Home
မြန်မာသတင်း
မြိတ်နှင့် တနင်္သာရီတို့တွင် စားသုံးဆီ ပြတ်လပ်နေပြီး စျေးနှုန်းမြင့်တက်
DVB
·
August 5, 2024

တနင်္သာရီတိုင်း၊ မြိတ်မြို့က လက်လီလက်ကား ဖြန့်ဖြူးရောင်းချပေးနေတဲ့ စားသောက်ကုန် ဆိုင်ကြီးတွေမှာ စားသုံးဆီတွေ ဝယ်ယူလို့မရတဲ့အထိ ပြတ်လုနီးပါးဖြစ်နေပြီး စားသုံးဆီ စျေးနှုန်းတွေလည်း မြင့်တက်လာတယ်လို့ ကုန်စုံဆိုင်တွေနဲ့ မြို့ခံပြည်သူတွေဆီက သိရပါတယ်။

လက်ရှိ မြိတ်မြို့မှာ ထိုင်းနိုင်ငံကတင်သွင်းတဲ့ တလီတာဘူးအရွယ် ပဲလုံးဆီ၊ နှမ်းဆီ အစရှိတဲ့ ဆီသန့်‌ဘူးတွေမှာ ၁၂ ဘူးပါတဲ့ တပါကင်စျေးနှုန်းဟာ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ကျပ် ၇၅,၀၀၀ ဝန်းကျင်ရှိရာကနေ အခု သြဂုတ်လအတွင်းမှာတော့ ကျပ် ၉၀,၀၀၀ ကျော်အထိ တက်လာတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ၁၀ ပိဿာကျော်ဝင်ဆံ့တဲ့ ဆီပေပါပုံးကြီးတွေကို မြိတ်မြို့ရှိ လက်လီလက်ကား ရောင်းနေတဲ့ စားသောက်ကုန်ဆိုင်ကြီးတွေမှာတောင် ဝယ်ယူလို့မရတော့တဲ့အထိ ပြတ်လပ်သွားတာဖြစ်တယ်လို့ ကုန်စုံဆိုင်ပိုင်ရှင်တွေထံက သိရပါတယ်။

ကုန်စုံဆိုင်ပိုင်ရှင်တဦးက “ပဲလုံးဆီတွေက ရှိသေးတယ် ဆိုပေမဲ့ ဈေးနှုန်းတက်သွားတယ်။ ဈေးတက်တာ သုံးလေးရက်လောက်ဖြစ်ပြီ။ ဆီပေပါပုံးတွေက ဝယ်မရဘူး။ မြိတ်က စားသုံးဆီဖြန့်ဖြူးတဲ့ ကုမ္ပဏီကြီးမှာတောင် ဆီပုံးတွေ လာမပို့ဘူးတဲ့၊ သွားဝယ်တာ မရဘူး။ အခုဆို စားသုံးဆီပေပါပုံးက ဝယ်လို့တောင်မရဘူး။ သူတို့ပြောတော့ ပစ္စည်းမရောင်းဘူးပြောတယ်။ ပြတ်လပ်နေတာ သုံးလေးရက်လောက်ရှိနေပါပြီ” လို့ ပြောပါတယ်။

အခုလို စားသုံးဆီတွေနဲ့ ဆီပုံးဝါတွေ ပြတ်လပ်မှု ကြုံရတာက စစ်ကောင်စီကနေ ကော့သောင်း၊ မောတောင် နယ်စပ်တွေမှာ ပစ္စည်းတင်သွင်းခွင့် တင်းကျပ်လာသလို မြို့တွင်းမှာလည်း ဖမ်းဆီးမှုတွေ လုပ်ဆောင်လာတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ မြိတ်မြို့ ကုန်စုံဆိုင်လုပ်ငန်းတွေဆီက သိရပါတယ်။

မြိတ်မြို့က ဆီစျေးကွက်မှာ ဝယ်ယူသုံးစွဲနေတဲ့ စားသုံးဆီအများစုဟာ ထိုင်းနဲ့ မလေးရှား စတဲ့နိုင်ငံတွေကနေ အဓိကတင်သွင်းရောင်းချသလို ပြည်တွင်းကထုတ်တဲ့ စားသုံးဆီတွေကိုလည်း အသုံးပြုနေတယ်လို့ သူက ဆက်ပြောပါတယ်။

အလားတူ တနင်္သာရီမြို့နယ်မှာလည်း စားသုံးဆီဝယ်ယူရာမှာ ပြတ်လပ်မှု ကြုံနေရတယ်လို့ ဆိုနေပြီး  တလီတာဘူးအရွယ် ပဲလုံးဆီတဘူးမှာ ဇူလိုင်လက ကျပ် ၄,၅၀၀ လောက်ရှိကာ သြဂုတ်လမှာတော့ ကျပ် ၉,၅၀၀ ဝန်းကျင်ပေးပြီး ဝယ်ယူနေကြရတယ်လို့ တနင်္သာရီမြို့ခံတဦးက ပြောပါတယ်။

“စားဆီတွေ ဝယ်ဖို့တောင်မရှိဘဲ ပြတ်လပ်မှုတွေရှိနေတယ်။ စားအုန်းဆီ အရင်က တဘူးကို ၄,၅၀၀ ပဲ။ အခု ၉,၅၀၀၊ ၁၀,၀၀၀ ဝန်းကျင်နဲ့တောင် ဝယ်ယူဖို့မရှိ ဖြစ်နေကြတယ်။ တကူဘက်မှာဆို ၂ ရက်နေ့လောက်ကစပြီး စားဆီ ဝယ်ရခက်ခဲသွားတာပါ။ လုံးဝ ဝယ်လို့ မရှိတာ‌တော့ မဟုတ်သေးဘူး‌။ ဆိုင်ကြီးတွေမှာဆို တဘူးစီ ရောင်းပေးနေတယ်။ အများကြီး ယူ‌လို့မရဘူး။ စား‌ဆီပြတ်တော့ ဈေးတွေလည်း အရမ်းတက်လာတယ်။”

ပြီးခဲ့တဲ့ ဇူလိုင်လ နောက်ဆုံးအပတ်‌လောက်ကစပြီး တနင်္သာရီမြို့နယ်အတွင်းမှာ စံချိန်တင် မြစ်‌ရေကြီးလာလို့ ရေဘေးဒဏ်သင့်ခဲ့ရတဲ့ ဒေသခံပြည်သူတွေမှာ ‌ရိက္ခာပြတ်လပ်မှု ကြုံတွေ့ခဲ့ရသလို နေအိမ်တွေ ရေတိုက်စားခံရပြီး ပျက်စီးသွားတဲ့အထိ ဆုံးရှုံးထားရသူတွေလည်း အများအပြားရှိနေပါတယ်။

အခုဆို တနင်္သာရီမြို့နယ်အတွင်းမှာ စားသုံးဆီတွေကို လိုသလောက် ဝယ်ယူလို့မရတော့ဘဲ လူတယောက်ကို ဆီတဘူးနှုန်းသာ ဝယ်နေရပြီး ဈေးနှုန်းကလည်း သောင်းဂဏန်းအထိ မြင့်တက်လာတဲ့အတွက် တချို့ပြည်သူတွေမှာ အခက်အခဲရှိလာတယ်လို့လည်း ဒေသခံပြည်သူတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013