Home
မြန်မာသတင်း
မြန်မာပြည် သမဝါယမစနစ်ပြန်သွားပါက  တိုင်းပြည်စီးပွားရေး ပိုဆိုးနိုင်
DVB
·
August 2, 2024

စစ်ခေါင်းဆောင်ပြောဆိုထားတဲ့အတိုင်း သမဝါယမစနစ်ကို ပြန်လည်ကျင့်သုံးမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေက အခုထက် ပိုဆိုးလာဖို့ရှိပြီး ငွေကြေးဖောင်းပွမှုတွေက ထိန်းချုပ်လို့မရနိုင်တဲ့အထိ Hyperinflation ဖြစ်သွားနိုင်တယ်လို့  စီးပွားရေး ပညာရှင်တွေက သုံးသပ်ကြပါတယ်။

ဈေးကွက်စီးပွားရေးစနစ်မှာ အစိုးရအနေနဲ့ ပါဝင်ပြီး မဆောင်ရွက်နိုင်တဲ့ လုပ်ငန်းတွေ ရှိနေတဲ့အတွက် သမဝါယမစနစ်က အဆင်ပြေဆုံး စနစ်တခု ဖြစ်ကြောင်းနဲ့ သမဝါယမ အသင်းအဖွဲ့တွေ ဖွဲ့စည်းရာမှာ လိုအပ်တဲ့ နည်းပညာအ‌ကူအညီတွေ ထောက်ပံ့ပေးသွားမယ်လို့ စစ်ခေါင်းဆောင်က ဇူလိုင် ၂၉ ရက်မှာ ပြောကြားခဲ့တာပါ။

အမှန်တကယ်သာ သမဝါယမစနစ်ကို ပြန်လည်ကျင့်သုံးမယ်ဆိုရင် တိုင်းပြည်စီးပွားရေးက အခုအခြေအနေထက် ပိုဆိုးလာဖို့နဲ့ လက်ရှိ ငွေကြေး အလျင်အမြန်ဖောင်းပွမှု (High Inflation) ကနေ ဈေးနှုန်းတွေက အထိန်းအကွပ်မရှိ အဆမတန် တိုးလာပြီး ငွေကြေးဖောင်းပွမှုက တလကို ၅၀ ရာခိုင်နှုန်းထိ တက်လာတဲ့ Hyperinflation ကို ရောက်သွားနိုင်တယ်လို့ ဘောဂဗေဒပညာရှင် ဒေါက်တာမင်းမင်းသော်က သုံးသပ်ပါတယ်။

“တခြားတိုင်းပြည်ပဲ ကြည့်ကြည့်၊ ကိုယ့်တိုင်းပြည်ပဲ ကြည့်ကြည့်၊ သမိုင်းတွေပြန်ကြည့်ခဲ့ရင် သမဝါယမလို့ခေါ်တဲ့ ဗဟိုအစိုးရကနေ ထိန်းချုပ်လုပ်ထားတဲ့ ဖြန့်ဖြူးရေးရော ထုတ်လုပ်ရေးရောကို သူတို့က ထိန်းချုပ်မယ် ဆိုခဲ့လို့ရှိရင် မြန်မာပြည်ရဲ့ စီးပွားရေးက ဒီထက်ပိုပြီး ဆိုးဝါးဖို့ပဲ အလားအလာရှိပါတယ်။ အခုက Hyperinflation မရှိသေးဘူး၊ High Inflation ပဲ ရှိနေသေးတာ။ ဒီ ၂၀၂၁ ခုနှစ်ကစလို့ very high inflation ပဲ။ ဒါပေမဲ့လို့ ဒီသမဝါယမစနစ်ကို တကယ်သာ သူတို့ပြောတာကို စလုပ်မယ်ဆိုရင် Hyperinflation ဖြစ်ဖို့ အခွင့်အလမ်းက အရမ်းကို များသွားပြီ။”

လက်ရှိ တည်ဆဲဉပဒေတွေမှာ ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

သမဝါယမစနစ် တဖြစ်လဲ ဗဟိုထိန်းချုပ်မှု စီးပွားရေးစနစ်ကို ကျင့်သုံးခဲ့တဲ့ ကမ္ဘာ့နိုင်ငံကြီးတွေမှာလည်း အောင်မြင်မှု မရခဲ့သလို နိုင်ငံစီးပွားရေးတွေ ကျဆင်းပြီး ကုန်ထုတ်လုပ်စွမ်းအားတွေ ကျဆင်းတာ၊ လူနေမှုအဆင့်အတန်းတွေ ကျဆင်းတာ စတာတွေလည်း ကြုံခဲ့ရတာဖြစ်ပါတယ်။

