ စားအုန်းဆီ ရည်ညွှန်းဈေးလည်း အခုသီတင်းပတ်မှာ ၅ ရာခိုင်နှုန်းကျော် ထပ်မံမြင့်တက်လာပါတယ်။

စစ်ကောင်စီက သတ်မှတ်ပေးတဲ့ စားအုန်းဆီ အခြေခံလက်ကားဈေးဟာ နိုင်ငံခြားငွေဈေးတွေနဲ့အတူ အပတ်စဉ် နှုန်းထားမြင့်တက်နေခဲ့တာဖြစ်ပြီး ဒီနေ့ ဩဂုတ် ၅ ရက်ကနေ ၁၁ ရက်အထိ တပိဿာကို ၅,၇၈၀ ကျပ် စစ်ကောင်စီက သတ်မှတ်ထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က သတ်မှတ်ဈေး တပိဿာကို ၅,၄၈၅ ကျပ်ထက် ကျပ် ၃၀၀ ဝန်းကျင် အခုတပတ်မှာ ထပ်မံမြင့်တက်လာတာ ဖြစ်ပါတယ်။

ပြင်ပဈေးကွက်မှာတော့ အဲဒီသတ်မှတ်ဈေးရဲ့ နှစ်ဆဝန်းကျင် မြင့်တက်နေပြီး ဆီဝယ်ယူခွင့်ကတ်နဲ့ တန်းစီဝယ်ယူရတာ၊ လိုသလောက်ဝယ်ယူခွင့် မရတာ စတဲ့ အခြေအနေတွေ ကြုံတွေ့နေရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ပြင်ပဈေးကွက်မှာ စားအုန်းဆီ တပိဿာကို ကျပ် ၁၂,၀၀၀ ကနေ ၁၅,၀၀၀ အထိ မြင့်တက်နေပြီ ဆီခွဲတမ်းရတဲ့ ဆိုင်တွေမှာ ဝယ်ခွင့်ကတ်နဲ့ တန်းစီဝယ်ယူရတဲ့ဈေးက ကျပ် ၆,၀၀၀ ဝန်းကျင် ရှိတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ခံတဦးက “ဆီဝယ်ခွင့်ကတ်က တလနှစ်ကြိမ် ထုတ်ပေးမယ်ပြောတယ်။ တကြိမ်ကို ၅၀ သားပဲ ဝယ်လို့ရတယ်။ ကတ်နဲ့ဝယ်တဲ့ဈေးက ၅၀ သားကို ၂,၉၀၀ ပေးရတယ်။ အပြင်မှာ ပြန်ဝယ်ရင်တော့ ၁၂,၀၀၀ ကနေ ၁၅,၀၀၀ ထိ ဈေးပေါက်တယ်။ ဒါပေမဲ့ အပြင်မှာက ဝယ်ချင်တိုင်း ဝယ်လို့မရဘူး။ ဆိုင်တွေကလည်း စားအုန်းဆီမေးရင် မရှိဘူးပဲပြောတယ်။ လိုတဲ့သူ‌တွေကတော့ ဆီတိုးသမားတွေဆီကပဲ ဈေးနှစ်ဆ‌လောက်ပေးပြီး ပြန်ဝယ်ကြတာ” လို့ ပြောပါတယ်။

ပြည်တွင်းစားသုံးဆီသုံးစွဲမှုက တနှစ်ကို တန်ချိန် ၁၂ သိန်းခန့်ထိ ရှိပါတယ်။ ဒါကြောင့် ပြည်တွင်းလိုအပ်ချက်အရ ပြည်ပကနေ နှစ်စဉ် စားအုန်းဆီ အပါအဝင် ပဲပုပ်ဆီ၊ နေကြာဆီ၊ ပဲဆီ အစရှိတဲ့ဆီတွေကို တင်သွင်းလျက်ရှိရာမှာ စားအုန်းဆီက ပမာဏအများဆုံး ဖြစ်ပါတယ်။

ပြည်ပကနေ စားအုန်းဆီ တင်သွင်းမှုက နှစ်စဉ် ပျမ်းမျှ တန်ချိန် ၈ သိန်းကနေ ၁၀ သိန်းအထိ ရှိတယ်လို့ သိရပါတယ်။

ဒေါ်လာရှားပါးနေတဲ့ စစ်ကောင်စီကတော့ နိုင်ငံခြားငွေလိုအပ်ချက် လျော့နည်းအောင် ပြည်ပကနေ စားအုန်းဆီတင်သွင်းမှုကို လျှော့ချနိုင်ရေး စီမံနေပြီး ပြည်တွင်း စားအုန်းဆီဈေး ထိုးတက်နေတာကိုတော့ လုပ်ငန်းရှင်တွေရဲ့ ဝိသမလောဘကြောင့်လို့ စွပ်စွဲ ပြောဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက ဆီတင်သွင်းတဲ့ကုမ္ပဏီ ၈ ခုကို မသမာမှု ကျူးလွန်တယ် ဆိုပြီး အမည်ပျက်စာရင်းသွင်း အရေးယူခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013