ဒါ့အပြင် သမဝါယမစနစ်ကြောင့် စွမ်းဆောင်ရည်မပြည့်ဝတဲ့ ထုတ်လုပ်မှုတွေ ဖြစ်ပေါ်စေပြီး အဂတိလိုက်စားမှုတွေလည်း ပိုများလာစေတယ်လို့ ဒေါက်တာမင်းမင်းသော်က ထပ်ပြောပါတယ်။

သမဝါယမစနစ်ကို ပါလီမန်ဒီမိုကရေစီခေတ် ၁၉၅၉ ပြည့်လွန်နှစ်တွေမှာ ကျင့်သုံးတာရှိပေမဲ့ ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ အာဏာရှင်ဟောင်း ဉီးနေဝင်း လက်ထက် မဆလခေတ်မှာ သမဝါယစနစ်ကို ကဏ္ဍအသီးသီးမှာ တွင်တွင်ကျယ်ကျယ် ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။

ထောက်ပံ့ရေးနဲ့ သမဝါယမဝန်ကြီးဌာန လက်ထက်မှာ မြို့နယ်သမဝါယမအသင်းတွေကနေ ရပ်ကွက်ချင်းစီအလိုက် ခွဲတမ်းနဲ့ချပေးတဲ့ သမဝါယမစနစ်ဟာ မအောင်မြင်ခဲ့သလို ပြည်သူတွေအတွက်လည်း အကျိုးမရှိတဲ့ စနစ်တခု ဖြစ်တယ်လို့ သမဝါယမစနစ်မှာ ဖြတ်သန်းခဲ့တဲ့ ပြည်သူတယောက်က ပြောပါတယ်။

“သမဝါယမတွေ ပေါ်လာတော့ ပထမဆုံး မြို့နယ်သမဝါယမပေါ့၊ မြို့နယ်သမဝါယမကို ရောက်လာတဲ့ ဆန် ဆီတို့ကို ရုံးမှာ လူကြီးတွေရှိတယ်၊ သူတို့က ခွဲတမ်းချတယ်ပေါ့။ ရပ်ကွက်တွေထဲ ရောက်လာရင် အိမ်ထောင်စုတိုင်းမှာ သမဝါယမစာအုပ်ဆိုတာ လုပ်ထားရတယ်။ သမဝါယမစာအုပ်နဲ့ သမဝါယမရုံး သွားပြီးတော့ ဆန်ပေးတယ်ဆို တန်းစီ၊ တန်းစီရင် စာရေးတွေ စာရေးမတွေက ဟောက်၊ အဲဒါကို သည်းခံပြီး စောင့်ယူ၊ ကုန်သွားရင်လည်း မရဘူး။ ကျေးရွာတွေ အကုန် ခွဲတမ်းချပြီးပြီဆို အပိုတွေကို သူတို့ဂိုထောင်တွေမှာ အမြဲထည့်ထား၊ ပြီးရင် ကုန်သည်တွေနဲ့ ပေါင်းပြီးထုတ်၊ သူတို့ ကြီးပွားချမ်းသာ၊ အဲလိုမျိုး သမဝါယမဆိုတာ။ သမဝါယမစနစ်က ဘယ်လိုလုပ်လို့မှ မအောင်မြင်ဘူး။”

မြန်မာနိုင်ငံမှာ သမဝါယမအသင်းအဖွဲ့ တခုလုံးကို ခေတ်အဆက်ဆက် မအောင်မြင်တဲ့ အဖွဲ့အစည်းတခုအဖြစ်ကနေ အဆင့်ဆင့်ပြောင်းလဲခဲ့ရာမှာတော့ အရပ်သားအစိုးရလက်ထက် ၂၀၁၆ ခုနှစ်မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အဖြစ် ထပ်မံပြောင်းလဲခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအဖြစ် တဖန်ပြန်လည်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအရ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာမှာ သမဝါယမစနစ်ဟာ အသင့်လျော်ဆုံးဖြစ်တာကြောင့် သမဝါယမအသင်းတွေ ဖွဲ့စည်းဆောင်ရွက်ကြဖို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ဇူလိုင် ၂၉ ရက်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013